အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ကုန်သွယ်ရေးစစ်ပွဲ၏ ခြေလှမ်းအသစ်အဖြစ် အမေရိကန် ထိပ်တန်းတက္ကသိုလ်နှင့်ကျောင်းများတွင် ပညာသင်ကြားနေသည့်တရုတ်နိုင်ငံသားများအပေါ် တင်းကြပ်မှုများ စတင်ပြုလုပ်ခဲ့မှု

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ကုန်သွယ်ရေးစစ်ပွဲ၏ ခြေလှမ်းအသစ်အဖြစ် အမေရိကန်ထိပ်တန်းတက္ကသိုလ်နှင့်ကျောင်းများတွင် ပညာသင်ကြားနေသည့်တရုတ်နိုင်ငံသားများအပေါ် တင်းကြပ်မှုများ စတင်ပြုလုပ်ခဲ့မှု

          အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ကုန်သွယ်ရေးစစ်ပွဲ၏ခြေလှမ်းအသစ်အဖြစ် အမေရိကန်ထိပ်တန်းတက္ကသိုလ်နှင့်ကျောင်းများတွင် ပညာသင်ကြားနေသည့် တရုတ်နိုင်ငံသားများအပေါ် ဗီဇာကန့်သတ်မှုများပြုလုပ်ခြင်း၊ တရုတ်နိုင်ငံနှင့် ဆက်စပ်ဆောင်ရွက်နေသည့် သုတေသနပညာရှင်များအား စောင့်ကြည့်ခြင်းတို့ကို စတင်ပြုလုပ်လျက်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားနေသော တရုတ်ကျောင်းသားများနှင့် တရုတ်ပညာရှင်များကလည်း လွန်ခဲ့သည့်ရက်သတ္တပတ်များမှစတင်၍ အမေရိကန်တက္ကသိုလ်များ၌ ပညာသင်ကြားခြင်း၊ သုတေသနပြုခြင်းကိစ္စများတွင် အမေရိကန်များ၏ ဆက်ဆံရေးမပြေလည်မှုများကို ကြုံတွေ့နေရသည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်‌ထောင်စုတို့အကြား ပညာရေးကဏ္ဍတွင် ဆက်စပ်မှုများစွာရှိကြောင်း၊ တရုတ်နိုင်ငံသားများသည် အခြားကမ္ဘာ့နိုင်ငံများထက် အမေရိကန်ပြည်ထောင်စုရှိ ကျောင်းများတွင်သာ ပညာသင်ကြားလိုကြကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားနေသည့် တရုတ်နိုင်ငံသား အရေအတွက်မှာ ၂၀၁၈ခုနှစ်၌ (၃၆၀,၀၀၀)ခန့်ရှိပြီး အများစုမှာ ထိပ်တန်း အမေရိကန်တက္ကသိုလ်ကြီးများတွင် တက်ရောက်နေကြခြင်းဖြစ်ကြောင်း၊ အမေရိကန်အာဏာပိုင်များသည် တရုတ်ကျောင်းသားများအတွက် နှစ်စဉ်ဗီဇာသက်တမ်းတိုးမြှင့်ပေးရာ၌ ယခင်ကဗီဇာလျှောက်ထားပြီး ရက်သတ္တပတ်(၃)ပတ်အတွင်း ခွင့်ပြုမိန့်ထုတ်ပေးခဲ့သော်လည်းယခုအခါ လအတန်ကြာသည်အထိ ခွင့်ပြုမိန့်ထုတ်မပေးသေးသည့်အတွက် တရုတ်ကျောင်းသားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ ဇွန်လ(၃)ရက် (တနင်္လာနေ့)တွင် ထုတ်ပြန်သည့်ကြေညာချက်၌ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားနေသည့် တရုတ်ကျောင်းသားများအနေဖြင့် ဗီဇာပယ်ချခံရခြင်းများရှိလာနိုင်သည်ဟု သတိပေးထားကြောင်းသိရှိရပါသည်။

          အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမျိုးသားလုံခြုံရေးနည်းဗျူဟာအရ အမေရိကန်ပြည်ထောင်စုနှင့် ပြိုင်ဘက်နိုင်ငံများထံသို့ နောက်ဆုံးပေါ် သိပ္ပံပညာ၊ နည်းပညာနှင့် အင်ဂျင်နီယာ ပညာရပ်များမရောက်ရှိစေရေးအတွက် အဆိုပါပညာရပ်များကိုနိုင်ငံခြားမှ လာရောက်သင်ကြား နေသူများအား ပြည်ဝင်ခွင့်ဗီဇာပေး/မပေး အပေါ်သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီးအထူးသဖြင့် တရုတ်ကျောင်းသားများအား ဗီဇာထုတ်ပေးခြင်းကို ကန့်သတ်သွားရန် လွန်ခဲ့သည့် နှစ်ကတည်းက ပြင်ဆင်ထားခဲ့ကြောင်း www.livetradingnews.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ကုန်းတွင်းပိုင်းအထိ သယ်ယူပို့ဆောင်ရေး တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဌာန အကြီးအကဲက ပြောကြားခဲ့

ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ကုန်းတွင်းပိုင်းအထိ သယ်ယူပို့ဆောင်ရေး တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဌာန အကြီးအကဲက ပြောကြားခဲ့

