အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုကြောင့် ဟွာဝေးကုမ္ပဏီအနေဖြင့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၀၀)ဘီလီယံခန့် ဆုံးရှုံးနစ်နာဖွယ်ရှိ

အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုကြောင့် ဟွာဝေးကုမ္ပဏီအနေဖြင့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံခန့် ဆုံးရှုံးနစ်နာဖွယ်ရှိ

အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုကို ကြုံတွေ့နေရသည့်ဂယက်ကြောင့် ဟွာဝေး ကုမ္ပဏီ၏ ထိခိုက်ဆုံးရှုံးမှုမှာ မျှော်မှန်းထားသည်ထက်ပိုမိုနိုင်ပြီး ၂၀၁၉ ခုနှစ်လက်ကျန်ကာလများနှင့် ၂၀၂၀ ခုနှစ် အတွင်း၌ ဝင်ငွေအမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံခန့်ဆုံးရှုံးနစ်နာဖွယ်ရှိသည်ဟု ဟွာဝေး ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ရန်ကျန်းဖေက ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇) ရက် (တနင်္လာနေ့) တွင် ပြောကြားခဲ့ကြောင်း၊ ဟွာဝေးကုမ္ပဏီ၏ ယခုကြေညာချက်သည် အမေရိကန်ပြည်ထောင်စုနှင့် ဟွာဝေးကုမ္ပဏီတို့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက်ပိုင်း ကုမ္ပဏီအနေဖြင့် ၎င်းတို့ဖက်မှဆုံးရှုံးနိုင်သည့်ပမာဏကို ပထမဆုံး အကြိမ်ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ရှိ ဟွာဝေးရုံးချုပ်တွင် ဟွာဝေးအမှုဆောင်အရာရှိချုပ် ရန်ကျန်းဖေက ပြောကြားရာ၌ အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုကြောင့် ဟွာဝေးကုမ္ပဏီမပြိုကွဲနိုင်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ပို၍သန်မာလာအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဟွာဝေး၏ဝင်ငွေ ပမာဏသည် ၂၀၁၈ ခုနှစ်အတွင်း၌ အမေရိကန်ဒေါ်လာ (၁၀၄.၁၆) ဘီလီယံခန့်ရှိခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် ဝင်ငွေထက် ၁၉.၅% ပိုမိုလာခဲ့ကြောင်း၊ သို့သော် ယခုနှစ်တွင်မူ လက်ရှိရင်ဆိုင်နေရသည့်ပြဿနာများကြောင့် နိုင်ငံတကာဈေးကွက်အတွင်း ဟွာဝေးစမတ်ဖုန်းများရောင်းချရမှုမှာ ၄၀%အထိ ကျဆင်း နိုင်ဖွယ်ရှိသည့်အတွက် ဝင်ငွေဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် စမတ်ဖုန်း ထုတ်လုပ်မှုကုန်ကျစရိတ်ကို လာမည့် (၂) နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံခန့်အထိ လျှော့ချသွားရန်စီစဉ်ထားကြောင်း၊ အဆိုပါ (၂) နှစ်တာကာလအတွင်း၌ ဟွာဝေးကုမ္ပဏီ၏ တိုးတက်မှုနှုန်းမှာနှေးကွေးနေမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် အမေရိကန်ကုမ္ပဏီများထံမှ လိုအပ်သောပစ္စည်း အစိတ်အပိုင်းများကို ဝယ်ယူနိုင်မည်မဟုတ်သကဲ့သို့ အမေရိကန်တက္ကသိုလ်များနှင့်လည်း သုတေသနလုပ်ငန်းများကို နီးကပ်စွာလုပ်ကိုင်နိုင်တော့မည် မဟုတ်ကြောင်း၊ သို့သော် ဟွာဝေးကုမ္ပဏီသည် ၂၀၂၁ ခုနှစ်တွင်မူ အောင်မြင်မှုပြန်လည်ရရှိကာ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပိုမိုပြုလုပ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ဝင်ငွေမည်မျှပင်ဆုံးရှုံးထိခိုက်စေကာမူ အောင်မြင်မှုရရှိစေရန်အတွက် သုတေသနအသုံးစရိတ်များအား ဖြတ်တောက်သွားမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဟွာဝေးသည် အသစ်ဖန်တီးထုတ်လုပ်ထားသော Honor 20 စမတ်ဖုန်းများကို ယခုရက်သတ္တပတ်အတွင်း၌ ဗြိတိန်နှင့် ပြင်သစ်အပါအဝင် ဥရောပဈေးကွက်အတွင်း၌ စတင်ရောင်းချမည်ဖြစ်ရာ ကုမ္ပဏီ တာဝန်ရှိသူများသည် အဆိုပါဖုန်းများ ရောင်းချရမှုအနေအထားကို အထူးဂရုပြုစောင့်ကြည့်သွားမည်ဖြစ်ပြီး ရောင်းအားများပြားခြင်းမရှိပါက ဖုန်းထုတ်လုပ်မှုကိုလျှော့ချသွားရန် စီစဉ်ထားကြောင်း၊ ဟွာဝေး၏ဈေးကွက်လေ့လာရေးနှင့် အရောင်းမန်နေဂျာများ၏ ခန့်မှန်းချက်အရ ယခုနှစ်၌ နိုင်ငံတကာ ဈေးကွက်အတွင်း ဟွာဝေးစမတ်ဖုန်းများရောင်းချရမှုအနေအထားမှာ ယခင်နှစ်များတွင် ရောင်းချခဲ့ရသည့်ပမာဏအောက် အလုံးရေ (၄၀) သန်းမှ (၆၀) သန်းအထိ ကျဆင်းသွားနိုင်ကြောင်း၊ ဟွာဝေးသည် ယခုအခါ တရုတ်ပြည်တွင်း ဈေးကွက်၌ ရောင်းအားမြှင့်တင်နိုင်ရန်စီစဉ်နေကြောင်း၊ ၂၀၁၈ ခုနှစ်၌ ကမ္ဘာတစ်ဝန်းတွင် ဟွာဝေးစမတ်ဖုန်းအရေအတွက် (၂၀၆) သန်းရောင်းချခဲ့ရာ ထက်ဝက်ခန့်ကို တရုတ်ပြည်မကြီးအတွင်းမှ ဝယ်ယူသုံးစွဲကြခြင်းဖြစ်သည်ဟု သိရှိရကြောင်း www.channelnewsasia. com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။