ဟောင်ကောင်နိုင်ငံတွင်ဖြစ်ပေါ်နေသော ဆန္ဒပြမှုများကြောင့် ဟောင်ကောင်စတော့ရှယ်ယာ တန်ဖိုးများ သာမကအာရှစတော့ရှယ်ယာတန်ဖိုးများပါ လိုက်ပါကျဆင်းခဲ့မှု

ရာဇဝတ်မှုကျူးလွန်သူများနှင့်  သံသယရှိသူဟောင်ကောင်ဒေသခံများအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရမည့် တရားခံလွှဲပြောင်းရေးဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဟောင်ကောင်၌ ပြဌာန်းမည့်အပေါ်ကျေနပ်မှုမရှိသော ဟောင်ကောင်ဒေသခံသိန်းပေါင်းများစွာသည် ဟောင်ကောင်ရှိ အဓိကနေရာများစွာကို ပိတ်ဆို့ဆန္ဒပြခဲ့ပြီးနောက် ၂၀၁၉ခုနှစ်၊ ဇွန်လ(၁၂)ရက်(ဗုဒ္ဓဟူးနေ့)၌ ပါလီမန် အဆောက်အဦအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားခဲ့သည့်အတွက် ဆန္ဒပြသူများနှင့်ဟောင်ကောင်ရဲတပ်ဖွဲ့တို့အကြားအပြန်အလှန်အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

ဟောင်ကောင်သည် ၁၉၉၇ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီအဖြစ်မှ တရုတ်နိုင်ငံ၏အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိ်ခဲ့သောလည်း တရုတ်အစိုးရကဟောင်ကောင်ကျွန်းအား ၁၉၉၇ ခုနှစ် မှစ၍ နှစ်ပေါင်း(၅၀)အထိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်နှင့်သာမကကိုယ်ပိုင်လွတ်လပ်သော တရားစီရင်ရေးစနစ်ကိုပါ ဆက်လက်ကျင့်သုံးခွင့်ပေးထားမည်ဟု သဘောတူညီခဲ့ကြောင်း၊ သို့သော် ယခုအခါ တရုတ်အစိုးရသည် တရားခံလွဲပြောင်းရေးဥပဒေကိုဟောင်ကောင်၌ ပြဌာန်းရန်စီစဉ်နေသည့်အတွက် ဟောင်ကောင်၏တရားရေးစနစ်အပေါ် တရုတ်အစိုးရက စတင်ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်လာသည်ဟူ၍ ဟောင်ကောင်ဒေသခံများက ယူဆသောကြောင့် ဆန္ဒပြပွဲများပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွင်ပါဝင်သည့်လူဦးရေမှာ (၁)သန်းခန့်ရှိသောကြောင့် ဟောင်ကောင်တွင် နေထိုင်သည့်လူဦးရေစုစုပေါင်းပမာဏ၏ ၇ ပုံ ၁ ပုံခန်ရှိကြောင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် ယခင်ကဟောင်ကောင်၏ အုပ်ချုပ်ရေးစနစ်နှင့်တရားစီရင်ရေးစနစ်တို့ လွတ်လပ်မှုရှိသည့်အပေါ် ယုံကြည်စိတ်ချသည့်အတွက် ဟောင်ကောင်၌ ရင်းနှီးမြှုပ်နှံမှုအများအပြားလာရောက်ပြုလုပ်ခဲ့သော်လည်း ယခုအခါ တရုတ်အစိုးရ၏ချုပ်ကိုင်မှုများရှိလာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဟောင်ကောင်အစား စင်ကာပူအပါအဝင် အခြားနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုများပြောင်းရွှေ့ရန် စတင်စဉ်းစားနေပြီဖြစ်ကြောင်းသိရှိရပါသည်။

ဟောင်ကောင်ဖြစ်ပွားနေသောဆန္ဒပြပွဲများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းသွားနိုင်သည့် အခြေအနေများကြောင့် ဟောင်ကောင် စတော့ရှယ်ယာစေျးနှုန်းများမှာ ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း၊ ဟောင်ကောင်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာစေျးနှုန်းများသည် ၂၀၁၉ ခုနှှစ်  ဇွန်လ(၁၂)ရက်(ဗုဒ္ဓဟူးနေ့)၌ ၁.၇ % ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၃)ရက်(ကြာသပတေးနေ့)တွင် ၁.၅% ကျဆင်းခဲ့ကြောင်း၊ အထူးသဖြင့် ဟောင်ကောင်၏ အိမ်၊ ခြံ၊ မြေရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သောကုမ္ပဏီများ၏ ရှယ်ယာစေျးနှုန်းများမှာ ၄.၂% မှ ၅.၄% အထိကျဆင်းခဲ့ကြောင်း၊ ဟောင်ကောင်ရှယ်ယာများ ကျဆင်းခြင်းနှင့်အတူ ဇွန်လ(၁၃)ရက်(ကြာသပတေးနေ့)၌ ဂျပန်စတော့ရှယ်ယာ စေျးနှုန်းများမှာ ၀.၈%၊ ကိုးရီးယားစတော့ရှယ်ယာတန်ဖိုးများမှာ ၀.၂၇%၊ ထိုင်ဝမ်စတော့ရှယ်ယာတန်ဖိုးမှာ ၀.၅၁%၊ ဩစတြေးလျစတော့ရှယ်ယာတန်ဖိုးများမှာ ၀.၀၂% အသီးသီးလိုက်ပါ ကျဆင်းခဲ့ကြောင်း www.cnn.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။