ထိုင်းနှင့် မြန်မာအစိုးရတို့သည် နှစ်နိုင်ငံနယ်စပ်များကို ဖြတ်ကျော်ကာ နိုင်ငံအတွင်းထိ ကားများဖြင့် ကူးလူးသွားလာနိုင်ရန်စီစဉ်လျက်ရှိပြီးယခုအခါ သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ အော်ပရေတာများခန့်အပ်ရန် စိစစ်ရွေးချယ်မှုများပြုလုပ်နေသည်ဟု ထိုင်းနိုင်ငံသယ်ယူပို့ဆောင်ရေးဌာနအကြီအကဲ ဖီရာဖွန်သာဝန်ဆူဖာချာရွန်က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနှင့်မြန်မာအစိုးရတို့သည်  နယ်စပ်ဖြတ်ကျော်ကာမော်တော်ယာဉ်များဖြင့် အပြန်အလှန် ခရီးသွားလာနိုင်ရေးနှင့်ပတ်သက်၍ တစ်ဘက်လျှင် သယ်ယူပို့ဆောင်ရေးအော်ပရေတာ (၁၀၀) ခန့်စီအား လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်မည့် ထိုင်းနိုင်ငံဘက်မှ မော်တော်ယာဉ်များသည် ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ ရန်ကုန်မြို့ အပါအဝင် သီလဝါအထူးစီးပွားရေးဇုန်အထိ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်မည့် မြန်မာနိုင်ငံဘက်မှ မော်တော်ယာဉ်များသည်လည်း ဘန်ကောက်မြို့နှင့်ချောင်ဘူရီပြည်နယ်ရှိ လန်ချာဘန်ဆိပ်ကမ်းမြို့အထိသို့ မော်တော်ယာဉ်များဖြင့် တိုက်ရိုက် မောင်းနှင်သွားလာနိုင်မည်ဖြစ်သည်ဟု သိရှိရပါသည်။

နှစ်နိုင်ငံနယ်နိမိတ်များအတွင်း ဝင်ရောက်၍ အပြန်အလှန်ကူးလူးဖြတ်သန်းမောင်းနှင်ရာတွင် ထိုင်းမော်တော်ယာဉ်များအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရာ၌ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှစတင်၍ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ဖြတ်ကျော်ကာ မြဝတီမြို့မှတစ်ဆင့် ရန်ကုန်နှင့် သီလဝါတို့သို့ သွားရောက်နိုင်မည့်လမ်းကြောင်းတစ်ခုသာရှိသော်လည်း မြန်မာမော်တော်ယာဉ်များမှာ ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်ရန်မှာ လမ်းကြောင်း(၂) ခုရှိကြောင်း၊ အဆိုပါလမ်းကြောင်း (၂)  ခုအနက် တစ်ခုမှာမြဝတီ – မဲဆောက်နယ်စပ်စခန်းမှ မတ်ခ်ဒါဟန်မြို့လမ်းကြောင်းဖြစ်ပြီး ကျန်တစ်ခုမှာ မဲဆောက်-ဘန်ကောက်-လန်ချာဘန်ဆိပ်ကမ်းမြို့ လမ်းကြောင်းဖြစ်သည်ဟု www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မက္ကဆီကို၊ တရုတ်၊ အိန္ဒိယအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့်ပတ်သက်သည့်အမေရိကန်သမ္မတ၏ တင်းမာသောကုန်သွယ်ရေးမူဝါဒများကြောင့်ကမ္ဘာ့ရေနံဈေးနှုန်းများမှာ (၄)လတာကာလအတွင်းအနိမ့်ဆုံးသို့ရောက်ရှိခဲ့

မက္ကဆီကို၊ တရုတ်၊ အိန္ဒိယအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ပတ်သက်သည့် အမေရိကန်သမ္မတ၏ တင်းမာသော ကုန်သွယ်ရေးမူဝါဒများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ (၄) လတာကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၂၀၁၉ ခုနှစ်၊ မေလ (၃၁) ရက်နေ့၌ အဓိကကုန်သွယ်ဖက် မက္ကဆီကိုနိုင်ငံမှ တင်သွင်းသောကုန်ပစ္စည်းများအား သွင်းကုန်ခွန် ၅% ကောက်ခံမည်ဖြစ်ကြောင်းနှင့် စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းနေသည့် ကုန်ပစ္စည်းများအပေါ်၌လည်း လက်ရှိပြဌာန်းထားသည့် အခွန်ကင်းလွတ်ခွင့်ပေးထားသောစနစ်ကို ဖျက်သိမ်းမည်ဟု ကြေညာခဲ့ကြောင်း၊ အမေရိကန်သမ္မတ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ ရေနံဝယ်လိုအားကျဆင်းသွားသည့်အတွက် ကမ္ဘာ့ရေနံဈေးနှုန်းမှာ (၄) လအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် အမေရိကန်အစိုးရ၏ စွမ်းအင်သတင်းထုတ်ပြန်ရေးဌာနက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့်အစီရင်ခံစာ၌ အမေရိကန်ပြည်ထောင်စု၏ ရေနံထုတ်လုပ်မှုပမာဏမှာ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းမှစတင်၍ တစ်နေ့လျှင် စည်ပေါင်း (၁၂.၃) သန်းခန့်အထိစံချိန်တင်ရောက်ရှိနေပြီး ရေနံအရန်သိုလှောင်မှုပမာဏမှာလည်း ၈.၄% မြင့်တက်ကာ၂၀၁၉ ခုနှစ်အတွင်းသိုလှောင်မှုအမြင့်ဆုံးဖြစ်သည့် စုစုပေါင်းရေနံစည်အရေအတွက် (၄၇၆.၅) သန်းသို့ ရောက်ရှိနေကြောင်း ဖော်ပြထားခြင်းသည်လည်း ရေနံဈေးနှုန်းများကို ကျဆင်းစေသည့် အခြားအချက်တစ်ခုပင်ဖြစ်ကြောင်း သိရှိရပါသည်။

