ထိုင်းလွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်ဟောင်းချွန်လိပိုင်အား အောက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့သောကြောင့် တပ်မတော်အစိုးရလိုလားသောပါတီအနေဖြင့် ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်မည့်အနေအထားရှိမှု
ထိုင်းနိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ မေလ(၂၅)ရက်တွင် ကျင်းပခဲ့သည့် အောက်လွှတ်တော်အစည်းအဝေးတွင် ဒီမိုကရက်ပါတီမှလွှတ်တော်အမတ်ဝန်ကြီးချုပ်ဟောင်း ချွန်လိပိုင်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း၊ အောက်လွှတ်တော်အစည်းအဝေးကိုနံနက်(၁၀:၃၀)အချိန်မှစတင်ခဲ့သော်လည်း တပ်မတော်အစိုးရလိုလားသော PPRP ပါတီနှင့် သက်ဆင်လိုလားသော ပွေထိုင်းပါတီတို့အကြား အားပြိုင်မှုများကြောင့် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသည့် အစီအစဉ်မှာဝေဖန်မှုများ၊ အပြန်အလှန်ကန့်ကွက်မှုများဖြင့် နှောင့်နှေးခဲ့ကြောင်း၊ PPRP ပါတီသည်မူလက ၎င်းတို့ပါတီမှ အမတ်(၁)ဦးကိုအောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အမည်စာရင်းတင်သွင်းရန် စီစဉ်ခဲ့သော်လည်း လွှတ်တော်အတွင်းဆွေးနွေးတိုင်ပင်မှုများပြုလုပ် ခဲ့ပြီးနောက် ကြားနေနိုင်ငံရေးပါတီကြီးများ၏ထောက်ခံမှုကိုရရှိစေရန်အတွက် ဒီမိုကရက်ပါတီမှလွှတ်တော်အမတ် ဝန်ကြီးချုပ်ဟောင်း ချွန်လိပိုင်၏ အမည်စာရင်းကိုနေ့လည် ၁၃:၀၀ အချိန်ခန့်တွင်မှ အဆိုပြုတင်သွင်းခဲ့ကြောင်း၊ အောက်လွှတ်တော် ဥက္ကဋ္ဌနေရာအတွက် ပွေထိုင်းပါတီမှ လွှတ်တော်အမတ်အမွန်ဝီဝပ် နှင့် ဒီမိုကရက်ပါတီမှ လွှတ်တော်အမတ် ချွန်လိပိုင်တို့ကိုယှဉ်ပြိုင်ရွေးချယ်စေခဲ့ရာ ချွန်လိပိုင်က ထောက်ခံမဲ(၂၅၈)မဲရရှိပြီး အမွန်ဝီဝပ်က(၂၃၅)မဲသာရရှိခဲ့သည့်အတွက် ချွန်လိပိုင်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ ရကြောင်း၊ အောက်လွှတ်တော်ဥက္ကဋ္ဌသည် ထိုင်းနိုင်ငံ၌ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ကို ပေါင်းစည်းထားသောပါလီမန်၏ဥက္ကဋ္ဌတာဝန်ကိုပါ ထမ်းဆောင်ရမည် ဖြစ်ကြောင်းသိရှိရပါသည်။
အသက်(၈၀)အရွယ်ရှိ ချွန်လိပိုင်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၉၂ ခုနှစ် မှ ၁၉၉၅ ခုနှစ် အထိတစ်ကြိမ်၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိတစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း၏နိုင်ငံရေးသမားဘဝတွင် တရားရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ဝန်ကြီးဌာနပေါင်းများစွာတို့၌ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရက်ပါတီ၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်လျက် ရှိရာတပ်မတော်အစိုးရလိုလားသော PPRP ပါတီသည် ချွန်လိပိုင် အား အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အာဏာခွဲဝေပေးခြင်းဖြင့် အစဉ်အလာကြီးမားသောဒီမိုကရက်ပါတီ အပါအဝင်ကြားနေ နိုင်ငံရေးပါတီများ၏ ထောက်ခံမှုကိုရယူကာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားခဲ့ကြောင်းသိရှိရပါသည်။
အောက်လွှတ်တော်တွင်အမတ်နေရာ (၅၀၀)ရှိသည့်အနက် အမတ်နေရာ(၆)နေရာမှာ ရွေးကောက်ပွဲ ကော်မရှင်ကအတည်မပြု သေးသည့်အတွက် မဲပေးခွင့်မရရှိကြောင်း၊ ထို့ကြောင့် မဲပေးပိုင်ခွင့်ရှိသူ(၄၉၄)ဦး ရှိသည့်အနက် ချွန်လိပိုင်သည် (၂၅၈)မဲကိုရရှိခဲ့သော ကြောင့် ချွန်လိပိုင်အားထောက်ခံမဲပေးသူများတွင် သက်ဆင်လိုလားသော ပွေထိုင်းပါတီဦးဆောင်သည့် မဟာမိတ်ပါတီများအဖွဲ့ကလွဲ၍ တပ်မတော်အစိုးရ လိုလားသော PPRPပါတီနှင့် အခြားနိုင်ငံရေးပါတီကိုယ်စားပြုအမတ်များအားလုံးမှာ ချွန်လိပိုင် ကိုမဲပေးခဲ့ကြကြောင်း www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။