အမေရိကန်ဗဟိုဘဏ်အစည်းအဝေးဂယက်နှင့် အမေရိကန် – အီရန် စစ်ရေးတင်းမာမှုဂယက်တို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ(၃)လအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့

အမေရိကန် ဗဟိုဘဏ်အစည်းအဝေးဂယက်နှင့် အမေရိကန် – အီရန် စစ်ရေးတင်းမာမှုဂယက်တို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ (၃) လအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့

ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ၂၀၁၉ ခုနှစ် လက်ကျန်ကာလများအတွင်း ဘဏ်တိုးနှုန်းကို အများအပြားလျှော့ချရန် စီစဉ်နေခြင်းနှင့် ပါရှန် ပင်လယ်ကွေ့အတွင်း၌ အမေရိကန်မောင်းသူမဲ့သူလျှိုလေယာဉ်အား အီရန်တပ်မတော်က ပစ်ချခဲ့ပြီးနောက် အမေရိကန် – အီရန်စစ်ရေးတင်းမာမှုမှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာခြင်း အစရှိသည့်အချက်များကြောင့် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာအစား ရွှေနှင့်အခြားငွေကြေးများကို ပြောင်းလဲ စုဆောင်းမှုများပြုလုပ်နေသည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ (၃) လအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ယခုရက်သတ္တပတ်အတွင်း ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် စက်မှုထိပ်သီးနိုင်ငံ (၂၀) အစည်းအဝေး၌ အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့ ကုန်သွယ်ရေးကိစ္စများဆွေးနွေးမည့် အခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူများက စောင့်မျှော်နေခြင်းသည်လည်း ကမ္ဘာ့ဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာဝယ်ယူမှုကို အားပျော့စေကာ အမေရိကန်ဒေါ်လာတန်ဖိုးကို ကျဆင်းစေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်ဒေါ်လာတန်ဖိုးသည် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးပြီးဆုံးသည့် ဇွန်လ (၁၉) ရက်နေ့မှစ၍ လက်ရှိအချိန်အထိ ကာလအတွင်း ၁% အထိ ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂) ရက် (စနေနေ့) တွင် တစ်ယူရိုလျှင်အမေရိကန်ဒေါ်လာ (၁.၁၃၆၈) လဲလှယ်မှုနှုန်း၊ အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ (၁၀၇.၃၀) ယန်းလဲလှယ်မှုနှုန်း၊ အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ်ငွေ (၆.၈၆၈၅) ယွမ်လဲလှယ်မှုနှုန်းများသို့ အသီးသီးရောက်ရှိခဲ့ကြောင်း၊ အဆိုပါ လဲလှယ်မှုနှုန်းများအရ အမေရိကန် ဒေါ်လာတန်ဖိုးသည် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့နောက်ပိုင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေခြင်းဖြစ်သည်ဟု www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

Facebook ၏ ဒီဂျစ်တယ်ငွေကြေးအစီအစဉ်ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာတစ်ဝန်းငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) နှင့်ဗဟိုဘဏ်များက သတိပေးချက်များထုတ်ပြန်ခဲ့

Facebook ၏ ဒီဂျစ်တယ်ငွေကြေးအစီအစဉ်ကြေညာချက်ထွက်ပေါ်ပြီးနောက် တွင် ကမ္ဘာတစ်ဝန်းငွေကြေး ဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) နှင့်ဗဟိုဘဏ်များက သတိပေးချက်များထုတ်ပြန်ခဲ့