          ကမ္ဘာ့ရေနံဈေးနှုန်းများမှာ အမေရိကန်သမ္မတ၏ ကုန်သွယ်ရေးဆိုင်ရာကြေညာချက်များ ထွက်ပေါ်ပြီးနောက် ၂၀၁၉ ခုနှစ်၊ မေလ (၃၁) ရက်နေ့မှ လက်ရှိအချိန်အထိကာလအတွင်း ၈.၁% အထိကျဆင်းခဲ့ကြောင်း၊ ဇွန်လ (၃) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၂.၉၁) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာလည်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၁.၃၇) သို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ (၂၉) ရက်နောက်ပိုင်း (၄) လတာကာလအတွင်းအနိမ့်ဆုံးဈေးနှုန်းများဖြစ်ကြောင်း www.bloomberg.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

 

ဂျပန်နိုင်ငံမှ Nissin Electric Co. သည် မြန်မာနိုင်ငံ၌စက်ရုံတည်ဆောက်၍ အကြီးစားလျှပ်စစ် ပစ္စည်းများထုတ်လုပ်ရန် စီစဉ်နေ

ဂျပန်နိုင်ငံမှ Nissin Electric Co. သည် မြန်မာနိုင်ငံ၌စက်ရုံတည်ဆောက်၍ အကြီးစားလျှပ်စစ် ပစ္စည်းများထုတ်လုပ်ရန် စီစဉ်နေ

ဂျပန်နိုင်ငံမှ Nissin Electric Co.သည် မြန်မာနိုင်ငံ၊ သီလဝါစက်မှုဇုန်အတွင်း စက်ရုံတည်ဆောက်၍ အကြီးစားလျှပ်စစ်ပစ္စည်များကိုထုတ်လုပ်ရန်စီစဉ်နေကြောင်း၊ Nissin ကုမ္ပဏီက ယခုရက်ပိုင်းအတွင်းထုတ်ပြန်သည့် ကြေညာချက်၌ Nissin သည် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သောHosoda Holding Co. နှင့်ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း သီလဝါစက်မှုဇုန်၌ စက်ရုံစတင်တည်ဆောက်သွားမည်ဖြစ်ပြီးကုန်ပစ္စည်းထုတ်လုပ်မှုကို ၂၀၂၀ ခုနှစ်၊ မတ်လတွင် စတင်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း၊ Nissin သည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၌လည်း စက်ရုံများတည်ဆောက်၍ ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိရာ အဆိုပါနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင်လုပ်အားခပိုမိုသက်သာသောကြောင့် အချို့သောပစ္စည်းများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းထုတ်လုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ Nissin သည် မြန်မာနိုင်ငံ၌ Nissin Electric Myanmar Co. အမည်ဖြင့် ကုမ္ပဏီတည်ထောင်ပြီး လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများနှင့် အပိုပစ္စည်းများကိုထုတ်လုပ်သွားမည်ဖြစ်ပြီးမြန်မာဈေးကွက်အတွင်းဖြန့်ချိရေးကိုမူHosoda Holding Co. က တာဝန်ယူဆောင်ရွက်လိမ့်မည်ဟုဖော်ပြထားကြောင်း သိရှိရပါသည်။

Nissin သည် သီလဝါတွင် စက်ရုံတည်ဆောက်ရာ၌ ရင်းနှီးမြှုပ်နှံငွေအဖြစ် အမေရိကန်ဒေါ်လာ (၁.၅) သန်းထည့်ဝင်မည်ဖြစ်ပြီးကုန်ပစ္စည်းထုတ်လုပ်ပြီးနောက် (၅) နှစ်တာကာလအတွင်း ပစ္စည်းရောင်းချရမှုများမှ ဝင်ငွေအမေရိကန်ဒေါ်လာ (၅.၅) သန်းခန့်အထိ ရရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

Nissin သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းကမ္ဘာတစ်ဝန်းလုံးတွင် လျှပ်စစ်ကုန်ပစ္စည်းများရောင်းချရာမှ အမေရိကန်ဒေါ်လာ (၆၇) သန်းခန့် ရရှိခဲ့ကြောင်း၊ Nissin သည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ Nissin စက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၏ ၄၀% မှ ၆၀% အထိကို ၎င်းနိုင်ငံများ၏ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနိုင်ခဲ့ကြောင်း www.bangkokpost.com  အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စုသည် အဓိကကုန်သွယ်ဖက် မက္ကဆီကိုနိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ၅%ကောက်ခံခဲ့သည့် ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၀၀) အထက်သို့ မြင့်တက်သွားခဲ့

အမေရိကန်ပြည်ထောင်စုသည် အဓိက ကုန်သွယ်ဖက် မက္ကဆီကိုနိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်  ၅ကောက်ခံခဲ့သည့် ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၀၀) အထက်သို့ မြင့်တက်သွားခဲ့

အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာသူ များပြားလာသည့် ပြဿနာအပေါ် အရေးယူသည့်အနေဖြင့်  အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် မက္ကဆီကိုနိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ် ၂၀၁၉ ခုနှစ်၊ ‌ဇွန်လ (၁၀) ရက်နေ့မှစတင်၍ သွင်းကုန်ခွန် ၅% ကောက်ခံမည်ဟု မေလ (၃၀) ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ မက္ကဆီကိုနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး စက်ပစ္စည်းများ၊ ရေနံနှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းလျက်ရှိကြောင်း၊ အထူးသဖြင့် အမေရိကန်မော်တော်ယာဉ် ကုမ္ပဏီကြီးများအပါအဝင် စက်မှုလုပ်ငန်းအများစုသည် မက္ကဆီကိုနိုင်ငံအတွင်း၌ စက်ရုံများ တည်ဆောက်ထုတ်လုပ်ပြီး မော်တော်ယာဉ်နှင့်ယာဉ်အပိုပစ္စည်းများကို အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်တင်သွင်းလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်းအမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခဲ့သည့် မက္ကဆီကိုသွင်းကုန်များ၏ တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ (၃၇၁.၉) ဘီလီယံခန့်ရှိပြီး မက္ကဆီကိုနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့်ကုန်သွယ်ရာ၌ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ (၇၂.၇) ဘီလီယံအထိရရှိခဲ့ကြောင်း၊ ယခုအခါ အမေရိကန်သမ္မတသည် အမေရိကန်ပြည်ထောင်စုအတွက် အရေးပါသည့် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သော မက္ကဆီကိုနိုင်ငံအပေါ်၌ပါ ကုန်သွယ်ရေးဆိုင်ရာအရေးယူမှုများပြုလုပ်ခဲ့သောကြောင့် ကမ္ဘာပေါ်ရှိအခြားမည်သည့်နိုင်ငံမဆို အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုများကို အချိန်မရွေးကြုံတွေ့လာနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အမေရိကန်သမ္မတအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရာ၌ ကုန်သွယ်ရေးပိုငွေပြနေသည့် ဂျာမနီနိုင်ငံနှင့်အခြားသောဥရောပနိုင်ငံများကိုပါ သွင်းကုန်ခွန်ပြဌာန်းရန် စီစဉ်နေခြင်းနှင့် တရုတ်အစိုးရကလည်း အမေရိကန်ကုန်ပစ္စည်းများအပေါ် ယခုဇွန်လ (၁) ရက်နေ့မှစတင်၍ သွင်းကုန်ခွန်များ စတင်တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း အစရှိသည့်အချက်များကြောင့် ကမ္ဘာ့ စီးပွားရေးထိခိုက်မည့်အပေါ် စိုးရိမ်ပူပန်နေကြခြင်းသည်လည်း ရွှေဝယ်လိုအားကိုတိုးကာ ရွှေဈေးနှုန်းကို ပိုမိုအားကောင်းစေခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်(စနေနေ့) တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၄% မြင့်တက်ကာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၁၁.၁၀) သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ မေလအတွင်း၌  ၂%  မြင့်တက်ခဲ့ကြောင်း www.bloomberg.com  အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ထိုင်းနိုင်ငံ၌ရွေးကောက်ပွဲအပြီးနိုင်ငံရေးပါတီများ၏အားပြိုင်မှုကြောင့်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးမှာနှောင့်နှေးလျက်ရှိသော်လည်းမထင်မှတ်ဘဲဝင်ရောက်လာသည့်ပြည်ပအရင်းအနှီးများကြောင့် ဘတ်ငွေတန်ဖိုးမှာမြင့်တက်လာခဲ့မှု

ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲအပြီး နိုင်ငံရေးပါတီများ၏ အားပြိုင်မှုကြောင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးမှာ နှောင့်နှေးလျက်ရှိသော်လည်း မထင်မှတ်ဘဲဝင်ရောက်လာသည့် ပြည်ပအရင်းအနှီးများကြောင့် ဘတ်ငွေတန်ဖိုးမှာ မြင့်တက်လာခဲ့မှု

ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲပြီးဆုံးပြီးနောက်တွင် တပ်မတော်အစိုးရကို ကျောထောက်နောက်ခံပြုထားသည့် ပါလန်ပရာချာရတ်ပါတီ (PPRP) သည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန်အတွက် အပေးအယူလုပ်သည့်အနေဖြင့် ကြားနေနိုင်ငံရေးပါတီကြီးဖြစ်‌သော ဒီမိုကရက်ပါတီ၏ လွှတ်တော်အမတ်ဝန်ကြီးချုပ်ဟောင်း ချွန်လိပိုင်ကို အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ ရရှိစေရန်အတွက် ထောက်ခံမဲပေးခဲ့ပြီး ဒီမိုကရက်ပါတီနှင့်ညှိနှိုင်းခဲ့ကြောင်း၊ သို့သော် ဒီမိုကရက်ပါတီသည် အစိုးရအဖွဲ့၌ လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် လူမှုဘဝလုံခြုံရေးဝန်ကြီးအစရှိသည့် ဝန်ကြီး (၃) နေရာကိုပါ ဒီမိုကရက်ပါတီဝင်များအားခန့်အပ်ရန် ထပ်မံတောင်းဆိုခဲ့သည့်အပေါ် PPRP က သဘောတူခြင်းမရှိသေးသည့်အတွက် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးဆွေးနွေးပွဲမှာ ရပ်ဆိုင်းလျက်ရှိကြောင်း သိရှိရပါသည်။

