Facebook ၏ ဒီဂျစ်တယ်ငွေကြေးအစီအစဉ်ကြေညာချက်ထွက်ပေါ်ပြီးနောက် တွင် ကမ္ဘာတစ်ဝန်းငွေကြေး ဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) နှင့်ဗဟိုဘဏ်များက သတိပေးချက်များထုတ်ပြန်ခဲ့

Facebook၏ ဒီဂျစ်တယ်ငွေကြေး အစီအစဉ်ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ တစ်ဝန်းငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) နှင့် ဗဟိုဘဏ်များက သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာတစ်ဝန်း ငွေကြေးခဝါချမှုများကို အရေးယူနေသည့်အဖွဲ့အစည်းဖြစ်သော FATF က ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၁)ရက် (သောကြာနေ့) တွင် ထုတ်ပြန်သည့် ကြေညာချက်၌ Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေကြောင်း၊ ဒီဂျစ်တယ်ငွေကြေးလုပ်ငန်း လုပ်ကိုင်သူများသည် ဒီဂျစ်တယ်ငွေကြေးများကို အသုံးပြု၍ ငွေကြေးခဝါချမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသောကြောင့် ကမ္ဘာတစ်ဝန်းရှိ ဒီဂျစ်တယ်ငွေကြေး Exchange များကို သက်ဆိုင်ရာအစိုးရများက တင်းတင်းကြပ်ကြပ် စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ နိုင်ငံအသီးသီးရှိအာဏာပိုင်များသည် ဒီဂျစ်တယ်ငွေကြေးနှင့်သက်ဆိုင်သည့်လုပ်ငန်းများကို မှတ်ပုံတင်စာရင်းသွင်းခိုင်းစေပြီး ဒီဂျစ်တယ်ငွေကြေးရောင်းဝယ်လွှဲပြောင်းမှုများနှင့် ပတ်သက်သည့် အချက်အလက်များ၊ သံသယဖြစ်ဖွယ် ဒီဂျစ်တယ်ငွေကြေးအလွှဲအပြောင်းများနှင့်ပတ်သက်၍ စစ်ဆေး ကြပ်မတ်မှုများပြုလုပ်ရလိမ့်မည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
FATF ဥက္ကဋ္ဌ မာရှယ်လ်ဘီလင်စလေးယားက ပြောကြားရာ၌ ငွေကြေးခဝါချမှု လုပ်ငန်းများတွင် ဒီဂျစ်တယ်ငွေကြေးများကို အသုံးပြုနေသည့်ဖြစ်စဉ်မှာ ကမ္ဘာအနှံ့သို့ပျံ့နှံ့နေပြီဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အရေးယူဆောင်ရွက်မှုများ အလျင်အမြန်ပြုလုပ်ရန် လိုအပ်နေပြီဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Facebook ၏ Libra အမည်ရှိ ဒီဂျစ်တယ်ငွေကြေးအစီအစဉ် သတင်းထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များနှင့် ငွေကြေးမူဝါဒရေးဆွဲသူများမှာ ကမ္ဘာ့ငွေကြေးစနစ်ထိခိုက် လာမည့်အရေးအပေါ် စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ လူသုံးများသည့် လူမှုကွန်ရက် Facebook ကဖန်တီးမည့် Libra ဒီဂျစ်တယ်ငွေကြေးကို ငွေကြေးခဝါချမှုလုပ်ငန်းများ၌အသုံးပြုခြင်း၊ Libra အပါအဝင် ဒီဂျစ်တယ် ငွေကြေးများကြောင့် လက်ရှိကမ္ဘာ့ငွေကြေးလည်ပတ်မှုစနစ်ပျက်စီးသွားခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်ကို ဗြိတိန်၊ ပြင်သစ် နှင့် ဂျာမနီဗဟိုဘဏ်များက သတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
FATF ၏ သတင်းအချက်အလက်များအရ ကမ္ဘာပေါ်တွင် လည်ပတ်သုံးစွဲနေသော ဒီဂျစ်တယ် ငွေကြေးများ၏ တန်ဖိုးစုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံရှိသည်ဟုသိရှိရကြောင်း၊ စက်မှုထိပ်သီး (၇) နိုင်ငံ၏ ၂၀၁၉ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ပြင်သစ်နိုင်ငံသည် Facebook ၏ Libra ငွေကြေးအပါအဝင် ဒီဂျစ်တယ်ငွေကြေးမျိုးစုံတို့အား ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာအသီးသီးမှ ဗဟိုဘဏ်များက မည်ကဲ့သို့ စည်းမျဉ်းစည်းကမ်းများချမှတ်၍ ကိုင်တွယ်ရမည်ကို စက်မှုထိပ်သီး (၇) နိုင်ငံမှ ဗဟိုဘဏ်ကော်မတီဝင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ သုံးသပ်လေ့လာမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။