အိုပက်အဖွဲ့အနေဖြင့် ရေနံထုတ်လုပ်မှုအား ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်လျှော့ချထားဖွယ်ရှိကြောင်း ဆော်ဒီအာရေဗျရေနံဝန်ကြီးက ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာခဲ့
အိုပက်အဖွဲ့ နှင့် အခြားရေနံထုတ်လုပ်သောနိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ဇွန်လကုန်အထိ (၆) လသက်တမ်းဖြင့် တစ်နေ့လျှင် ရေနံစည်ပေါင်း (၁.၂) သန်း လျှော့ချထုတ်လုပ်ရန် သဘောတူညီမှုရယူထားကြောင်း၊လွန်ခဲ့သည့်ရက်ပိုင်းအတွင်းရုရှားနိုင်ငံ၌ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်၌ ဆော်ဒီအာရေဗျရေနံဝန်ကြီးခါလစ်အယ်လ်ဖာလစ်က အိုပက်အဖွဲ့အနေဖြင့် နေ့စဉ်ရေနံထုတ်လုပ်မှုကို ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက်လျှော့ချထားရန် စဉ်းစားထားကြောင်း ပြောကြားခဲ့သည့်အတွက် ဈေးကွက်အတွင်း ရေနံလိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာပြီး ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ကမ္ဘာတစ်ဝန်း ရေနံတူးဖော်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Baker Hughes ကုမ္ပဏီက ၂၀၁၉ ခုနှစ်၊ ဇွန်လ(၇) ရက်(သောကြာနေ့) တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံတစ်ဝန်း ရေနံတူးစင် (၁၁) စင်ခန့် ပိတ်သိမ်းသွားပြီး စုစုပေါင်း ရေနံတူးစင်အရေအတွက်မှာ (၇၈၉) စင်သာကျန်ရှိတော့ခြင်းနှင့် အမေရိကန် – မက္ကဆီကိုကုန်သွယ်ရေးတင်းမာမှုများ လျော့ကျသွားသည့်အတွက် ရေနံဝယ်လိုအား များပြားလာဖွယ်ရှိခြင်းတို့သည်လည်း ကမ္ဘာ့ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဇူလိုင်လအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၆% မြင့်တက်ခဲ့ပြီးတစ်စည်လှျင် အမေရိကန်ဒေါ်လာ (၅၄.၂၉) သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ၀.၇% မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၃.၇၁) သို့ ရောက်ရှိခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။