သက်ဆင်ကို လိုလားသောပွေထိုင်းပါတီဦးဆောင်သည့် မဟာမိတ်ပါတီများအဖွဲ့သည် မူလက ပွေထိုင်းပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ အမျိုးသမီးနိုင်ငံရေးသမား ဆူဒါရတ်အားဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းရန် စီစဉ်ထားခြင်းကို ဖျက်သိမ်း၍ ယင်လပ်အစိုးရလက်ထက်၌ ပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ချာချက်စီတီပတ်နှင့် တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူချိုက်ကာဆန်နစ်တီဆရီတို့အနက်မှ တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းရန် စီစဉ်နေကြောင်း၊ ကြားနေနိုင်ငံရေးပါတီကြီးများသည် PPRP နှင့် ညှိနှိုင်း၍မရပါက ပွေထိုင်းပါတီနှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမည့် အနေအထားရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲအပြီးနိုင်ငံရေးပါတီများ၏ အားပြိုင်မှုကြောင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးမှာ နှောင့်နှေးလျက်ရှိသော်လည်းမထင်မှတ်ဘဲဝင်ရောက်လာသည့် ပြည်ပအရင်းအနှီးများကြောင့် ဘတ်ငွေတန်ဖိုးမှာ မြင့်တက်လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ကုန်ထုန်လုပ်မှုဆက်တိုက်တိုးတက်လာခဲ့ခြင်းကို အကြောင်းပြု၍ ထိုင်းစတော့ရှယ်ယာဈေးကွက်အတွင်းသို့ ပြည်ပနိုင်ငံများမှ အရင်းအနှီးများယခုရက်သတ္တပတ်အတွင်း ဆက်တိုက်ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၈) ရက် (အင်္ဂါနေ့) တစ်ရက်တာကာလအတွင်း၌ပင် ထိုင်းစတော့ရှယ်ယာများကို ပြည်ပရင်းနှီးမြှုပ်နှံသူများက ဝယ်ယူမှုပမာဏသည် အမေရိကန်ဒေါ်လာ (၃၉၃) သန်းခန့်ရှိခဲ့ကြောင်း၊အလားတူယခုမေလအတွင်း ထိုင်းငွေတိုက်စာချုပ်များအား ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ စုစုပေါင်းဝယ်ယူမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၀၅) သန်းခန့်ရှိခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အမေရိကန်အစိုးရသည် ထိုင်းနိုင်ငံအားငွေကြေးတန်ဖိုးကို တမင်နှိမ့်ချထားသည့်  နိုင်ငံများစာရင်းတွင် ထည့်သွင်း၍ ကုန်သွယ်ရေးအရ အရေးယူရန် စဉ်းစားနေကြောင်းကို ကြိုတင်သတိပေးခဲ့သည့်အတွက် ထိုင်းဗဟိုဘဏ်အနေဖြင့် ဘတ်ငွေနှင့်ပတ်သက်သည့် ငွေကြေးမူဝါဒများကို အမြန်ဆုံးတင်းကြပ်နိုင်ရန် စီစဉ်နေခြင်းမှာလည်း ဘတ်ငွေတန်ဖိုးကိုမြင့်တက်စေသည့်အခြားအချက်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

ဘတ်ငွေတန်ဖိုးသည် ယခုမေလအတွင်း ၀.၃% အထိမြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊မေလ (၃၀) ရက် (ကြာသတေးနေ့) ၌ အမေရိကန်တစ်ဒေါ်လာလျှင်(၃၁.၈၀) ဘတ်လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ လက်ရှိအချိန်၌ ဘတ်ငွေသည် အာရှဒေသသုံးငွေကြေးများအနက် အားအကောင်းဆုံးငွေကြေးအဖြစ် ရပ်တည်နေကြောင်း  www.bangkokpost.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဟွာဝေးကုမ္ပဏီအပါအဝင် တရုတ်ကုမ္ပဏီ(၃)ခုသည် ကမ္ဘာပေါ်တွင် စမတ်ဖုန်းဒုတိယအများဆုံးရောင်းချရသည့် ထိပ်တန်းကုမ္ပဏီများတွင်ပါဝင်လျက်ရှိမှု

ဟွာဝေးကုမ္ပဏီအပါအဝင် တရုတ်ကုမ္ပဏီ(၃)ခုသည် ကမ္ဘာပေါ်တွင် စမတ်ဖုန်း ဒုတိယအများဆုံး ရောင်းချရသည့် ထိပ်တန်းကုမ္ပဏီများတွင် ပါဝင်လျက်ရှိမှု

တရုတ်နိုင်ငံအခြေစိုက် ဟွာဝေးကုမ္ပဏီသည် ၂၀၁၉ ခုနှစ်၊ ပထမ(၃)လတာကာလအတွင်း၌ ကမ္ဘာပေါ်တွင် စမတ်ဖုန်း ဒုတိယအများဆုံးရောင်းချရသည့် ထိပ်တန်းကုမ္ပဏီအဖြစ်ရပ်တည်နေသည်ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာ့အကြီးဆုံးစီးပွားရအကြံပေး နှင့် သုတေသနလုပ်ငန်း ဖြစ်သည့် Gartner ကုမ္ပဏီက ၂၁၀၉ ခုနှစ်၊မေလ(၂၈)ရက်(အင်္ဂါနေ့)တွင် ကြေညာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ပထမ (၃)လတာကာလအတွင်း ကမ္ဘာပေါ်၌စမတ်ဖုန်းရောင်းချရမှုအများဆုံးကုမ္ပဏီများမှာ Samsung ၊ Huawei ၊ Apple ၊ OPPO နှင့် Vivo တို့ဖြစ်ကြောင်း၊ ထို့ကြောင့် စမတ်ဖုန်းရောင်းချရမှုအများဆုံး ထိပ်တန်းကုမ္ပဏီ(၅)ခုတွင် တရုတ်ကုမ္ပဏီ(၃)ခုပါဝင်လျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝန်းစမတ်ဖုန်းဈေးကွက်ကိုပိုင်ဆိုင်ထားသည့် ကုမ္ပဏီ အသီးသီး၏ ဈေးကွက်ဝေစုရာခိုင်နှုန်းမှာ Samsung  ၁၉.၂% ၊ Huawei  ၁၅.၇% ၊  Apple  ၁၁.၉% ၊  OPPO ၇.၉% ၊ Vivo ၇.၃% နှင့် အခြား ကုမ္ပဏီများမှာ ၃၇.၉% တို့ဖြစ်ကြောင်းသိရှိရပါသည်။

