အမေရိကန်ပြည်ထောင်စုသည် အဓိက ကုန်သွယ်ဖက် မက္ကဆီကိုနိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ၅% ကောက်ခံခဲ့သည့် ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၀၀) အထက်သို့ မြင့်တက်သွားခဲ့
အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာသူ များပြားလာသည့် ပြဿနာအပေါ် အရေးယူသည့်အနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် မက္ကဆီကိုနိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှစတင်၍ သွင်းကုန်ခွန် ၅% ကောက်ခံမည်ဟု မေလ (၃၀) ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ မက္ကဆီကိုနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး စက်ပစ္စည်းများ၊ ရေနံနှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းလျက်ရှိကြောင်း၊ အထူးသဖြင့် အမေရိကန်မော်တော်ယာဉ် ကုမ္ပဏီကြီးများအပါအဝင် စက်မှုလုပ်ငန်းအများစုသည် မက္ကဆီကိုနိုင်ငံအတွင်း၌ စက်ရုံများ တည်ဆောက်ထုတ်လုပ်ပြီး မော်တော်ယာဉ်နှင့်ယာဉ်အပိုပစ္စည်းများကို အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်တင်သွင်းလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်းအမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခဲ့သည့် မက္ကဆီကိုသွင်းကုန်များ၏ တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ (၃၇၁.၉) ဘီလီယံခန့်ရှိပြီး မက္ကဆီကိုနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့်ကုန်သွယ်ရာ၌ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ (၇၂.၇) ဘီလီယံအထိရရှိခဲ့ကြောင်း၊ ယခုအခါ အမေရိကန်သမ္မတသည် အမေရိကန်ပြည်ထောင်စုအတွက် အရေးပါသည့် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သော မက္ကဆီကိုနိုင်ငံအပေါ်၌ပါ ကုန်သွယ်ရေးဆိုင်ရာအရေးယူမှုများပြုလုပ်ခဲ့သောကြောင့် ကမ္ဘာပေါ်ရှိအခြားမည်သည့်နိုင်ငံမဆို အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုများကို အချိန်မရွေးကြုံတွေ့လာနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် အမေရိကန်သမ္မတအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရာ၌ ကုန်သွယ်ရေးပိုငွေပြနေသည့် ဂျာမနီနိုင်ငံနှင့်အခြားသောဥရောပနိုင်ငံများကိုပါ သွင်းကုန်ခွန်ပြဌာန်းရန် စီစဉ်နေခြင်းနှင့် တရုတ်အစိုးရကလည်း အမေရိကန်ကုန်ပစ္စည်းများအပေါ် ယခုဇွန်လ (၁) ရက်နေ့မှစတင်၍ သွင်းကုန်ခွန်များ စတင်တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း အစရှိသည့်အချက်များကြောင့် ကမ္ဘာ့ စီးပွားရေးထိခိုက်မည့်အပေါ် စိုးရိမ်ပူပန်နေကြခြင်းသည်လည်း ရွှေဝယ်လိုအားကိုတိုးကာ ရွှေဈေးနှုန်းကို ပိုမိုအားကောင်းစေခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်(စနေနေ့) တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၄% မြင့်တက်ကာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၁၁.၁၀) သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ မေလအတွင်း၌ ၂% မြင့်တက်ခဲ့ကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။