ဂျပန်နိုင်ငံမှ Nissin Electric Co. သည် မြန်မာနိုင်ငံ၌စက်ရုံတည်ဆောက်၍ အကြီးစားလျှပ်စစ် ပစ္စည်းများထုတ်လုပ်ရန် စီစဉ်နေ
ဂျပန်နိုင်ငံမှ Nissin Electric Co.သည် မြန်မာနိုင်ငံ၊ သီလဝါစက်မှုဇုန်အတွင်း စက်ရုံတည်ဆောက်၍ အကြီးစားလျှပ်စစ်ပစ္စည်များကိုထုတ်လုပ်ရန်စီစဉ်နေကြောင်း၊ Nissin ကုမ္ပဏီက ယခုရက်ပိုင်းအတွင်းထုတ်ပြန်သည့် ကြေညာချက်၌ Nissin သည် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သောHosoda Holding Co. နှင့်ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း သီလဝါစက်မှုဇုန်၌ စက်ရုံစတင်တည်ဆောက်သွားမည်ဖြစ်ပြီးကုန်ပစ္စည်းထုတ်လုပ်မှုကို ၂၀၂၀ ခုနှစ်၊ မတ်လတွင် စတင်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း၊ Nissin သည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၌လည်း စက်ရုံများတည်ဆောက်၍ ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိရာ အဆိုပါနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင်လုပ်အားခပိုမိုသက်သာသောကြောင့် အချို့သောပစ္စည်းများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းထုတ်လုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ Nissin သည် မြန်မာနိုင်ငံ၌ Nissin Electric Myanmar Co. အမည်ဖြင့် ကုမ္ပဏီတည်ထောင်ပြီး လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများနှင့် အပိုပစ္စည်းများကိုထုတ်လုပ်သွားမည်ဖြစ်ပြီးမြန်မာဈေးကွက်အတွင်းဖြန့်ချိရေးကိုမူHosoda Holding Co. က တာဝန်ယူဆောင်ရွက်လိမ့်မည်ဟုဖော်ပြထားကြောင်း သိရှိရပါသည်။
Nissin သည် သီလဝါတွင် စက်ရုံတည်ဆောက်ရာ၌ ရင်းနှီးမြှုပ်နှံငွေအဖြစ် အမေရိကန်ဒေါ်လာ (၁.၅) သန်းထည့်ဝင်မည်ဖြစ်ပြီးကုန်ပစ္စည်းထုတ်လုပ်ပြီးနောက် (၅) နှစ်တာကာလအတွင်း ပစ္စည်းရောင်းချရမှုများမှ ဝင်ငွေအမေရိကန်ဒေါ်လာ (၅.၅) သန်းခန့်အထိ ရရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။
Nissin သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းကမ္ဘာတစ်ဝန်းလုံးတွင် လျှပ်စစ်ကုန်ပစ္စည်းများရောင်းချရာမှ အမေရိကန်ဒေါ်လာ (၆၇) သန်းခန့် ရရှိခဲ့ကြောင်း၊ Nissin သည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ Nissin စက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၏ ၄၀% မှ ၆၀% အထိကို ၎င်းနိုင်ငံများ၏ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနိုင်ခဲ့ကြောင်း www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။