Facebook၏ ဒီဂျစ်တယ်ငွေကြေး အစီအစဉ်ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ တစ်ဝန်းငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) နှင့် ဗဟိုဘဏ်များက သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာတစ်ဝန်း ငွေကြေးခဝါချမှုများကို အရေးယူနေသည့်အဖွဲ့အစည်းဖြစ်သော FATF က ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၁)ရက် (သောကြာနေ့) တွင် ထုတ်ပြန်သည့် ကြေညာချက်၌ Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေကြောင်း၊ ဒီဂျစ်တယ်ငွေကြေးလုပ်ငန်း လုပ်ကိုင်သူများသည် ဒီဂျစ်တယ်ငွေကြေးများကို အသုံးပြု၍ ငွေကြေးခဝါချမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသောကြောင့် ကမ္ဘာတစ်ဝန်းရှိ ဒီဂျစ်တယ်ငွေကြေး Exchange များကို သက်ဆိုင်ရာအစိုးရများက တင်းတင်းကြပ်ကြပ် စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ နိုင်ငံအသီးသီးရှိအာဏာပိုင်များသည် ဒီဂျစ်တယ်ငွေကြေးနှင့်သက်ဆိုင်သည့်လုပ်ငန်းများကို မှတ်ပုံတင်စာရင်းသွင်းခိုင်းစေပြီး ဒီဂျစ်တယ်ငွေကြေးရောင်းဝယ်လွှဲပြောင်းမှုများနှင့် ပတ်သက်သည့် အချက်အလက်များ၊ သံသယဖြစ်ဖွယ် ဒီဂျစ်တယ်ငွေကြေးအလွှဲအပြောင်းများနှင့်ပတ်သက်၍ စစ်ဆေး ကြပ်မတ်မှုများပြုလုပ်ရလိမ့်မည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
FATF ဥက္ကဋ္ဌ မာရှယ်လ်ဘီလင်စလေးယားက ပြောကြားရာ၌ ငွေကြေးခဝါချမှု လုပ်ငန်းများတွင် ဒီဂျစ်တယ်ငွေကြေးများကို အသုံးပြုနေသည့်ဖြစ်စဉ်မှာ ကမ္ဘာအနှံ့သို့ပျံ့နှံ့နေပြီဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အရေးယူဆောင်ရွက်မှုများ အလျင်အမြန်ပြုလုပ်ရန် လိုအပ်နေပြီဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Facebook ၏ Libra အမည်ရှိ ဒီဂျစ်တယ်ငွေကြေးအစီအစဉ် သတင်းထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များနှင့် ငွေကြေးမူဝါဒရေးဆွဲသူများမှာ ကမ္ဘာ့ငွေကြေးစနစ်ထိခိုက် လာမည့်အရေးအပေါ် စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ လူသုံးများသည့် လူမှုကွန်ရက် Facebook ကဖန်တီးမည့် Libra ဒီဂျစ်တယ်ငွေကြေးကို ငွေကြေးခဝါချမှုလုပ်ငန်းများ၌အသုံးပြုခြင်း၊ Libra အပါအဝင် ဒီဂျစ်တယ် ငွေကြေးများကြောင့် လက်ရှိကမ္ဘာ့ငွေကြေးလည်ပတ်မှုစနစ်ပျက်စီးသွားခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်ကို ဗြိတိန်၊ ပြင်သစ် နှင့် ဂျာမနီဗဟိုဘဏ်များက သတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
FATF ၏ သတင်းအချက်အလက်များအရ ကမ္ဘာပေါ်တွင် လည်ပတ်သုံးစွဲနေသော ဒီဂျစ်တယ် ငွေကြေးများ၏ တန်ဖိုးစုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံရှိသည်ဟုသိရှိရကြောင်း၊ စက်မှုထိပ်သီး (၇) နိုင်ငံ၏ ၂၀၁၉ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ပြင်သစ်နိုင်ငံသည် Facebook ၏ Libra ငွေကြေးအပါအဝင် ဒီဂျစ်တယ်ငွေကြေးမျိုးစုံတို့အား ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာအသီးသီးမှ ဗဟိုဘဏ်များက မည်ကဲ့သို့ စည်းမျဉ်းစည်းကမ်းများချမှတ်၍ ကိုင်တွယ်ရမည်ကို စက်မှုထိပ်သီး (၇) နိုင်ငံမှ ဗဟိုဘဏ်ကော်မတီဝင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ သုံးသပ်လေ့လာမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အာရှနိုင်ငံများ၌ ဝက်တုပ်ကွေးရောဂါပျံ့နှံ့နေသောကြောင့် ဝက်ကောင်ရေသန်းနှင့်ချီ၍ သုတ်သင် သတ်ဖြတ်ခံခဲ့ရ

