စင်ကာပူဗဟိုဘဏ်သည် စင်ကာပူကျွန်းနှစ်(၂၀၀)ပြည့်အထိမ်းအမှတ်အဖြစ် စင်ကာပူဒေါ်လာ(၂၀)တန် ငွေစက္ကူအသစ်ကိုအမှတ်တရထုတ်ဝေမှု
စင်ကာပူကျွန်းအား အင်္ဂလိပ်ပိုင် အရှေ့အိန္ဒိယကုမ္ပဏီမှ ဆာစတန်ဖို့ဒ်ရပ်ဖ်ဖဲလ်စ်က ၁၈၁၉ ခုနှစ်တွင် ကုန်သွယ်ရေးအချက်အချာနေရာတစ်ခုအဖြစ် စတင်အသုံးပြုခဲ့ရာ ယခုနှစ်သည် ကမ္ဘာ့ကုန်သွယ်ရေး၌ စင်ကာပူကျွန်း၏ အဓိကအခန်းကဏ္ဍ ပါဝင်လာသည့် နှစ်ပေါင်း(၂၀၀)ပြည့်မြောက်သောနှစ်ပင်ဖြစ်ကြောင်း၊ စင်ကာပူဗဟိုဘဏ်သည် အဆိုပါနှစ်(၂၀၀)ပြည့် အထိမ်းအမှတ်အဖြစ် စင်ကာပူ ဒေါ်လာ(၂၀)တန် ငွေစက္ကူအသစ်ကို အမှတ်တရထုတ်ဝေရန် စီစဉ်ထားသည်ဟု စင်ကာပူသမ္မတ ဟာလီမာယာကော့က ၂၀၁၉ ခုနှစ်၊ ဇွန်လ(၅)ရက် (ဗုဒ္ဓဟူးနေ့)တွင်ကြေညာခဲ့ကြောင်းသိရှိရပါသည်။
စင်ကာပူဗဟိုဘဏ်ကနှစ်(၂၀၀)ပြည့်အမှတ်တရထုတ်ဝေမည့် စင်ကာပူဒေါ်လာ(၂၀)တန် ငွေစက္ကူ၏ ရှေ့ဘက်ခြမ်းတွင် စင်ကာပူနိုင်ငံ၏ ပထမဦးဆုံးသမ္မတမစ္စတာယူဆွတ်အီရှတ်၏ ရုပ်ပုံနှင့်အတူ ယခင်ကတရားရုံးချုပ်နှင့် မြို့တော်ခန်းမအဖြစ်အသုံးပြုခဲ့ပြီးယခုအခါ စင်ကာပူအမျိုးသားပြတိုက် အဖြစ်သို့ရောက်ရှိနေသည့် အဆောက်အဦ၏ပုံကိုထည့်သွင်းရိုက်နှိပ်ထားကြောင်း၊ အဆိုပါ ငွေစက္ကူ၏ နောက်ကျောဘက်ခြမ်းတွင် စင်ကာပူနိုင်ငံကိုစတင်တည်ထောင်စဉ်အချိန်ကပညာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ အားကစားနှင့် ကာကွယ်ရေးအပါအဝင် ကဏ္ဍမျိုးစုံတို့၌ စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ကြသည့်ပုဂ္ဂိုလ်ကြီး(၈)ဦး၏ရုပ်ပုံများကိုထည့်သွင်းထားကြောင်းသိရှိရပါသည်။
စင်ကာပူနိုင်ငံ၌ လက်ရှိသုံးစွဲနေသောစင်ကာပူဒေါ်လာ(၂၀)တန်ငွေစက္ကူရှိပြီးဖြစ်သောကြောင့် စင်ကာပူဗဟိုဘဏ်သည် နှစ်(၂၀၀)ပြည့်အမှတ်တရထုတ်ဝေမည့် စင်ကာပူဒေါ်လာ(၂၀)တန် ငွေစက္ကူအသစ် အရေအတွက်ကိုအကန့်အသတ်ဖြင့် ရွက်ရေ(၂)သန်းခန့်သာထုတ်ဝေသွားရန် ရည်မှန်းထားပြီး လိုအပ်ပါကရွက်ရေ(၅၀၀၀)ခန့် ထပ်မံထုတ်ဝေသွားရန် စီစဉ်ထားကြောင်း၊ အဆိုပါငွေစက္ကူအသစ် များကို ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့မှစတင်၍ စင်ကာပူနိုင်ငံရှိ DBS ၊ OCBC ၊ UOB ၊ Standard Chartered Bank အပါအဝင် ဘဏ်ကြီး(၉)ခုတို့၌ လဲလှယ်ထုတ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး အမှတ်တရအထိမ်းအမှတ်အနေဖြင့်ထုတ်ဝေသည့် ငွေစက္ကူဖြစ်သောကြောင့် တစ်ကြိမ်လဲလှယ်လျှင် ရွက်ရေ(၂၀)အထိသာ အကန့်အသတ်ဖြင့်လဲလှယ် ပေးသွားမည်ဟု www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။