မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏အစ်ကိုဖြစ်သူကင်ဂျုံနမ်(ကွယ်လွန်)မှာအမေရိကန် CIA ၏သတင်းပေးဖြစ်သည်ဟု အမေရိကန်သတင်းမီဒီယာများက ထုတ်ဖော်ရေးသားခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏အစ်ကိုဖြစ်သူ ကင်ဂျုံနမ် (ကွယ်လွန်) မှာအမေရိကန် CIA ၏သတင်းပေးဖြစ်သည်ဟု အမေရိကန်သတင်းမီဒီယာများက ထုတ်ဖော်ရေးသားခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အစ်ကိုဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်၌ လုပ်ကြံခံခဲ့ရသည့် မြောက်ကိုရီးယားနိုင်ငံသားကင်ဂျုံနမ်မှာ အမေရိကန်ပြည်ထောင်စုဗဟိုထောက်လှမ်းရေးအေဂျင်စီ (Central Intelligence Agency – CIA) ၏သတင်းပေးဖြစ်သည်ဟု ဩဇာကြီးမားသည့် သတင်းမီဒီယာတစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စု Wall Street Journal သတင်းဌာနက၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၀) ရက် (တနင်္လာနေ့) တွင် ရေးသားဖော်ပြခဲ့ကြောင်း၊ ကင်ဂျုံနမ်သည် CIA၏ သတင်းပေးဖြစ်ကြောင်းနှင့် CIAအတွက် ကင်ဂျုံနမ်က ဆောင်ရွက်ပေးခဲ့သည့် အသေးစိတ်သတင်းအချက်အလက်များကို ၎င်းနှင့် ချိတ်ဆက်အလုပ်လုပ်ကိုင်ဖူးသည့် ပုဂ္ဂိုလ်တစ်ဦးက Wall Street Journal သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Wall Street Journal သတင်းဌာန၏ ရေးသားဖော်ပြချက်အရ  CIA နှင့် ကင်ဂျုံနမ်တို့အကြားတွင်ဆက်နွယ်မှုများစွာရှိခဲ့ကြောင်း၊ ထို့ပြင် ကင်ဂျုံနမ်သည်CIAနှင့် သာမကတရုတ်ထောက်လှမ်းရေးအပါအဝင် အခြားနိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ့များနှင့်လည်းဆက်နွယ်မှုများရှိခဲ့ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ၏ ပြင်ပ၌နေထိုင်ခဲ့သူကင်ဂျုံနမ်သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် CIA မှ စေလွှတ်လိုက်သည့် အဆက်အသွယ်များနှင့် မလေးရှားနိုင်ငံ၌တွေ့ဆုံအပြီး မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာစဉ် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်၌ အဆိပ်ဓာတ်ငွေ့ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရှိရပါသည်။

အလားတူအမေရိကန်ပြည်ထောင်စုအခြေစိုက် Washington Postသတင်းဌာန၏ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့အခြေစိုက်ရုံးခွဲအကြီးအကဲအန်နာဖစ်ဖ်ဖီးလ် ရေးသားထုတ်ဝေသည့် The Great Successor စာအုပ်တွင်လည်းကင်ဂျုံနမ်သည် CIA ၏ သတင်းပေးဖြစ်ပြီးကင်ဂျုံနမ်သည် စင်ကာပူနှင့်မလေးရှားနိုင်ငံတို့တွင် CIAအဆက်အသွယ်များနှင့် မကြာခဏတွေ့ဆုံကာ မြောက်ကိုရီးယားနိုင်ငံအတွင်းရေးနှင့်ပတ်သက်သည့်သတင်းများကို ပေးအပ်လေ့ရှိကြောင်းကို CIA အသိုက်အဝန်းထံမှ သိရှိရသည်ဟု ရေးသားထားကြောင်းwww.theguardian.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာသည် မဟာမိတ်နိုင်ငံရေးပါတီများအား အစိုးရအဖွဲ့ အတွင်းဝန်ကြီးနေရာခွဲဝေပေး၍ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ပြင်ဆင်နေ

ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာသည် မဟာမိတ်နိုင်ငံရေးပါတီများအား အစိုးရအဖွဲ့ အတွင်းဝန်ကြီး နေရာခွဲဝေပေး၍ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ပြင်ဆင်နေ