အာရှနိုင်ငံများ၌ ဝက်တုပ်ကွေးရောဂါ ပျံ့နှံ့နေသောကြောင့် ဝက်ကောင်ရေသန်းနှင့်ချီ၍ သုတ်သင်သတ်ဖြတ်ခံခဲ့ရ

အာဖရိကဝက်တုပ်ကွေးရောဂါသည် အာရှနိုင်ငံများ၌ ပျံ့နှံ့နေသောကြောင့် သက်ဆိုင်ရာအစိုးရများအနေဖြင့် ဦးစားပေးကိစ္စရပ်အဖြစ်သတ်မှတ်ကာ ဖြေရှင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀) ရက် (ကြာသပတေးနေ့) တွင်ထုတ်ပြန်သည့်ကြေညာချက်၌ ယခုအခါ ဝက်တုပ်ကွေးရောဂါသည် တရုတ်၊ ဗီယက်နမ်နိုင်ငံများ၌သာမက လာအိုနိုင်ငံ၌ပါ ဖြစ်ပွားလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် တရုတ်နိုင်ငံမှစတင်ဖြစ်ပွားခဲ့သည့် အဆိုပါဝက်တုပ်ကွေးရောဂါကြောင့် ဒေသအတွင်း၌ စုစုပေါင်း ဝက်ကောင်ရေ (၃.၇) သန်းခန့်ကို သတ်ဖြတ်သုတ်သင်ခဲ့ရကြောင်း၊ ဗီယက်နမ်နိုင်ငံသည် အများဆုံး ထိခိုက်ခဲ့သည့်နိုင်ငံဖြစ်ပြီး ဝက်ကောင်ရေအနည်းဆုံး (၂.၆) သန်းခန့် သုတ်သင်ခံခဲ့ရကာ တရုတ်နိုင်ငံမှာမူ ဝက်ကောင်ရေ (၁.၁) သန်းခန့် သုတ်သင်ခံခဲ့ရကြောင်း၊ ယခုအခါ ဟောင်ကောင်၊ ထိုင်ဝမ်၊ မြောက်ကိုရီးယား၊ ကမ္ဘောဒီးယားနှင့် မွန်ဂိုလီးယားတို့၌လည်း ဝက်တုပ်ကွေးရောဂါ အနည်းအကျဉ်းဖြစ်ပွားနေသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဝက်နှင့်ပတ်သက်သောစားသောက်ကုန်များကို နိုင်ငံတစ်ကာ ဈေးကွက်အတွင်းသို့ အဓိကပံ့ပိုးပေးနေသည့်နိုင်ငံများဖြစ်ရာ ဝက်တုပ်ကွေးရောဂါ၏ ဂယက်ကြောင့် ကမ္ဘာတစ်ဝန်း၌ ဝက်သားသာမက ဝက်နှင့်ဆက်စပ်သောစားသောက်ကုန်ပစ္စည်းများမှာ ဈေးကွက် အတွင်း၌လျော့နည်းသွားခဲ့ပြီး ဈေးနှုန်းများမှာလည်း ၄၀% ခန့်မြင့်တက်လာခဲ့ကြောင်း၊ ဗီယက်နမ် နိုင်ငံ၏ဝက်မွေးမြူရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံခန့်တန်ဖိုးရှိပြီး ဝက်ကောင်ရေ (၃၀) သန်းခန့်ရှိကြောင်း သိရှိရပါသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဝက်မွေးမြူရေးခြံပေါင်း (၆၃၀၀) ခန့်ရှိပြီး ဝက်ကောင်ရေ (၁၁) သန်းကျော် မွေးမြူထားရာ ဝက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မည်ဆိုပါက ဆုံးရှုံးမှုများစွာကြုံတွေ့နိုင်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသောဒေသများ၌ ဝက်တုပ်ကွေး ရောဂါတွေ့ရှိရသည့်အတွက် ဝက်ကောင်ရေ (၂၄၀၀) ကျော်ကို ယခုလပိုင်းအတွင်း သုတ်သင်ခဲ့ရကြောင်း၊ အလားတူ ဟောင်ကောင်တွင် ဝက်ကောင်ရေ (၁၀၇၀၀) ခန့်ကို ဝက်တုပ်ကွေးရောဂါကြောင့် သုတ်သင်ခဲ့ရပြီး မြောက်ကိုရီးယားနိုင်ငံတွင်လည်း ဝက်တုပ်ကွေးရောဂါ အန္တရာယ်ကိုစိုးရိမ်သည့်အတွက် တရုတ် နိုင်ငံဘက်မှဝင်ရောက်လာသော ဝက်သားနှင့်ဆက်စပ်နေသည့်စားသောက်ကုန်များကို တားမြစ်ပိတ်ပင်ခဲ့ပြီး နိုင်ငံအတွင်းဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကိုလည်း ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အလားတူ ထိုင်းနိုင်ငံသည်လည်း နယ်စပ်ဒေသနှင့် ရေဆိပ်၊ လေဆိပ်များ၌ စစ်ဆေးရေးဂိတ်များထားရှိကာ ဝက်သား၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်အပါအဝင် ဝက်သားနှင့် ဆက်စပ်နေသောစားသောက်ကုန်များဝင်ရောက်လာခြင်းကို တားမြစ်ပိတ်ပင်လျက်ရှိကြောင်း www. bangkokpost.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်မောင်းသူမဲ့လေယာဉ်ပစ်ချခံရသည့်ကိစ္စနှင့်ပတ်သက်၍ အီရန်နိုင်ငံအပေါ် အမေရိကန် သမ္မတက ခြိမ်းခြောက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ၆% အထိမြင့်တက်သွားခဲ့

