စင်ကာပူဒေါ်လာ(၅၀)တန်နှင့် (၁၀၀)တန် ငွေစက္ကူအတုများ တွေ့ရှိလာရသည့်အတွက် စင်ကာပူ ပြည်သူများအနေဖြင့် အတုအပသတိပြုရန် စင်ကာပူရဲတပ်ဖွဲ့မှ သတိပေးချက် ထုတ်ပြန်ထားမှု
ယခုလပိုင်းအတွင်းစင်ကာပူနိုင်ငံ၌ စင်ကာပူဒေါ်လာ(၅၀)တန်နှင့် (၁၀၀)တန်ငွေစက္ကူအတုများ တွေ့ရှိလာရသည့်အတွက် စင်ကာပူပြည်သူများအနေဖြင့်အတုအပသတိပြုရန်စင်ကာပူရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၁)ရက်(အင်္ဂါနေ့)တွင် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လမှ မေလအတွင်း၌ စင်ကာပူနိုင်ငံရှိကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့်လက်လီအရောင်းဆိုင်များတွင် စင်ကာပူဒေါ်လာ(၅၀)တန်နှင့် (၁၀၀)တန်ငွေစက္ကူအတုများကို အသုံးပြု၍ ငွေပေးချေမှုများ ပြုလုပ်ခဲ့ကြောင်းကို စင်ကာပူရဲတပ်ဖွဲ့ကသိရှိလာရပြီးနောက်တွင် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
စင်ကာပူရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ငွေစက္ကူအတုများမှှာ ကာလာပရင်တာဖြင့် ကူးယူထားခြင်းဖြစ်ပြီး အလင်းရောင်တွင်ထောင်ကြည့်ပါက ရေစာအမှတ်အသားများကို မမြင်တွေ့ရသည့် အပြင်ငွေစက္ကူများ၌ မဖြစ်မနေထည့်သွင်းလေ့ရှိသည့် လုံခြုံရေးကြိုးမျှင်လည်းပါဝင်ခြင်းမရှိကြောင်း၊ ငွေစက္ကူအစစ်များတွင်ပါဝင်သော ဆဋ္ဌဂံပုံရောင်ပြန်အနားသတ်များသည် ငွေစက္ကူကိုစောင်း၍ကြည့်ပါက အရောင်ပြောင်းလဲသွားသည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း ငွေစက္ကူအတုများတွင်မူအဆိုပါ အသွင်အပြင်များပါဝင်ခြင်းမရှိကြောင်း၊ ထို့ပြင် ငွေစက္ကူအတုများကို ကိုင်တွယ်ပွတ်သပ်ကြည့်ပါက အစစ်များတွင်ပါဝင်သည့် ဖောင်းကြွမှုများထိတွေ့ရခြင်းမရှိဟုသိရှိရပါသည်။
စင်ကာပူရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရစင်ကာပူဒေါ်လာ(၁၀၀)တန် ငွေစက္ကူအတုများ၏ နံပါတ်စဉ်မှာ 3AX412083 ပါဝင်သည့်နံပါတ်စဉ်များဖြစ်ပြီးဒေါ်လာ(၅၀)တန်ငွေစက္ကူအတုများ၏ နံပါတ်စဉ်များမှာ 0FF875629 ၊ 3DL273922 ၊ 4DZ985604 ၊ 5HS436415 ၊ 5LV797440 ၊ 5LP297324 ၊ 5CK878136 နှင့် 5JH230011 စသည့်နံပါတ်စဉ်များဖြစ်သည်ဟုသိရှိရပါသည်။
စင်ကာပူရဲတပ်ဖွဲ့သည် မေလကုန်ပိုင်းနှင့် ယခုဇွန်လဆန်းပိုင်းတို့တွင် အဆိုပါ ငွေစက္ကူ အတုများကို ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်လီအရောင်းဆိုင်များတွင် အသုံးပြုခဲ့သည့် အသက်(၂၅)နှစ်မှ (၂၉)နှစ်ကြားရှိအမျိုးသား(၃)ဦးကိုဖမ်းဆီးခဲ့ကြောင်း၊ စင်ကာပူနိုင်ငံ၌ ငွေစက္ကူအတု ကိုင်ဆောင်အသုံးပြုသူများအပေါ်ထောင်ဒဏ်(၁၅)နှစ်အထိပြစ်ဒဏ်ချမှတ်ကြောင်း www.businesstimes.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။