တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများသို့ လက်ကျန်သိုလှောင်ဆန်များအား ဈေးနှုန်းလျှော့ချ၍ ရောင်းချ နေသောကြောင့် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုကိုထိခိုက်လျက်ရှိ

တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများသို့ လက်ကျန်သိုလှောင်ဆန်များအား ဈေးနှုန်းလျှော့ချ၍ ရောင်းချ နေသောကြောင့် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုကို ထိခိုက်လျက်ရှိ

ထိုင်းနိုင်ငံသည် အာဖရိကဆန်ဈေးကွက်ကို ချုပ်ကိုင်ထားခဲ့ပြီး အာဖရိကနိုင်ငံအများစုသည် ထိုင်းဆန်ကိုသာ အစဉ်အဆက်အဓိကထားဝယ်ယူခဲ့ကြကြောင်း၊ သို့သော်ယခုအခါ တရုတ်နိုင်ငံသည် သက်တမ်းရင့် သိုလှောင်ဆန်များအား အာဖရိကနိုင်ငံများသို့ ဈေးနှုန်းလျှော့ချ၍ရောင်းချလာသည် ဖြစ်သောကြောင့် ထိုင်းနိုင်ငံ၏ဆန်ပို့ကုန်ကဏ္ဍတွင် အခက်အခဲများ စတင်ကြုံတွေ့လျက်ရှိကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ဥက္ကဋ္ဌ ချိုကီရက်အိုဖာဝေါင်ဆေးက ယခုရက်ပိုင်းအတွင်း ပြောကြားရာ၌ တရုတ်နိုင်ငံသည် နှစ်စဉ်ဆန်တန်ချိန် (၁၂၀) သန်းခန့် ပုံမှန်ထုတ်လုပ်လျက်ရှိပြီး ၂၀၁၈ ခုနှစ်အတွင်း၌ ပြည်ပသို့ဆန်တန်ချိန် (၁.၅) သန်း နှင့် (၂) သန်းအကြား တင်ပို့ခဲ့ရာမှ ၂၀၁၉ ခုနှစ် တွင်မူ ပြည်ပသို့ ဆန်တန်ချိန် (၃) သန်းခန့် တင်ပို့ဖွယ်ရှိကြောင်း၊ အထူးသဖြင့် အာဖရိကနိုင်ငံများသည် ဆန်သစ်ထက်ဆန်ဟောင်းကို ပိုမိုစားသုံးလေ့ရှိသောကြောင့် တရုတ်နိုင်ငံအနေဖြင့် သိုလှောင်ထားသည့် ဆန်ဟောင်းများအား အာဖရိကဈေးကွက်သို့ အဓိကထားတင်ပို့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ထွက်ရှိသော (၅) မှတ်ဆန်ဖြူတစ်တန်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၃၀၀) ဝန်းကျင်သာ ရှိသော ကြောင့်အဆိုပါဈေးနှုန်းသည် ထိုင်း (၅) မှတ်ဆန်ဖြူတစ်တန်လှျင် အမေရိကန်ဒေါ်လာ (၃၉၀) ၊ ဗီယက်နမ် (၅) မှတ်ဆန်ဖြူတစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၀) နှင့် အိန္ဒိယ ( ၅) မှတ်ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၇၀) အစရှိသောဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက များစွာချိုသာလျက်ရှိသည့်အတွက် အာဖရိကဈေးကွက်၌ တရုတ်ဆန်များမှာ အသာစီးရလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဆန်အမျိုးအစားမျိုးစုံကို အထွက်နှုန်းအများအပြားထွက်ရှိစေရန်အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ဈေးနှုန်းချိုသာသည့် တရုတ်ဆန်များအား အာဖရိကနိုင်ငံများသို့သာမက အာရှဆန်ဝယ်လက်များဖြစ်သော ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ပါဈေးကွက်ချဲ့ထွင် ရောင်းချဖွယ်ရှိသော‌ကြောင့် ထိုင်းနိုင်ငံအနေဖြင့် အခက်အခဲများပိုမိုကြုံတွေ့ရဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်း၌ ပြည်ပသို့ဆန်တန်ချိန် (၁၁.၆၇) သန်းခန့် တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်၌မူ ပြည်ပသို့ ဆန်တန်ချိန် (၁၁.၀၉) သန်းခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့ဆန်ဈေးအားကောင်းမှုကြောင့် ထိုင်းနိုင်ငံ၏ ပြည်ပသို့ဆန်တင်ပို့မှုမှရရှိသော ဝင်ငွေပမာဏချင်းနှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်၌ ရရှိသောဝင်ငွေမှာ ၂၀၁၇ ခုနှစ် ဝင်ငွေထက် ၈.၃% ပိုမိုခဲ့ပြီး အမေရိကန်ဒေါ်လာ (၅.၆၁) ဘီလီယံခန့်ရရှိခဲ့ကြောင်း၊ထိုင်းနိုင်ငံသည်၂၀၁၉ ခုနှစ်၌မူ တရုတ်နိုင်ငံနှင့် ဆန်ဈေးကွက်၌ ပြိုင်ဆိုင်နေရသောကြောင့် ပြည်ပသို့ဆန်တန်ချိန် (၉.၅) သန်းခန့်သာ တင်ပို့ နိုင်ဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံ စီးပွား/ကူးသန်းဝန်ကြီးဌာနကခန့်မှန်းထားကြောင်း www. bangkokpost. com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အရှေ့ပိုင်းအလယ်ပိုင်းဒေသ တင်းမာမှုပြဿနာနှင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး ဂယက်များ ကြောင့်ကမ္ဘာ့ရွှေစေျးမှာဆက်လက်အားကောင်းလျက်ရှိ

