အိန္ဒိယနိုင်ငံအတွင်းသို့ ရူပီး (၆) ကုဋေတန်ဖိုးရှိရွှေများ တရားမဝင်တင်သွင်းလာသည့် မြန်မာနိုင်ငံသား (၆) ဦးကို အိန္ဒိယ အာဏာပိုင်များက နယူးဒေလီမြို့ရှိ အင်ဒီရာဂန္ဒီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခဲ့

အိန္ဒိယနိုင်ငံအတွင်းသို့ အိန္ဒိယနိုင်ငံသုံးရူပီး (၆) ကုဋေတန်ဖိုးရှိရွှေများ တရားမဝင်တင်သွင်းလာသည့် မြန်မာနိုင်ငံသား (၆) ဦးကို အိန္ဒိယအာဏာပိုင်များက နယူးဒေလီမြို့ရှိ အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယခုရက်ပိုင်းအတွင်းဖမ်းဆီးရမိခဲ့သည်ဟု အိန္ဒိယနိုင်ငံထုတ် hindustantimes သတင်းစာက ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
သတင်းစာ၏ရေးသားဖော်ပြချက်အရ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၆) ဦးမှာ သင်းသင်းနွယ်၊ အိဝေဝေဦး၊ မြင့်စန္ဒာအောင်၊ ဝင်းလဝင်း၊ ရဲထွဋ်နှင့် ဇော်ဝင်းမောင်တို့ဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ Air India လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာခဲ့ကာ လူတစ်ဦးချင်းစီ၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရွှေကုမ္ပဏီဖြစ်သော Bangkok Assay Office မှ ထုတ်လုပ်ထားသည့် Bangkok Gold Assay အမှတ်တံဆိပ်ပါ ရွှေတုံးများကို ခန္ဓာကိုယ်တွင်သိုဝှက်၍ ယူဆောင်လာသည်ကို အိန္ဒိယနိုင်ငံ၊ အခွန်ထောက်လှမ်းရေးဌာန (DRI) တာဝန်ရှိသူများက ရှာဖွေတွေ့ရှိ ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် ရွှေအလေးချိန်ပမာဏမှာ (၁၈) ကီလိုခန့်ရှိပြီး ကာလတန်ဖိုးအားဖြင့် အိန္ဒိယ နိုင်ငံသုံးရူပီးငွေ (၆) ကုဋေခန့် (အမေရိကန်ဒေါ်လာ ၈.၆ သိန်းကျော်) တန်ဖိုးရှိကြောင်း၊ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ အိန္ဒိယအာဏာပိုင်များသည် နယူးဒေလီမြို့၊ ဒါရာဂန္ဒီအရပ်တွင်နေထိုင်ပြီး ရွှေမှောင်ခို လုပ်ငန်းလုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံသား မိုဟာမက်အာဘစ်ကိုပါ ဆက်လက်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မိုဟာမက်အာဘစ်သည် လွန်ခဲ့သော (၁၅) နှစ်၊ (၁၆) နှစ်ခန့်မှစတင်၍ အိန္ဒိယနိုင်ငံ ပြင်ပမှရွှေများကို အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင်တင်သွင်းသည့် လုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ကြောင်းကို အာဏာပိုင်များထံ ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရှိရပါသည်။
အိန္ဒိယအာဏာပိုင်များသည် ယခုအခါ ရွှေမှောင်ခိုသယ်ဆောင်လာသည့် မြန်မာနိုင်ငံသား (၆) ဦးနှင့် ရွှေမှောင်ခိုလုပ်ငန်းလုပ်ကိုင်သူ အိန္ဒိယနိုင်ငံသားတို့အား တရားရုံး၏အမိန့်ဖြင့် ရက်သတ္တပတ် (၂) ပတ်ခန့် ချုပ်နှောင်ထားကြောင်း  www.hindustantimes.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။