ဒီဂျစ်တယ်ငွေကြေးများရောင်းဝယ်ခြင်းအပေါ် ထောင်ဒဏ်(၁၀)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေကြမ်းကို အိန္ဒိယလွှတ်တော်အမတ်များက အဆိုပြုထား
အိန္ဒိယနိုင်ငံ၌ ဒီဂျစ်တယ်ငွေကြေးရောင်းဝယ်ခြင်းများအပေါ် ထောင်ဒဏ်(၁၀) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ရန်အတွက် အိန္ဒိယလွှတ်တော်အမတ်အချို့က အဆိုပြုထားသည်ဟု သိရှိရပါသည်။
အိန္ဒိယနိုင်ငံရှိ The Economic Times အပါအဝင် သတင်းဌာနများ၏ ဖော်ပြချက်အရ လွှတ်တော်အမတ်များ အဆိုပြုထားသည့် ဥပဒေ၏အမည်မှာ ‘၂၀၁၉ ခုနှစ်၊ ဒီဂျစ်တယ်ငွေကြေးများတားမြစ်ခြင်းနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာဥပဒေ’ ဖြစ်ပြီး ယင်းဥပဒေမူကြမ်းတွင် ဒီဂျစ်တယ်ငွေကြေးများအား ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ နေရာချထားခြင်းနှင့် ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်သည့် ဆက်နွယ်မှုတစ်ခုခုကိုပြုလုပ်ခြင်း အစရှိသည့်ပြစ်မှုတစ်မျိုးမျိုးကို ကျူးလွန်ပါက ထောင်ဒဏ် (၁၀) နှစ်အထိ အပြစ်ပေးနိုင်သည့် ပြဌာန်းချက်ပါဝင်သည်ဟု သိရှိရပါသည်။
ဒီဂျစ်တယ်ငွေကြေးများကိုအသုံးပြုခြင်းသည် ငွေကြေးခဝါချမှုကိစ္စများ၊ အခွန်တိမ်းရှောင်သည့် ကိစ္စများကို ဖြစ်ပေါ်စေနိုင်သောကြောင့် အိန္ဒိယနိုင်ငံ၌ တားမြစ်ပိတ်ပင်ခြင်းဖြစ်ပြီး ဒီဂျစ်တယ်ငွေကြေး နှင့်ပတ်သက်၍ အရေးယူနိုင်မည့် ဥပဒေမူကြမ်းရေးဆွဲခြင်း လုပ်ငန်းတွင် အိန္ဒိယနိုင်ငံဘဏ္ဍာရေးဝန်ကြီး ဌာန၏စီးပွားရေးရာဌာနအတွင်းဝန် ဆူဟတ်ချန်ဒရာဂတ်လည်း ပါဝင်ခဲ့သည်ဟု သိရှိရကြောင်း www. economictimes.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။