အရှေ့အလယ်ပိုင်းဒေသအတွင်း ရေနံတင်သင်္ဘောများ၏ လမ်းကြောင်းလုံခြုံရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆) ရက် (တနင်္ဂနွေနေ့) တွင် သတင်းထောက်များနှင့်တွေ့ဆုံရာ၌ အရှေ့အလယ်ပိုင်းဒေသအတွင်း ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံနေရသည့်ကိစ္စနှင့်ပတ်သက်၍ အီရန်နိုင်ငံအပေါ် စွပ်စွဲပြောကြားခဲ့ပြီး ရေနံတင်သင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစွ ာသွားလာနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ကာကွယ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ မိုက်ပွန်ပီယိုက ပြောကြားရာ၌ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရသည့်ကိစ္စသည် တကမ္ဘာလုံးနှင့်သက်ဆိုင်သည့် နိုင်ငံတကာပြဿနာရပ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ယင်းပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် သံတမန်ရေးနည်းလမ်းကို သာမကလိုအပ်ပါက အခြားနည်းလမ်းမျိုးစုံကိုပါ အသုံးပြုသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများဖြစ်ပေါ်နေသော ဟော်မို့ဇ်ရေ လက်ကြားသည် ကမ္ဘာတစ်ဝန်းသုံးစွဲနေသည့် ရေနံပမာဏ၏သုံးပုံတစ်ပုံခန့်ကို ရေနံတင်သင်္ဘောများက ဖြတ်သန်း သယ်ဆောင်နေသည့် လမ်းကြောင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိုက်ပွန်ပီယို၏ ပြောကြားချက် ထွက်ပေါ်ပြီးနောက်တွင် ရေနံသယ်ဆောင်ရာလမ်းကြောင်း၌ စစ်မက်ဖြစ်ပွားလာမည့် အရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဇူလိုင်လ အတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၄% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိ ကန်ဒေါ်လာ (၅၂.၆၉) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်း ဝယ် မှုဈေးနှုန်းမှာလည်း ၀.၄% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၂၈) သို့ရောက်ရှိခဲ့ ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။