Gartner ကုမ္ပဏီ၏စာရင်းအချက်အလက်များအရ ဟွာဝေးသည် ၂၀၁၉ ခုနှစ်၊ ပထမ(၃)လတာကာလအတွင်း၌ ကမ္ဘာတစ်ဝန်းစမတ်ဖုန်း အလုံးရေ(၅၈.၄)သန်းခန့်ရောင်းချခဲ့ရပြီး ဟွာဝေးရောင်းချရမှု အများဆုံး ဈေးကွက်နှစ်ခုမှာ ဥရောပတိုက်နှင့်တရုတ်ပြည်မကြီးပင်ဖြစ် ကြောင်း၊ အထူးသဖြင့် ဥရောပတိုက်၌ ဟွာဝေးဖုန်းသုံးစွဲသူဦးရေပမာဏသည် ၂၀၁၉ ခုနှစ်၊ ပထမ(၃)လတာကာလအတွင်း၌ ၆၉% ခန့် တိုးတက်များပြားလာခဲ့သည်ဟုသိရှိရပါသည်။

လက်ရှိအချိန်၌ အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများသည် ဟွာဝေးကုမ္ပဏီကို အထိနာစေ နိုင်ကြောင်း၊ ဟွာဝေးသုံးစွဲသူအရေအတွက်၏ထက်ဝက်ခန့်မှာတရုတ်ပြည်မကြီးအပြင်ဘက်ရှိကမ္ဘာ့နိုင်ငံအသီးသီးမှသုံးစွဲသူများဖြစ်ရာ Google နှင့်ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများမှာ ဟွာဝေးစမတ်ဖုန်းများ၌အပြီးတိုင်အသုံးပြု၍မရနိုင်တော့ပါက ဟွာဝေးဖုန်းဝယ်ယူအသုံးပြုမှုများ သိသိသာသာလျော့နည်း သွားနိုင်သည်ဟု Gartner ကုမ္ပဏီ၏အစီရင်ခံစာ၌ဖော်ပြထားကြောင်း  www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်အစိုးရသည် ကုန်သွယ်ရေးအသာစီးရရန်အတွက် နိုင်ငံသုံးငွေကြေးတန်ဖိုးကို ထိန်းချုပ်နေသောနိုင်ငံများတွင် တရုတ်နိုင်ငံအပြင် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့ကိုပါထည့်သွင်းခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာအရေးယူဖွယ်ရှိမှု

အမေရိကန်အစိုးရသည် ကုန်သွယ်ရေးအသာစီးရရန်အတွက် နိုင်ငံသုံးငွေကြေးတန်ဖိုးကို ထိန်းချုပ် နေသောနိုင်ငံများတွင် တရုတ်နိုင်ငံအပြင် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့ကိုပါထည့်သွင်း ခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ အရေးယူဖွယ်ရှိမှု