အမေရိကန် မောင်းသူမဲ့လေယာဉ်ပစ်ချခံရသည့်ကိစ္စနှင့် ပတ်သက်၍ အီရန်နိုင်ငံအပေါ် အမေရိကန် သမ္မတက ခြိမ်းခြောက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ၆% အထိမြင့်တက်သွားခဲ့

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ဟော်မို့စ်ရေလက်ကြားအနီး အီရန်ဝေဟင်ပိုင်နက် ကောင်းကင်ပြင်၌ ပျံသန်းနေသည့် အမေရိကန်မောင်းသူမဲ့ သူလျှိူလေယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀) ရက် (ကြာသပတေးနေ့) တွင် ပစ်ချခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား တင်းမာမှုများပိုမိုဖြစ်ပေါ်လာခဲ့ကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်နိုင်ငံသည် အလွန်ကြီးမားသော အမှားအယွင်းကိုပြုလုပ်ခဲ့သည်ဟု အီရန်နိုင်ငံအား ခြိမ်းခြောက်ပြောကြားခဲ့ခြင်းနှင့် အမေရိကန်အောက်လွှတ်တော်ရှိထင်ရှား‌သော ရီပတ်ဗလစ်ကန်အမတ်အများစုကလည်း အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ် မဖြစ်မနေလက်တုံ့ပြန်ရန် တောင်းဆိုနေခြင်းတို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံအပေါ် စစ်ရေးအရတုံ့ပြန်မှုများ ပြုလုပ်နိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ရေနံအများအပြားထွက်ရှိရာ အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေအပေါ်  စိုးရိမ်ပူပန်မှုများနှင့်အတူ ရေနံဈေးနှုန်း များမှာ ဆက်လက်မြင့်တက်သွားခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်းကို လာမည့်ဇူလိုင်လမှစတင်၍ လျှော့ချရန်စီစဉ်နေခြင်းကြောင့် အ‌မေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းသွားခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်သမ္မတ၏  ခြိမ်းခြောက်ပြောဆိုချက်ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၆%  မြင့်တက်ခဲ့ပြီး ဇွန်လ(၂၁) ရက် (သောကြာနေ့) နံနက်ပိုင်းတွင်လည်း နယူးယောက်ဈေးကွက်၌ ဇူလိုင်လအတွက် WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၅၇.၃၉) သို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၄.၈၄) သို့လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြောင်း www. reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။