တရုတ်နည်းပညာကုမ္ပဏီများနှင့် အီရန်နိုင်ငံတို့အပေါ်၌ အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်မည့် သတင်းကြောင့် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၀၀) အထက်သို့ရောက်ရှိခဲ့
တရုတ်သမ္မတရှီကျင့်ပင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့သည် ယခုရက်သတ္တပတ် အတွင်း ဂျပန်နိုင်ငံ၌ ကျင်းပမည့်စက်မှုထိပ်သီးနိုင်ငံ (၂၀) အစည်းအဝေး၌ တွေ့ဆုံခြင်းမပြုမီ အမေရိကန် အစိုးရသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ဆက်စပ်နေသည့် နည်းပညာကုမ္ပဏီကြီး Sugon နှင့် အခြားနည်းပညာကုမ္ပဏီ (၄) ခုဖြစ်သော Higon ကုမ္ပဏီ၊ Chengdu Haiguang Integrated Circuit ကုမ္ပဏီ၊ Chengdu Haiguang Microelectronics Technology ကုမ္ပဏီ၊ Wuxi Jiangnan Institute of Computing Technology ကုမ္ပဏီတို့ကို အမျိုးသားလုံခြုံရေးအတွက် အကြောင်းပြ၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှစ၍ အရေးယူပိတ်ဆို့မှုများ ပြုလုပ်သွားရန်ကြေညာခဲ့ပြီး အမေရိကန် ကုမ္ပဏီများအနေဖြင့် အမေရိကန်အစိုးရ၏ခွင့်ပြုချက်မရရှိဘဲ အဆိုပါတရုတ်ကုမ္ပဏီများထံသို့ နည်းပညာသုံး ဆက်စပ်ပစ္စည်းများနှင့် အစိတ်အပိုင်းများအား ရောင်းချခြင်းမပြုရန် တားမြစ်ပိတ်ပင် ခဲ့ကြောင်း၊ အမေရိကန်အစိုးရ၏ ကြေညာချက်ကြောင့် ဇွန်လ(၂၄)ရက်(တနင်္လာနေ့)နံနက်ပိုင်းမှ စတင်၍ အာရှဈေးကွက်အတွင်း၌ စတော့ရှယ်ယာဈေးနှုန်းများကျဆင်းကာ ရွှေကိုဝယ်ယူစုဆောင်းမှု များပြားလာပြီး ရွှေဈေးနှုန်းထပ်မံမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အီရန်နိုင်ငံအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများအား အမြန်ဆုံးပြုလုပ်သွားမည်ဟု ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၄) ရက် (တနင်္လာနေ့) တွင် ကြေညာခဲ့ခြင်းသည်လည်း ပထဝီနိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများကို ပိုမိုဖြစ်ပေါ်စေကာ ကမ္ဘာ့ရွှေဈေးနှုန်းကို ထပ်မံမြင့်တက်စေသည့်အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၄) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် အာရှဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းမှာ ၀.၆% မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၀၆.၅၆) ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် (၆) နှစ်တာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ လက်ရှိအချိန်၌ ကမ္ဘာပေါ်၌ အကြီးမားဆုံးရွှေရောင်းဝယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် SPDR Gold Trust အပါအဝင် ရွှေကုမ္ပဏီကြီးများသည် ရွှေစုဆောင်းမှုများကို တိုးမြှင့်ပြုလုပ်လျက်ရှိကြောင်း၊ SPDR Gold Trust၏ ရွှေသိုလှောင်မှု ပမာဏသည် ဇွန်လ (၂၀) ရက်နေ့တွင် တန်ချိန် (၇၆၄.၁၀) တန်ရှိခဲ့ရာမှ ဇွန်လ (၂၁) ရက် (သောကြာနေ့) ၌မူ ရွှေသိုလှောင်မှုပမာဏမှာ ၄.၅၇% မြင့်တက်ခဲ့ပြီး စုစုပေါင်းရွှေတန်ချိန် (၇၉၉.၀၃) တန်သို့ ရောက်ရှိခဲ့ သည်ဟု သိရှိရကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။