အမေရိကန် ဗဟိုဘဏ်အစည်းအဝေးဂယက်နှင့် အမေရိကန် – အီရန် စစ်ရေးတင်းမာမှုဂယက်တို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ (၃) လအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့

ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ၂၀၁၉ ခုနှစ် လက်ကျန်ကာလများအတွင်း ဘဏ်တိုးနှုန်းကို အများအပြားလျှော့ချရန် စီစဉ်နေခြင်းနှင့် ပါရှန် ပင်လယ်ကွေ့အတွင်း၌ အမေရိကန်မောင်းသူမဲ့သူလျှိုလေယာဉ်အား အီရန်တပ်မတော်က ပစ်ချခဲ့ပြီးနောက် အမေရိကန် – အီရန်စစ်ရေးတင်းမာမှုမှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာခြင်း အစရှိသည့်အချက်များကြောင့် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာအစား ရွှေနှင့်အခြားငွေကြေးများကို ပြောင်းလဲ စုဆောင်းမှုများပြုလုပ်နေသည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ (၃) လအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ယခုရက်သတ္တပတ်အတွင်း ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် စက်မှုထိပ်သီးနိုင်ငံ (၂၀) အစည်းအဝေး၌ အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့ ကုန်သွယ်ရေးကိစ္စများဆွေးနွေးမည့် အခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူများက စောင့်မျှော်နေခြင်းသည်လည်း ကမ္ဘာ့ဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာဝယ်ယူမှုကို အားပျော့စေကာ အမေရိကန်ဒေါ်လာတန်ဖိုးကို ကျဆင်းစေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်ဒေါ်လာတန်ဖိုးသည် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးပြီးဆုံးသည့် ဇွန်လ (၁၉) ရက်နေ့မှစ၍ လက်ရှိအချိန်အထိ ကာလအတွင်း ၁% အထိ ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂) ရက် (စနေနေ့) တွင် တစ်ယူရိုလျှင်အမေရိကန်ဒေါ်လာ (၁.၁၃၆၈) လဲလှယ်မှုနှုန်း၊ အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ (၁၀၇.၃၀) ယန်းလဲလှယ်မှုနှုန်း၊ အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ်ငွေ (၆.၈၆၈၅) ယွမ်လဲလှယ်မှုနှုန်းများသို့ အသီးသီးရောက်ရှိခဲ့ကြောင်း၊ အဆိုပါ လဲလှယ်မှုနှုန်းများအရ အမေရိကန် ဒေါ်လာတန်ဖိုးသည် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့နောက်ပိုင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေခြင်းဖြစ်သည်ဟု www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။