အရှေ့ပိုင်းအလယ်ပိုင်းဒေသတင်းမာမှုပြဿနာနှင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး ဂယက်များကြောင့်ကမ္ဘာ့ရွှေစေ◌ျးမှာဆက်လက် အားကောင်းလျက်ရှိ

အရှေ့အလယ်ပိုင်းဒေသ အိုမန်ပင်လယ်ကွေ့အတွင်း၌ ယခုရက်ပိုင်းအတွင်း ရေနံတင်သင်္ဘော နှစ်စီးတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အီရန်နိုင်ငံအပေါ်အမေရိကန် ပြည်ထောင်စုက ပြစ်တင်စွပ်စွဲခဲ့ရာမှ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ပထဝီနိုင်ငံရေးတင်းမာမှု များပိုမိုဖြစ်ပေါ်လာသည့်အတွက် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသည့် စိုးရိမ်ပူပန်သူ များသည် စတော့ရှယ်ယာများနှင့် ငွေကြေးများအစား ရွှေကိုဝယ်ယူစုဆောင်းမှုများ ပြောင်းလဲပြုလုပ် လာကြသဖြင့် ကမ္ဘာ့ရွှေစေျးနှုန်းမှာ ဆက်လက်အားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
ထို့ပြင်လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်း လျှော့ချမည့်ကိစ္စကိုဆွေးနွေးလိမ့်မည်ဟု သတင်းများထွက်ပေါ်နေခြင်းနှင့်တရုတ်အစိုးရက ယခု ရက်ပိုင်းအတွင်းထုတ်ပြန်သည့် သတင်းအချက်အလက်များ၌ တရုတ်နိုင်ငံ၏စီးပွားရေးနှေးကွေးသွား ကြောင်းကို ဖော်ပြထားပြီးနောက်ပိုင်း တရုတ်စတော့ရှယ်ယာများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ စတော့ ရှယ်ယာစေျးနှုန်းများ ကျဆင်းလာခြင်းသည်လည်း ရွှေကိုဝယ်ယူစုဆောင်းမှုများပြားလာစေကာ ရွှေစေျးနှုန်းကို မြင့်တက်စေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ခုနှစ် ၊ ဇွန်လ(၁၅)ရက် (စနေနေ့)တွင် နယူးယောက်စေျးကွက်၌ ဩဂုတ်လအတွက် ရွှေကြိုတင်ရောင်းဝယ်မှုစေျးနှုန်းမှာ ၀.၀၆ % မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၄၄.၅၀) သို့ရောက်ရှိခဲ့ကြောင်း www.xinhuanet.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၌ ဘင်္ဂါလီဒုက္ခသည်သင်္ဘောတစ်စီးတွေ့ရှိခဲ့ပြီးနောက်တွင် မလေးရှားအာဏာပိုင်များသည် ဒုက္ခသည်များ ဝင်ရောက်လာခြင်းမရှိစေရန်အတွက် ထိုင်း – မလေးရှားနယ်စပ်တစ်လျှောက်၌ လုံခြုံရေးတင်းကြပ်စွာချထား

ထိုင်းနိုင်ငံတောင်ပိုင်း၌ ဘင်္ဂါလီဒုက္ခသည်သင်္ဘောတစ်စီးတွေ့ရှိခဲ့ပြီးနောက်တွင် မလေးရှားအာဏာပိုင်များသည် ဒုက္ခသည်များဝင်ရောက်လာခြင်းမရှိစေရန်အတွက် ထိုင်း _ မလေးရှားနယ်စပ်တစ်လျှောက်၌ လုံခြုံရေးတင်းကြပ်စွာချထား