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနက  ၂၀၁၉ ခုနှစ်၊ မေလ(၂၈)ရက် (အင်္ဂါနေ့)တွင် ကွန်ဂရက် လွှတ်တော်သို့ပေးပို့ခဲ့သည့် ကုန်သွယ်ရေးအကျိုးအမြတ်အတွက် နိုင်ငံသုံးငွေကြေးတန်ဖိုးအား စိတ်တိုင်းကျထိန်းချုပ်နေသော ကမ္ဘာ့နိုင်ငံများအစီရင်ခံစာတွင် အရှေ့တောင်အာရှနိုင်ငံ(၃)ခုဖြစ်သည့် စင်ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်လာသည်ကိုတွေ့ရှိရကြောင်း၊ ဘဏ္ဍာရေးဝန်ကြီး ဌာနသည် အဆိုပါ အစီရင်ခံစာအား တစ်နှစ်လျှင်(၂)ကြိမ်ပြုစုထုတ်ဝေပြီး အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စု နှင့်ကုန်သွယ်ရာ၌ ကုန်သွယ်ရေးပိုငွေပြနေသည့် နိုင်ငံများ၏စီးပွားရေးနှင့်ငွေကြေးဈေးကွက် အခြေအနေကို အသေးစိတ်လေ့လာအကဲခတ်ကာ ပြုစု    ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏အစီရင်ခံစာတွင် နိုင်ငံတကာကုန်သွယ်မှုကိစ္စများ၌ အကျိုးအမြတ်ဖြစ်ထွန်းစေရန်အတွက် သက်ဆိုင်ရာ နိုင်ငံသုံးငွေကြေးတန်ဖိုးများကို ဖြစ်သင့်ဖြစ်ထိုက်သည့်အနေအထား၌မထားရှိဘဲ လိုသလိုထိန်းချုပ်အတင်အချပြုလုပ်နေသောနိုင်ငံ(၉)နိုင်ငံ စာရင်းကိုဖော်ပြထားရာ အဆိုပါ(၉) နိုင်ငံမှာ တရုတ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး အဆိုပါ(၉)နိုင်ငံအား ဂရုပြု စောင့်ကြည့်မှုများပြုလုပ်သွားရမည်ဟု ဖော်ပြထားကြောင်း  သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုသည် ငေွကြေးတန်ဖိုးကိုလိုသလိုထိန်းချုပ်ကစားနေသော နိုင်ငံများအားကုန်သွယ်ရေးအရ အရေးယူပိတ်ဆို့မှုများပြုလုပ်ဖွယ်ရှိကြောင်း၊ အမေရိကန်အစိုးရ၏ကြေညာချက်၌ အဆိုပါနိုင်ငံများသည် အမေရိကန်ပြည်ထောင်စုနှင့်ကုန်သွယ်ရာ၌ ကုန်သွယ်ရေးအသာစီးရရှိစေရန်အတွက် ငွေကြေးတန်ဖိုးကိုတမင်နှိမ့်ချထားသည်ဟုစွပ်စွဲထားကြောင်း၊ မလေးရှားနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ကမူ အမေရိကန်ပြည်ထောင်စု၏ စွပ်စွဲချက်ကိုပယ်ချခဲ့ပြီး ၎င်းတို့အနေ ဖြင့်ကုန်သွယ်ရေး ကိစ္စ၌ လွတ်လပ်၍မျှတသောကုန်သွယ်မှုဖြစ်ပေါ်စေရေးကိုသာလုပ်ဆောင်လျက်ရှိပြီး တရားမျှတမှု မရှိသည့် ငွေကြေးမူဝါဒများကို ကျင့်သုံးခြင်းမရှိဟုတုံ့ပြန်       ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်တွင် စင်ကာပူနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့်ကုန်သွယ်ရာ၌ အမေရိကန်ဒေါ်လာ (၁၇)ဘီလီယံပိုငွေပြခဲ့ပြီး မလေးရှားနိုင်ငံမှာမူအမေရိကန်ပြည်ထောင်စုနှင့်ကုန်သွယ်ရာ၌ အမေရိကန် ဒေါ်လာ(၂၇)ဘီလီယံပိုငွေပြခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံသည်လည်း    အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရာတွင်အမေရိကန်ဒေါ်လာ(၃၅)ဘီလီယံခန့်အထိပိုငွေပြခဲ့ကြောင်း www.cnbc.comအင်တာနက်  website တွင် ဖော်ပြပါရှိပါသည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)သည် အိန္ဒိယ-မြန်မာနယ်စပ်အနီး၌ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရခြင်းမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာခဲ့မှု

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)သည် အိန္ဒိယမြန်မာနယ်စပ်အနီး၌ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရခြင်းမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာခဲ့မှု

အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့ဖြစ်သည့်နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)သည်၂၀၁၉ ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် နယ်ခြား မှတ်တိုင်အမှတ်(၁၄၇)နှင့်(၁၄၈)အကြား၌အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များ ချုံခိုတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍၎င်းတို့၏လက်ချက်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ(၂၇)ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

NSCN-K ၏ ကြေညာချက်၌ မိမိတို့နှင့်အိန္ဒိယအစိုးရတို့အကြား ၂၀၀၁ ခုနှစ်၌ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရယူခဲ့သော် လည်း အိန္ဒိယအစိုးရက အဆိုပါသဘောတူညီချက်ကို ၂၀၁၅ ခုနှစ်၊ မတ်လတွင်ချိုးဖောက်ခဲ့သောကြောင့် နာဂလန်းပြည်နယ်အတွင်း၌ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ပြင်အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ နာဂတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရန်အတွက် မြန်မာ့တပ်မတော်အား တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်နှင့် နာဂတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ အကြား ၂၀၁၂ ခုနှစ်မှစ၍  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူခဲ့သော်လည်း ယခုအခါ    မြန်မာ့တပ်မတော်သည် အိန္ဒိယအစိုးရ၏တောင်းဆိုမှုများကြောင့် နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ်၌ စစ်ဆင်ရေးများပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် NSCN-K သည် အိန္ဒိယအစိုးရ၏ ရိုးသားမှုမရှိသည့်လုပ်ရပ်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင် များအားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားကြောင်း၊၂၀၁၉ခုနှစ်၊မေလ(၂၅)ရက် (စနေနေ့)၌ အိန္ဒိယ-မြန်မာနယ်စပ်ရှိနယ်ခြားမှတ်တိုင်အမှတ်(၁၄၇)နှင့် (၁၄၈)အကြား ဖြစ်ပွားခဲ့သော NSCN-K အဖွဲ့၏ တိုက်ခိုက်မှုဖြစ်စဉ်တွင်အာသံရိုင်ဖယ်တပ်ဖွဲ့မှ အရာရှိငယ်တစ်ဦးအပါဝင်(၂)ဦး သေဆုံးခဲ့ပြီး (၃)ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းကို www.e-pao.net အင်တာနက် websiteဖော်ပြပါရှိပါသည်။

 

တရုတ်နိုင်ငံမှစတင်ခဲ့သည့် ဝက်တုပ်ကွေးရောဂါသည် အိမ်နီးချင်းနိုင်ငံများသို့ ကူးစက်ပျံ့နှံ့နေသောကြောင့် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများတွင် အကျပ်အတည်းများကြုံတွေ့နေရမှု

တရုတ်နိုင်ငံမှစတင်ခဲ့သည့် ဝက်တုပ်ကွေးရောဂါသည် အိမ်နီးချင်းနိုင်ငံများသို့ ကူးစက်ပျံ့နှံ့နေသော ကြောင့် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများတွင် အကျပ်အတည်းများကြုံတွေ့နေရမှု