ထိုင်းဝန်ကြီးချုပ်ပရာယုချန်အိုချာသည် ၎င်းဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လွှတ်တော်အတွင်း၌ ထောက်ခံပေးခဲ့သည့် ဒီမိုကရက်ပါတီနှင့် ဘန်ဂျန်ထိုင်းပါတီအပါအဝင် မဟာမိတ်နိုင်ငံရေးပါတီများအား အစိုးရအဖွဲ့အတွင်းနေရာခွဲဝေပေး၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁) ရက် (အင်္ဂါနေ့) တွင် အစိုးရအိမ်တော်၌ ပြုလုပ်ခဲ့သည့်ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်သည့်အခမ်းအနားသို့ မဟာမိတ်နိုင်ငံရေးပါတီများအားလုံးကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၌ ပို့ဆောင်ရေးဝန်ကြီးဌာနသည် အဝေးပြေးလမ်းမကြီးများ၊ လျှပ်စစ်ရထားများ၊ မြန်နှုန်းမြင့်ရထားများ၊ မြို့ပတ်ရထားများ၊ လေဆိပ်အသစ်များအပါအဝင် နိုင်ငံတစ်ဝန်းရှိသယ်ယူပို့ဆောင်ရေးစီမံကိန်းများနှင့်သက်ဆိုင်သည့် အသုံးစရိတ်များစွာကို ကိုင်တွယ်ရသည့်အတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှရပ်တည်နေကြောင်း၊  ဝန်ကြီးချုပ်သည် ဘန်ဂျန်ထိုင်းပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဩဇာအာဏာကြီးမားသည့် နိုင်ငံရေးသမားနီဝင်ချိုင်ချုပ်၏ညီဖြစ်သူ ဆက်ဆာရန်ချိုင်ချုပ်အား အစိုးရအဖွဲ့အတွင်းအရေးပါသောနေရာတစ်ခုဖြစ်သည့် ပို့ဆောင်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးဒုတိယဝန်ကြီးအဖြစ် ဒီမိုကရက်ပါတီမှ သာဝန်စနန်ကိုလည်း ကောင်းခန့်အပ်ရန်စီစဉ်နေကြောင်း၊ သို့သော် အခြားသောမဟာမိတ်ပါတီများကလည်း အဆိုပါပို့ဆောင်ရေးဝန်ကြီးနေရာနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးနေရာများကို အပြိုင်အဆိုင်တောင်းခံနေသည့်အတွက် ဝန်ကြီးချုပ်အနေဖြင့် အပြီးသတ်ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ်၏စီးပွားရေးရာ အတိုင်ပင်ခံဆွမ်ကစ်က ပြောကြားရာ၌ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ အမည်စာရင်းအား အပြီးသတ်မဆုံးဖြတ်မီ ညွန့်ပေါင်းအစိုးရတွင်ပါဝင်မည့် မဟာမိတ်နိုင်ငံရေးပါတီအားလုံးတို့အား ဖိတ်ခေါ်၍ ဆွေးနွေးမှုများပြုလုပ်လိမ့်မည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်သည် လူငယ်နိုင်ငံရေးသမားများကို အစိုးရအဖွဲ့အတွင်းနေရာပေးပြီး ဝါရင့်နိုင်ငံရေးသမားကြီးများက နောက်ကွယ်မှပံ့ပိုးပေးရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

         ဝန်ကြီးချုပ်၏အမာခံပါတီဖြစ်သည့် ပလန်ပါရာချာရက် (PPRP) ၏ ကြေညာချက်၌လည်းအဓိကကျသောစီးပွားရေးမူဝါဒများကိုချမှတ်ပြီးလက်တွေ့အကောင်အထည်ဖော်ဆောင်ရေးမှာ အလွန်အရေးကြီးသောကြောင့် စီးပွားရေးနှင့်သက်ဆိုင်သည့်ဝန်ကြီးဌာနများတွင် တာဝန် ထမ်းဆောင်ရမည့် မဟာမိတ်နိုင်ငံရေးပါတီဝင်များအကြားပူးပေါင်းဆောင်ရွက်မှုရှိရန်အရေးကြီးသည်ဟုပြောကြားခဲ့ကြောင်း www.bangkokpost.com အင်တာနက် websiteတွင် ဖော်ပြပါရှိပါသည်။