အိန္ဒိယအစိုးရသည် ပြည်တွင်းပဲလိုအပ်ချက်ကြောင့် ပြည်ပမှပဲစင်းငုံကို မူလသတ်မှတ်ထားသည့် တန်ချိန် (၂) သိန်းအစား တန်ချိန် (၄) သိန်းတင်သွင်းရန် ဆုံးဖြတ်ခဲ့
အိန္ဒိယအစိုးရသည် ယခုနှစ်၌ပြည်ပမှပဲစင်းငုံတန်ချိန် (၂) သိန်းတင်သွင်းရန် စီစဉ်ထားသော်လည်း ယခုအခါ ပြည်တွင်းပဲလိုအပ်ချက်ပြဿနာကြောင့် ပဲစင်းငုံတင်သွင်းမှုကို မူလသတ်မှတ်ထားသည့် ပမာဏထက် (၂) ဆတိုးမြှင့်ပြီး စုစုပေါင်းတန်ချိန် (၄) သိန်းတင်သွင်းရန် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁) ရက် (အင်္ဂါနေ့) တွင်ကျင်းပသည့် စားသောက်ကုန်ဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်သောအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအစည်းအဝေးအပြီးတွင် စားသောက်ကုန်ဝန်ကြီးဌာန ဝန်ကြီးရမ်ဗီလတ်စ်ပက်စ်ဝမ်က ပြောကြားရာ၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၉ ခုနှစ်၊ ဇွန်လအကုန်ထိ ကျရောက်ခဲ့သည့် ၂၀၁၈ – ၂၀၁၉ စိုက်ပျိုးရေးရာသီတွင် ရာသီဥတုပြဿနာကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ပဲမျိုးစုံအထွက်နှုန်းမှာ စုစုပေါင်း တန်ချိန် (၂၃၂) သိန်းခန့်သာရှိခဲ့သည့်အတွက် ယမန်နှစ်စိုက်ပျိုးရာသီအတွင်းထွက်ရှိခဲ့သည့် ပဲမျိုးစုံ တန်ချိန် (၂၅၄.၂) သိန်းနှင့်နှိုင်းယှဉ်ပါက တန်ချိန် (၂၂) သိန်းခန့်ကျဆင်းသွားခဲ့ကြောင်း၊ အထူးသဖြင့် ကုလားပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့အထွက်နှုန်းမှာ အများအပြားကျဆင်းခြင်းမရှိသော်လည်း ပဲစင်းငုံ အထွက်နှုန်းမှာမူ ယခင်နှစ်ကတန်ချိန် (၄၂.၉) သိန်းရှိခဲ့ရာမှ ယခုနှစ်၌မူ တန်ချိန် (၃၅) သိန်းခန့်သာ ရှိသောကြောင့် တန်ချိန် (၇.၉) သိန်းခန့်ကျဆင်းသွားခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရသည် ပြည်တွင်း ပဲစင်းငုံလိုအပ်ချက်ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ပြည်ပမှပဲစင်းငုံတန်ချိန် (၄) သိန်းအထိ တင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရသည် ပြည်ပမှပဲစင်းငုံများတင်သွင်းခြင်းကို ပုဂ္ဂလိကကုန်သည်များ မှတဆင့်ပြုလုပ်မည်ဖြစ်ပြီး တင်သွင်းမည့်ပဲစင်းငုံများအတွက် သွင်းကုန်လိုင်စင်ထုတ်ပေးခြင်းအား လာမည့်ရက်အနည်းငယ်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပဲစင်းငုံတင်သွင်းခွင့်ရရှိသူများသည် တန်ချိန် (၄) သိန်းအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံသို့ အရောက်တင်သွင်းရမည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ပဲစင်းငုံလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ပြည်ပမှတင်သွင်းသောတန်ချိန် (၄) သိန်းကိုသာမက ပြည်တွင်းရှိသိုလှောင်ရုံများတွင် အစိုးရက သိုလှောင်ထားသည့် ပဲများအနက်မှ တန်ချိန် (၂) သိန်းကိုပါ စေျးကွက်အတွင်းသို့ ထည့်သွင်းရောင်းချ ပေးသွားမည်ဟုသိရှိရကြောင်း www.outlookindia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။