အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း အလွန်အမင်းမြင့်မားခဲ့ပြီးနောက်တွင် ဗင်နီဇွဲလားဗဟိုဘဏ်သည် တန်ဖိုးမြင့်မားသောငွေစက္ကူအသစ် (၃) မျိုးကို ထုတ်ဝေခဲ့

အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း အလွန်အကျွံမြင့်တက်လျက်ရှိခြင်းနှင့်အတူ နိုင်ငံသုံးငွေကြေးတန်ဖိုးကျဆင်းနေပြီး ငွေပေးချေမှု အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့်အတွက် ဗင်နီဇွဲလားဗဟိုဘဏ်သည် တန်ဖိုးပမာဏမြင့်မားသော နိုင်ငံသုံးဘိုလီဗာငွေစက္ကူအသစ် (၃) မျိုးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃) ရက် (ကြာသပတေးနေ့) တွင် စတင်ထုတ်ဝေခဲ့သည်ဟု ဗင်နီဇွဲလားဗဟိုဘဏ်၏ တရားဝင် website ၌ ရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် ဗင်နီဇွဲလားနိုင်ငံ၌ သုံးစွဲနေသော နိုင်ငံသုံးဘိုလီဗာငွေစက္ကူများအနက် တန်ဖိုးအမြင့်ဆုံးမှာ (၅၀၀) တန် ငွေစက္ကူသာရှိကြောင်း၊ ဗင်နီဇွဲလားအစိုးရမှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဗင်နီဇွဲလားနိုင်ငံ၏ လစဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၄% အထက်တွင် ဖြစ်ပေါ်လျက် ရှိသည်ဟု သိရှိရကြောင်း၊ ဗင်နီဇွဲလားနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း အလွန်အကျွံမြင့်မားနေခြင်းကြောင့် ငွေစက္ကူကိုင်ဆောင်အသုံးပြုသူများအတွက် သာမန်ငွေပေးချေမှုကိစ္စများ၌ပင်လျှင် ငေွစက္ကူအများပြားကို ကိုင်ဆောင်အသုံးပြုပေးချေနေရပြီး နိုင်ငံတစ်ဝန်းရှိ ပင်စင်စားများနှင့် စားသုံးသူပြည်သူများမှာ ဘဏ်များနှင့် ATM ငွေထုတ်စက်များတွင် အကြိမ်ကြိမ်အခါခါ ငွေထုတ်ယူရမှုများ၊ တန်းစီ စောင့်ဆိုင်းရသည့်အခက်အခဲများကို ကြုံတွေ့နေရကြောင်း သိရှိရပါသည်။
ထို့ကြောင့် ဗင်နီဇွဲလားပြည်သူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ငွေပေးချေမှုများပြုလုပ်ရာ၌ ငွေသားဖြင့်ပေးချေခြင်းမပြုတော့ဘဲ ငွေပေးချေကတ် (Debit Card) နှင့်ကြွေးဝယ်ကတ် (Credit Card) တို့ကို အသုံးပြု၍ဖြစ်စေ၊ အွန်လိုင်းငွေပေးချေမှုစနစ်ကို အသုံးပြု၍ဖြစ်စေငွေပေးချေမှုများ ပြုလုပ်လျက်ရှိကြကြောင်း၊ သို့ဖြစ်ရာ ဗင်နီဇွဲလားနိုင်ငံသုံး ဘိုလီဗာငွေကြေးမှာ များစွာအသုံးမဝင် တော့သည့် အနေအထားသို့ဆိုက်ရောက်သွားခဲ့ပြီး နိုင်ငံသုံးငွေကြေးအစား အမေရိကန်ဒေါ်လာနှင့် အခြားသောတန်ဖိုးခိုင်မာသည့်ငွေကြေးများကို ပြောင်းလဲအသုံးပြုလျက်ရှိကြကြောင်း၊ ထို့ကြောင့် ငွေပေးချေမှုများအတွက် ပိုမိုထိရောက်မှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းငွေပေးချေမှုများအဆင်ပြေချောမွေ့ စေရန်နှင့် ငွေစက္ကူအများအပြား ကိုင်ဆောင်အသုံးပြုရမှု သက်သာစေရန်တို့အတွက် နိုင်ငံသုံးဘိုလီဗာ ငွေစက္ကူများ၏ တန်ဖိုးသိပ်သည်းမှုကိုတိုးမြှင့်ကာ ငွေစက္ကူအသစ် (၁) သောင်းတန်၊ (၂) သောင်းတန်နှင့် (၅၀၀၀) တန် ငွေစက္ကူများကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်ဟု ဗင်နီဇွဲလား ဗဟိုဘဏ်၏ တရားဝင် website တွင် ရေးသားဖော်ပြထားကြောင်း၊ သို့သော် ဗင်နီဇွဲလားဗဟိုဘဏ်၏ website တွင် အဆိုပါတန်ဖိုးမြင့်မားသော ငွေစက္ကူအသစ်များထုတ်ဝေကြောင်းမှအပ အခြားသော အသေးစိတ်အချက်အလက်များကိုမူ ရေးသားဖော်ပြထားခြင်းမရှိကြောင်း သိရှိရပါသည်။
ဗင်နီဇွဲလားနိုင်ငံသည် ရေနံအများအပြား ထွက်ရှိသောနိုင်ငံဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများကို ကြုံတွေ့နေရသည့်အတွက် စီးပွားရေးအကျပ်အတည်းများကို ရင်ဆိုင်နေရပြီး ယခုကဲ့သို့ငွေကြေးဖောင်းပွမှုနှုန်း အလွန်အမင်းမြင့်တက်လာကာ ငွေကြေးတန်ဖိုး အဆမတန်ကျဆင်းသွားသည့် ပြဿနာကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း  www.bloomberg.com  အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။