တရုတ်နိုင်ငံမှ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင်စတင်ခဲ့သည့် ဝက်တုပ်ကွေးရောဂါ သည် ယခုအခါ အိမ်နီးချင်းနိုင်ငံများသို့ ကူးစက်ပျံ့နှံ့နေသောကြောင့် ထိုင်းနှင့်ဗီယက်နမ် နိုင်ငံများတွင် အကျပ်အတည်း များ ကြုံတွေ့နေရကြောင်း၊ လက်ရှိအချိန်၌ ဝက်တုပ်ကွေးရောဂါကူးစက်နေသည့် နိုင်ငံများတွင် တရုတ်၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံတို့ပါဝင်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန သည် ဝက်တုပ်ကွေးရောဂါကို အထူးသတိထားကြရန် ထိုင်းနိုင်ငံတစ်ဝန်းတွင် သတိပေးချက်ထုတ်ပြန် ခဲ့ပြီး ကြိုတင်ကာကွယ်မှုများပြုလုပ်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် လေဆိပ်၊ နယ်စပ်စစ်ဆေးရေး ဂိတ်များမှတဆင့် ဈေးများ၊ သားသတ်ရုံများသို့ တရားမဝင် တင်သွင်းလာသော ဝက်နှင့်ဝက်သားများ ကို တင်းကျပ်စွာစစ်ဆေးနေပြီး  နိုင်ငံအတွင်းရှိ ဝက်ခြံများ၌ ရုတ်တရက် သေဆုံးသောဝက်များရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးတင်ပြရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။

ဟောင်ကောင်တက္ကသိုလ်၏  ကူးစက်ရောဂါပညာဌာန ပါမောက္ခဖြစ်သူ ဒစ်ပိုင်ဖာ က ပြောကြားရာ၌   ဝက်တုပ်ကွေးရောဂါ နှင့်ပက်သက် ၍  မည့်သည်နိုင်ငံမျှစိတ်ချရသော အခြေအနေတွင်မရှိကြောင်း၊ ဝက်တုပ်ကွေးရောဂါသည် ထိုင်းနိုင်ငံသာမက အခြားမည်သည့် နေရာဒေသသို့မဆို အလွယ်တကူကူးစက် နိုင်သည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် တစ်နှစ်လျှင်ဝက်ကောင်ရေ(၂)သန်းခန့်မွေးမြူပြီး ပြည်ပသို့တင်ပို့လျက်ရှိရာ ၄၀%  မှာ  ကမ္ဘောဒီးယား၊ လာအိုနှင့်မြန်မာနိုင်ငံတို့သို့ တင်ပို့နေခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ဝက်နှင့်ဝက်သားတို့တင်သွင်းခွင့်မရှိကြောင်း၊ ထိုင်းနိုင်ငံမွေးမြူးရေးဝန်ကြီးဌာန အနေဖြင့် လေဆိပ်နှင့် နယ်စပ်ဒေသမှတင်သွင်းလာသော ဝက်သားနှင့်ဆက်စပ်စားသောက်ကုန်ပစ္စည်း များကို ၂၀၁၈ ခုနှစ်၊  ဩဂုတ်လမှစတင်၍ စစ်ဆေးလျက်ရှိကြောင်း၊  ထိုင်းနိုင်ငံတွင် ယခုအချိန်ထိ ဝက်တုပ်ကွေးရောဂါ ကူးစက်ခံရခြင်းမရှိသေးကြောင်း သိရှိရပါသည်။

ထိုင်းအစိုးရသည် ဝက်တုပ်ကွေးရောဂါဖြစ်ပွားပါကထိုင်းနိုင်ငံ၏စီးပွားရေး၌အမေရိကန်ဒေါ်လာ (၁)ဘီလီယံမှ(၂)ဘီလီယံခန့်အထိဆုံးရှုံးမှုဖြစ်ပေါ်နိုင်သည်ဟု တွက်ချက်ထားပြီး ဝက်တုပ်ကွေး ရောဂါကိုကာကွယ်ရန်အတွက် အမေရိကန်ဒေါ်လာ(၄.၇)သန်းခန့် အသုံးစရိတ်ပြဌာန်းထားကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံတွင်ဝက်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ဝက်ကောင်ရေ(၁.၇)သန်း ခန့်ကို သုတ်သင်ခဲ့ရကြောင်း၊ လက်ရှိအချိန်၌ ဗီယက်နမ်နိုင်ငံရှိ ပြည်နယ်နှင့်မြို့ကြီး စုစုပေါင်း(၄၂)ခု တို့၌ ဝက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့လျက်ရှိကြောင်း၊ မိုးရာသီသို့ကျရောက်ပါက မဲခေါင်မြစ်ဝှမ်း ဒေသတွင် ဝက်တုပ်ကွေးရောဂါပျံ့နှံ့မှုမှာ ပိုမိုများပြားလာနိုင်သည်ဟု ဗီယက်နမ်အာဏာပိုင်များက ခန့်မှန်းထားကြောင်း၊ ဗီယက်နမ်အစိုးရသည်တောင်သူများနှင့်ဝက်မွေးမြူရေးသမားများအား ရောဂါကြောင့်ဝက်များသေဆုံးပါကပြင်ပသို့ရောင်းချခြင်းမပြုဘဲ အစိုးရထံအပ်နှံကြရန် နှင့် အစိုးရအနေဖြင့် လာရောက်အပ်နှံ သည့်ဝက်များအား အလေးချိန်အလိုက် ပြင်ပဈေးကွက် ပေါက်ဈေးအတိုင်းလျော်ကြေးပေးသွားမည်ဟုကြေညာထားကြောင်း www.bangkokpost.com  အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။