ထိုင်းနိုင်ငံတောင်ပိုင်း ဆက်တန်ပြည်နယ် ပင်လယ်ကမ်းခြေတွင် သောင်တင်နေသည့် သင်္ဘောတစ်စီးပေါ်၌ မလေးရှားနိုင်ငံသို့သွားရောက်မည့် ဘင်္ဂါလီဒုက္ခသည် (၆၅) ဦးအား ထိုင်းရဲတပ်ဖွဲ့က ယခုရက်သတ္တပတ်အတွင်း ဖမ်းဆီးရမိခဲ့ပြိးနောက်တွင် မလေးရှားအာဏာပိုင်များသည် လှေစီးဘင်္ဂါလီ ဒုက္ခသည်များ မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့်အရေးကို ကာကွယ်နိုင်ရန်အတွက် ထိုင်းနှင့်မလေးရှားနယ်စပ်တစ်လျှောက်၌ လုံခြုံရေးအင်အား တိုးမြှင့်ချထားလျက်ရှိကြောင်း သိရှိရပါသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းအချက်အလက်များအရ မလေးရှားနိုင်ငံတွင် တရားဝင်ခိုလှုံခွင့်ရရှိထားသည့် ဘင်္ဂါလီဒုက္ခသည်အရေအတွက်မှာ (၂၄၇၂၀) ဦး ခန့်ရှိပြီး မလေးရှားနိုင်ငံသည် ဘင်္ဂါလီဒုက္ခသည်များ၏ဦးစားပေးသွားရောက်ရာ နေရာတစ်ခုအဖြစ် ရပ်တည်နေသည်ဟု သိရှိရကြောင်း၊ မလေးရှားကမ်းခြေစောင့်ရဲတပ်ဖွဲ့၊ အကောက်ခွန်ဌာနတာဝန် ရှိသူများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃) ရက် (ကြာသပတေးနေ့) မှ စတင်၍ ထိုင်း-မလေးရှားနယ်စပ်တစ်လျှောက်၌ အထူးဂရုပြုစောင့်ကြည့်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် တွေ့ရှိခဲ့သော ဘင်္ဂါလီဒုက္ခသည် သင်္ဘောကိစ္စနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန် ထိုင်းရဲတပ်ဖွဲ့အား ညွှန်ကြားထားပြီး ဒုက္ခသည်များ၌ ကူးစက်ရောဂါများပါလာခြင်း ရှိ/ မရှိ စစ်ဆေးရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ထားရန် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများအား ညွှန်ကြားထားကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူချပ်သီရာဆာဝပ်သည် ဒုက္ခသည်များ လာရောက်ခဲ့သော လမ်းကြောင်းတစ်လျှောက်အား ရဟတ်ယာဉ်ဖြင့် လိုက်လံကြည့်ရှုခဲ့ပြီး အခြားသော ဒုက္ခသည်လှေများ ရှိ/ မရှိကိုပါ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့သည် သောင်တင်နေသည့်ဒုက္ခသည်သင်္ဘောမှ ထိုင်းနိုင်ငံသားမာလိန်မှူးနှင့် မြန်မာနိုင်ငံသား (၅) ဦးတို့ကို လူကုန်ကူးမှု ဖြင့်တရားစွဲဆိုရန်စီစဉ်နေကြောင်း www.nationmultimedia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း အလွန်အမင်းမြင့်မားခဲ့ပြီးနောက်တွင် ဗင်နီဇွဲလားဗဟိုဘဏ်သည် တန်ဖိုးမြင့်မားသောငွေစက္ကူအသစ် (၃) မျိုးကို ထုတ်ဝေခဲ့

အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း အလွန်အမင်းမြင့်မားခဲ့ပြီးနောက်တွင် ဗင်နီဇွဲလားဗဟိုဘဏ်သည် တန်ဖိုးမြင့်မားသောငွေစက္ကူအသစ် (၃) မျိုးကို ထုတ်ဝေခဲ့

အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း အလွန်အကျွံမြင့်တက်လျက်ရှိခြင်းနှင့်အတူ နိုင်ငံသုံးငွေကြေးတန်ဖိုးကျဆင်းနေပြီး ငွေပေးချေမှု အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့်အတွက် ဗင်နီဇွဲလားဗဟိုဘဏ်သည် တန်ဖိုးပမာဏမြင့်မားသော နိုင်ငံသုံးဘိုလီဗာငွေစက္ကူအသစ် (၃) မျိုးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃) ရက် (ကြာသပတေးနေ့) တွင် စတင်ထုတ်ဝေခဲ့သည်ဟု ဗင်နီဇွဲလားဗဟိုဘဏ်၏ တရားဝင် website ၌ ရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် ဗင်နီဇွဲလားနိုင်ငံ၌ သုံးစွဲနေသော နိုင်ငံသုံးဘိုလီဗာငွေစက္ကူများအနက် တန်ဖိုးအမြင့်ဆုံးမှာ (၅၀၀) တန် ငွေစက္ကူသာရှိကြောင်း၊ ဗင်နီဇွဲလားအစိုးရမှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဗင်နီဇွဲလားနိုင်ငံ၏ လစဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၄% အထက်တွင် ဖြစ်ပေါ်လျက် ရှိသည်ဟု သိရှိရကြောင်း၊ ဗင်နီဇွဲလားနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း အလွန်အကျွံမြင့်မားနေခြင်းကြောင့် ငွေစက္ကူကိုင်ဆောင်အသုံးပြုသူများအတွက် သာမန်ငွေပေးချေမှုကိစ္စများ၌ပင်လျှင် ငေွစက္ကူအများပြားကို ကိုင်ဆောင်အသုံးပြုပေးချေနေရပြီး နိုင်ငံတစ်ဝန်းရှိ ပင်စင်စားများနှင့် စားသုံးသူပြည်သူများမှာ ဘဏ်များနှင့် ATM ငွေထုတ်စက်များတွင် အကြိမ်ကြိမ်အခါခါ ငွေထုတ်ယူရမှုများ၊ တန်းစီ စောင့်ဆိုင်းရသည့်အခက်အခဲများကို ကြုံတွေ့နေရကြောင်း သိရှိရပါသည်။
ထို့ကြောင့် ဗင်နီဇွဲလားပြည်သူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ငွေပေးချေမှုများပြုလုပ်ရာ၌ ငွေသားဖြင့်ပေးချေခြင်းမပြုတော့ဘဲ ငွေပေးချေကတ် (Debit Card) နှင့်ကြွေးဝယ်ကတ် (Credit Card) တို့ကို အသုံးပြု၍ဖြစ်စေ၊ အွန်လိုင်းငွေပေးချေမှုစနစ်ကို အသုံးပြု၍ဖြစ်စေငွေပေးချေမှုများ ပြုလုပ်လျက်ရှိကြကြောင်း၊ သို့ဖြစ်ရာ ဗင်နီဇွဲလားနိုင်ငံသုံး ဘိုလီဗာငွေကြေးမှာ များစွာအသုံးမဝင် တော့သည့် အနေအထားသို့ဆိုက်ရောက်သွားခဲ့ပြီး နိုင်ငံသုံးငွေကြေးအစား အမေရိကန်ဒေါ်လာနှင့် အခြားသောတန်ဖိုးခိုင်မာသည့်ငွေကြေးများကို ပြောင်းလဲအသုံးပြုလျက်ရှိကြကြောင်း၊ ထို့ကြောင့် ငွေပေးချေမှုများအတွက် ပိုမိုထိရောက်မှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းငွေပေးချေမှုများအဆင်ပြေချောမွေ့ စေရန်နှင့် ငွေစက္ကူအများအပြား ကိုင်ဆောင်အသုံးပြုရမှု သက်သာစေရန်တို့အတွက် နိုင်ငံသုံးဘိုလီဗာ ငွေစက္ကူများ၏ တန်ဖိုးသိပ်သည်းမှုကိုတိုးမြှင့်ကာ ငွေစက္ကူအသစ် (၁) သောင်းတန်၊ (၂) သောင်းတန်နှင့် (၅၀၀၀) တန် ငွေစက္ကူများကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်ဟု ဗင်နီဇွဲလား ဗဟိုဘဏ်၏ တရားဝင် website တွင် ရေးသားဖော်ပြထားကြောင်း၊ သို့သော် ဗင်နီဇွဲလားဗဟိုဘဏ်၏ website တွင် အဆိုပါတန်ဖိုးမြင့်မားသော ငွေစက္ကူအသစ်များထုတ်ဝေကြောင်းမှအပ အခြားသော အသေးစိတ်အချက်အလက်များကိုမူ ရေးသားဖော်ပြထားခြင်းမရှိကြောင်း သိရှိရပါသည်။
ဗင်နီဇွဲလားနိုင်ငံသည် ရေနံအများအပြား ထွက်ရှိသောနိုင်ငံဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများကို ကြုံတွေ့နေရသည့်အတွက် စီးပွားရေးအကျပ်အတည်းများကို ရင်ဆိုင်နေရပြီး ယခုကဲ့သို့ငွေကြေးဖောင်းပွမှုနှုန်း အလွန်အမင်းမြင့်တက်လာကာ ငွေကြေးတန်ဖိုး အဆမတန်ကျဆင်းသွားသည့် ပြဿနာကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း  www.bloomberg.com  အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

