ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သည် နိုင်ငံတကာချစ်ကြည်ရေးခရီးစဉ်အပြီးတွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍မြန်မာအစိုးရနှင့်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများအပေါ် ပြစ်တင်ဝေဖန်ခဲ့

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချူပ်သည် နိုင်ငံတကာချစ်ကြည်ရေးခရီးစဉ်အပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းများအပေါ် ပြစ်တင်ဝေဖန်ခဲ့

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ဂျပန်နိုင်ငံ၊ OIC ထိပ်သီးပွဲကျင်းပရာ ဆော်ဒီအာရေဗျနိုင်ငံနှင့် ဖင်လန်နိုင်ငံများသို့သွားရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ဒါကာမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရှိတ်ဟာဆီနာက ဘင်္ဂါလီပြဿနာကို အထူးပြုပြောကြားခဲ့ပြီး ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ်နှောင့်နှေးနေသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများအပေါ်  ပြစ်တင်ဝေဖန်ခဲ့ကြောင်းသိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြားရာ၌ မြန်မာအစိုးရသည် ဒုက္ခသည်များအားပြန်လည် လက်ခံရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် သဘောတူစာချုပ်လက်မှတ် ရေးထိုးပြီးဖြစ်သော်လည်း အမှန်တကယ်၌မူ ဒုက္ခသည်များအား လက်ခံလိုစိတ်မရှိကြောင်း၊ အလားတူဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂါလီဒုက္ခသည်များအတွက် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အချို့သောနိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှာလည်း ဒုက္ခသည်ပြဿနာပြေလည်သွားမည်ကို စိုးရိမ်သောကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ် နှောင့်နှေးအောင်လုပ်ဆောင်နေကြသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ရပ်တည်နေခြင်းအပေါ် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ၏ သဘောထားအားသတင်းထောက်များက မေးမြန်းခဲ့ရာ ရှိတ်ဟာဆီနာက ပြန်လည်ဖြေကြားရာ၌ အဆိုပါ (၃) နိုင်ငံသည် ဘင်္ဂါလီဒုက္ခသည်များမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်းကို အသိအမှတ်ပြုထားပြီး ဒုက္ခသည်များ နေရပ်ဒေသရခိုင်ပြည်နယ်အတွင်းသို့ ပြန်သင့်ကြောင်းကိုလည်း သဘောတူလက်ခံထားကြောင်း၊ သို့သော်အဆိုပါ (၃) နိုင်ငံသည် ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ ထိပ်တိုက်ကြုံတွေ့သည့်အချိန်များတွင် မြန်မာနိုင်ငံဘက်မှသာ ပြိုင်တူရပ်တည်ကာကွယ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရအားသိမ်းသွင်းစည်းရုံးနိုင်မည့် နိုင်ငံကိုရှာဖွေလျက်ရှိကြောင်း၊ မိမိသည် လာမည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ တရုတ်နိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ထိပ်သီးအစည်းအဝေးပွဲသို့ တရုတ်သမ္မတ၏ ဖိတ်ကြားမှုဖြင့် တက်ရောက်မည်ဖြစ်ရာ တရုတ်သမ္မတနှင့် တွေ့ဆုံသည့်အချိန်၌ ဘင်္ဂါလီပြဿနာကို အကျယ်တဝင့် ရှင်းလင်းပြောကြား၍ တရုတ်အစိုးရထံမှ ထောက်ခံမှုကိုပြတ်ပြတ်သားသားရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အလားတူအိန္ဒိယဝန်ကြီးချုပ်မိုဒီထံမှ ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြားချက်ရရှိမည်ဆိုပါက အိန္ဒိယနိုင်ငံသို့သွားရောက်၍ ဘင်္ဂါလီပြဿနာကို ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်း www.dhakatribune.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အိုပက်အဖွဲ့အနေဖြင့် ရေနံထုတ်လုပ်မှုအား ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိဆက်လက်လျှော့ချ ထားဖွယ်ရှိကြောင်းဆော်ဒီအာရေဗျရေနံဝန်ကြီးကပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာခဲ့

အိုပက်အဖွဲ့အနေဖြင့် ရေနံထုတ်လုပ်မှုအား ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်လျှော့ချထားဖွယ်ရှိကြောင်း ဆော်ဒီအာရေဗျရေနံဝန်ကြီးက ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာခဲ့

အိုပက်အဖွဲ့ နှင့် အခြားရေနံထုတ်လုပ်သောနိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ဇွန်လကုန်အထိ (၆) လသက်တမ်းဖြင့် တစ်နေ့လျှင် ရေနံစည်ပေါင်း (၁.၂) သန်း လျှော့ချထုတ်လုပ်ရန် သဘောတူညီမှုရယူထားကြောင်း၊လွန်ခဲ့သည့်ရက်ပိုင်းအတွင်းရုရှားနိုင်ငံ၌ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်၌ ဆော်ဒီအာရေဗျရေနံဝန်ကြီးခါလစ်အယ်လ်ဖာလစ်က အိုပက်အဖွဲ့အနေဖြင့် နေ့စဉ်ရေနံထုတ်လုပ်မှုကို ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက်လျှော့ချထားရန် စဉ်းစားထားကြောင်း ပြောကြားခဲ့သည့်အတွက် ဈေးကွက်အတွင်း ရေနံလိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာပြီး ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်း ရေနံတူးဖော်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Baker Hughes ကုမ္ပဏီက  ၂၀၁၉ ခုနှစ်၊ ဇွန်လ(၇) ရက်(သောကြာနေ့) တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံတစ်ဝန်း ရေနံတူးစင် (၁၁) စင်ခန့် ပိတ်သိမ်းသွားပြီး စုစုပေါင်း ရေနံတူးစင်အရေအတွက်မှာ (၇၈၉) စင်သာကျန်ရှိတော့ခြင်းနှင့် အမေရိကန် – မက္ကဆီကိုကုန်သွယ်ရေးတင်းမာမှုများ လျော့ကျသွားသည့်အတွက် ရေနံဝယ်လိုအား များပြားလာဖွယ်ရှိခြင်းတို့သည်လည်း ကမ္ဘာ့ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဇူလိုင်လအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၆% မြင့်တက်ခဲ့ပြီးတစ်စည်လှျင် အမေရိကန်ဒေါ်လာ (၅၄.၂၉) သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ၀.၇% မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၃.၇၁) သို့ ရောက်ရှိခဲ့ကြောင်း  www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။