အမေရိကန် မောင်းသူမဲ့လေယာဉ်ပစ်ချခံရသည့်ကိစ္စနှင့် ပတ်သက်၍ အီရန်နိုင်ငံအပေါ် အမေရိကန် သမ္မတက ခြိမ်းခြောက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ၆% အထိမြင့်တက်သွားခဲ့
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့သည် ဟော်မို့စ်ရေလက်ကြားအနီး အီရန်ဝေဟင်ပိုင်နက် ကောင်းကင်ပြင်၌ ပျံသန်းနေသည့် အမေရိကန်မောင်းသူမဲ့ သူလျှိူလေယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀) ရက် (ကြာသပတေးနေ့) တွင် ပစ်ချခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား တင်းမာမှုများပိုမိုဖြစ်ပေါ်လာခဲ့ကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်နိုင်ငံသည် အလွန်ကြီးမားသော အမှားအယွင်းကိုပြုလုပ်ခဲ့သည်ဟု အီရန်နိုင်ငံအား ခြိမ်းခြောက်ပြောကြားခဲ့ခြင်းနှင့် အမေရိကန်အောက်လွှတ်တော်ရှိထင်ရှားသော ရီပတ်ဗလစ်ကန်အမတ်အများစုကလည်း အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ် မဖြစ်မနေလက်တုံ့ပြန်ရန် တောင်းဆိုနေခြင်းတို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံအပေါ် စစ်ရေးအရတုံ့ပြန်မှုများ ပြုလုပ်နိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ရေနံအများအပြားထွက်ရှိရာ အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ ရေနံဈေးနှုန်း များမှာ ဆက်လက်မြင့်တက်သွားခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်းကို လာမည့်ဇူလိုင်လမှစတင်၍ လျှော့ချရန်စီစဉ်နေခြင်းကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းသွားခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်သမ္မတ၏ ခြိမ်းခြောက်ပြောဆိုချက်ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၆% မြင့်တက်ခဲ့ပြီး ဇွန်လ(၂၁) ရက် (သောကြာနေ့) နံနက်ပိုင်းတွင်လည်း နယူးယောက်ဈေးကွက်၌ ဇူလိုင်လအတွက် WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၅၇.၃၉) သို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၄.၈၄) သို့လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြောင်း www. reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။