တရုတ်နှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေးတင်းမာမှုများကိုဖြေလျှော့ပေးရန် သမ္မတဒေါ်နယ်ထရန့်ထံ အမေရိကန်ကုမ္ပဏီ(၆၀၀)ကျော်ခန့်က တောင်းဆိုစာပေးပို့ခဲ့

တရုတ်နှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေးတင်းမာမှုများကို ဖြေလျှော့ပေးရန် သမ္မတဒေါ်နယ်ထရန့်ထံ အမေရိကန်ကုမ္ပဏီ (၆၀၀) ကျော်ခန့်က တောင်းဆိုစာ ပေးပို့ခဲ့

တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခြင်းသည် အမေရိကန်စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူအမေရိကန်ပြည်သူများကို ထိခိုက်စေသောကြောင့် တရုတ်နှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေး တင်းမာမှုများကို ဖြေလျှော့ပေးရန် အမေရိကန်ကုမ္ပဏီ (၆၀၀) ကျော်ခန့်က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃) ရက် (ကြာသပတေးနေ့) တွင် သမ္မတဒေါ်နယ်ထရန့်အစိုးရထံ တောင်းဆိုစာပေးပို့ခဲ့သည်ဟု သိရှိရကြောင်း၊ အမေရိကန်ပြည်ထောင်စုရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် နည်းပညာလုပ်ငန်းများအစရှိသည့် စီးပွားရေးလုပ်ငန်းပေါင်း (၁၅၀) ကျော်တို့သည် ယခင်ကလည်း သမ္မတဒေါ်နယ်ထရန့်အစိုးရထံ ယခုကဲ့သို့သော စာများပေးပို့ခဲ့ဖူးသည်ဟု သိရှိရပါသည်။
အမေရိကန်ပြည်ထောင်စု၌ လက်လီအရောင်းလုပ်ငန်း ထိပ်တန်းကုမ္ပဏီကြီးများဖြစ်သော Walmart Inc နှင့် Target Corp အပါအဝင်ကုမ္ပဏီပေါင်း (၆၀၀) ကျော်ခန့်က သမ္မတဒေါ်နယ်ထရန့် အစိုးရထံပေးပို့သောစာ၌ အမေရိကန်အစိုးရနှင့် တရုတ်အစိုးရတို့၏ သွင်းကုန်ခွန်အပြန်အလှန် တိုးမြှင့်ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာမည်ကို မိမိတို့ အမေရိကန်စီးပွားရေး လုပ်ငန်းများက စိုးရိမ်နေကြောင်း၊ တရုတ်နိုင်ငံက ကျင့်သုံးနေသည့် မမျှတသောကုန်သွယ်ရေးစနစ်အား အပြောင်းအလဲဖြစ်စေရန်အတွက် တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံခြင်းသည်ထိရောက်သော လုပ်ဆောင်ချက်မဟုတ်ကြောင်း၊ အမေရိကန်အစိုးရက တိုးမြှင့်လိုက်သော သွင်းကုန်ခွန်များကို အမှန်တကယ်ပေးဆောင်နေရသည်မှာ တရုတ်ကုမ္ပဏီများမဟုတ်ဘဲ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ကုမ္ပဏီများပင်ဖြစ်ကြောင်း၊ သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေးတင်းမာမှုများကိုမြင့်တက်စေခြင်းသည် အမေရိကန်ပြည်ထောင်စုအတွက် သာလွန်သော အကျိုးအမြတ်များကိုရရှိစေမည်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်ဆုံးရှုံးမှုသာ ဖြစ်ပေါ်စေမည်ဟု ရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။
အမေရိကန်ပြည်ထောင်စု၌ အကြီးဆုံးပုဂ္ဂလိက လက်လီအရောင်းလုပ်ငန်းကြီးဖြစ်သော Walmart Inc ကလည်း အမေရိကန်အစိုးရက တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံခြင်းသည် အမေရိကန်ပြည်ထောင်စုအတွင်း၌ ကုန်စည်များနှင့်ဝန်ဆောင်မှုများ၏တန်ဖိုး ကို မြင့်တက်စေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။