အမေရိကန်-အီရန်အကြားစစ်ရေးတင်းမာမှုကြောင့် ပါရှန်ပင်လယ်ကွေ့သို့ ဝင်ထွက်သွားလာနေသော ရေနံတင်သင်္ဘောများ၏ အာမခံကြေးမှာ အဆမတန်မြင့်တက်လာခဲ့

အမေရိကန်-အီရန်အကြားစစ်ရေးတင်းမာမှုကြောင့် ပါရှန်ပင်လယ်ကွေ့သို့ ဝင်ထွက်သွားလာနေသော ရေနံတင်သင်္ဘောများ၏ အာမခံကြေးမှာ အဆမတန်မြင့်တက်လာခဲ့

အရှေ့အလယ်ပိုင်းဒေသအတွင်း ရေနံဖြတ်သန်းသယ်ယူရာတွင် အဓိကကျသောပါရှန် ပင်လယ်ကွေ့တွင် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေပြီး ရေနံတင်သင်္ဘောအချို့ တိုက်ခိုက်ခံရသည့်ဖြစ်စဉ် ပေါ်ပေါက်လာပြီးနောက်တွင် ပါရှန် ပင်လယ်ကွေ့သို့ဖြတ်သန်းနေသည့် ရေနံတင်သင်္ဘောများ၏ အာမခံကြေးမှာ အဆမတန်မြင့်တက် လာခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာပေါ်ရှိ အာမခံကုမ္ပဏီကြီးများထံမှရရှိသည့် သတင်းများအရ ရေနံတင်သင်္ဘောများအနေဖြင့် သင်္ဘောအတွက် အာမခံနှင့်သယ်ဆောင်လာသော ရေနံကုန်စည်များအတွက် အာမခံဟူ၍ အာမခံ (၂) မျိုးထားရှိသည့်အနက် ယခုအခါရေနံတင်သင်္ဘောများအတွက် အာမခံကြေးကိုတိုးမြှင့်ပြီးဖြစ်ကြောင်း၊ ရေနံတင်သင်္ဘောတစ်စီးအတွက် အာမခံကြေးသတ်မှတ်ချက်သည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ (၇၅) သန်းတန်ကြေးရှိ ရေနံတင်သင်္ဘောတစ်စီး၏အာမခံကြေးမှာ(၇)ဆခန့်မြင့်တက်လာခဲ့ပြီး ယခင် အမေရိကန်ဒေါ်လာ (၃၀,၀၀၀) ခန့်မှ ယခုအခါ အမေရိကန်ဒေါ်လာ(၂၀၀,၀၀၀)အထက်သို့ ရောက်ရှိလာခဲ့ကြောင်း၊ အလားတူ အဆိုပါရေနံတင်သင်္ဘော၌ သယ်ဆောင်လာသောရေနံများအတွက် အာမခံကြေး သတ်မှတ်ချက်ကိုလည်းတိုးမြှင့်ရန် အာမခံကုမ္ပဏီများက ရည်မှန်းထားကြောင်း၊ တိုးမြှင့်မည့်နှုန်းထားအရ ရေနံတင်သင်္ဘာတစ်စီး၌ တင်ဆောင်လာသော အမေရိကန်ဒေါ်လာ(၁၃၀)သန်းခန့်တန်ကြေးရှိ ရေနံစိမ်းများအတွက် ကုန်စည်အာမခံကြေးကို (၂)ဆကျော်တိုးမြှင့်ပြီး ယခုသတ်မှတ်ထားသည့် အမေရိကန် ဒေါ်လာ(၁၅၀,၀၀၀)မှ အမေရိကန်ဒေါ်လာ (၃၂၅,၀၀၀) သို့ တိုးမြှင့်ကောက်ခံဖွယ်ရှိကြောင်း၊ ထို့ကြောင့် မကြာမီကာလအတွင်း ပါရှန်ပင်လယ်ကွေ့ကိုဖြတ်သန်းမည့် ရေနံတင်သင်္ဘောတစ်စီး၏ စုစုပေါင်း အာမခံကြေးမှာ အနည်းဆုံးအမေရိကန်ဒေါ်လာ (၅၀၀,၀၀၀)အထက်၌ ဖြစ်ပေါ်လာဖွယ်ရှိသောကြောင့် သင်္ဘောပေါ်တွင်ပါရှိသော ရေနံတစ်စည်ချင်းစီ၏အာမခံကြေးမှာ အမေရိကန်ဒေါ်လာ (၂၅) ဆင့်ခန့် ကျသင့်သွားလိမ့်မည်ဟု သိရှိရပါသည်။
ပါရှန်ပင်လယ်ကွေ့သည် ကမ္ဘာတစ်ဝန်းရေနံသုံးစွဲမှုပမာဏ၏ ၃၅%ခန့်ကို ဖြတ်သန်းသယ်ဆောင် နေသည့်ရေနံသယ်ယူရာလမ်းကြောင်းဖြစ်ပြီး နေ့စဉ်ရေနံစည်ပေါင်း (၁၈.၂) သန်းခန့်မှာ ပါရှန်ပင်လယ်ကွေ့ကို ဖြတ်သန်း၍ ကမ္ဘာ့နိုင်ငံအသီးသီးသို့ရောက်ရှိနေကြောင်း www.newpaper24.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။