တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး Sinovac အား သုံးကြိမ် ထိုးနှံခြင်းသည် Omicron အား ၉၄% အထိ ကာကွယ်ပေးနိုင်သည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးကော်မရှင်က ပြောကြားခဲ့မှု

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး Sinovac အား သုံးကြိမ် ထိုးနှံခြင်းသည် Omicron အား ၉၄%
အထိ ကာကွယ်ပေးနိုင်သည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးကော်မရှင်က ပြောကြားခဲ့မှု

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး Sinovac အား သုံးကြိမ်ထိုးနှံခြင်း အားဖြင့် မျိုးကွဲသစ် Omicron ကူးစက်မှုကို ၉၄% အထိကာကွယ်ပေးနိုင်သည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌချာလမ်ချိုင်း ဘွန်ယာလီဖန်က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ချာလမ်ချိုင်း ဘွန်ယာလီဖန်ကပြောကြားရာ၌ Omicron မျိုးကွဲသစ်အား စစ်ဆေးတွေ့ရှိခဲ့ ခြင်းမရှိမီက ကမ္ဘာ့နိုင်ငံများ၌ ရောဂါကူးစက်မှုများကို အများဆုံးဖြစ်ပေါ်စေသည့် ကူးစက်မှုလျင်မြန် သော Delta  သည်ပင် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ရန် အချိန်(၃)လခန့် ကြာမြင့်ခဲ့ကြောင်း၊ သို့သော် မျိုးကွဲ သစ် Omicron သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်သို့ (၁)လတာကာလမပြည့်မီမှာပင်  ပျံ့နှံ့ရောက် ရှိသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် Omicron အား စိုးရိမ်ရသည့် မျိုးကွဲ ပိုးအဖြစ်သတ်မှတ် ထားခြင်းဖြစ်ကြောင်း၊ လတ်တလောကာလများအတွင်း Pfizer ကုမ္ပဏီ၏ လေ့လာဆန်း စစ်ချက် များအရ  Pfizer ၏ ကာကွယ်ဆေးအား (၂)ကြိမ်ထိုးနှံခြင်းသည် Omicron အပေါ် ကာကွယ်နိုင်မှု ၃၃% မျှသာရှိပြီး တတိယအကြိမ် ထိုးနှံပြီးနောက်တွင်မူ Omicron အပေါ် ကာကွယ်နိုင်မှုမှာ ၉၀% ဝန်းကျင်အထိ မြင့်တက်လာသည်ကို သိရှိရကြောင်း၊ အလားတူ တရုတ် နိုင်ငံထုတ်  ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac အား(၂)ကြိမ်ထိုးနှံပြီးပါက Omicron အပေါ် ကာကွယ်နိုင်မှုမှာ ၃၅% ခန့်သာရှိသော်လည်း Booster shot အဖြစ် တတိယအကြိမ်ထိုးနှံပြီးပါက Omicron အပေါ် ကာကွယ်နိုင်မှုမှာ ၉၄% ခန့်အထိ မြင့်တက်လာသည်ကို လေ့လာဆန်းစစ်မှုများအရ တွေ့ရှိထားကြောင်း၊ သို့ဖြစ်ရာ Sinovac အား(၃)ကြိမ်ထိုးနှံပြီးနောက် ရရှိသည့်အာနိသင်မှာ Pfizer ၏ကာကွယ်ဆေးအား (၃)ကြိမ် ထိုးနှံပြီးနောက်ရရှိသည့်အာနိသင်နှင့် တန်းတူညီမျှသည့် အနေအထားရှိကြောင်း၊ ထို့ကြောင့် Omicron အား ကာကွယ်နိုင်ရေးအတွက် Sinovac သည် ရွေးချယ်ရန် စဉ်းစားသင့်သော ကာကွယ်ဆေး တစ်ခုပင်ဖြစ်ကြောင်း၊  ထိုင်းနိုင်ငံအနေဖြင့်လည်း Omicron ကာကွယ်နိုင်ရေးအတွက် Sinovac အား ဖော်စပ်ပုံနှင့်တူညီသော ကာကွယ်ဆေးမျိုးကို စမ်းသပ်ဖော်စပ်သင့်သည်ဟု ပြောကြားခဲ့ကြောင်း www.nationthailand.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဥရောပတိုက်၌ စွမ်းအင်အကျပ်အတည်းရင်ဆိုင်နေရသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်အားကောင်းလျက်ရှိမှု

ဥရောပတိုက်၌ စွမ်းအင်အကျပ်အတည်းရင်ဆိုင်နေရသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ
ဆက်လက်အားကောင်းလျက်ရှိမှု

ဥရောပနိုင်ငံများတွင် ရာသီဥတုအလွန်အေးသည့် ခရစ္စမတ်ပွဲတော်အကြိုရက်ပိုင်းများမှစတင်၍ စွမ်းအင်လိုအပ်ချက် ပြဿနာများရင်ဆိုင်နေရသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အားကောင်းလျက် ရှိကြောင်း၊ ဥရောပတိုက်၌ စွမ်းအင်အကျပ်အတည်းကြုံတွေ့နေရခြင်း၏ အဓိကအကြောင်းအရင်းများမှာ ယူကရိန်းပြဿနာကိုအကြောင်းပြု၍ ရုရှားနိုင်ငံကဥရောပတိုက်သို့ သဘာဝဓါတ်ငွေ့တင်ပို့မှုကို လျှော့ချခဲ့ခြင်း၊ ဂျာမနီနိုင်ငံ၌ ရာသီဥတုပြဿနာကြောင့် လေအားလျှပ်စစ်ထုတ်လုပ်သည့်စက်ရုံများ၏ ဓါတ်အားထုတ်လုပ်မှုများလျော့နည်းသွားခြင်း၊ ဥရောပတိုက်သို့ နျူကလီးယားစွမ်းအင်မှ ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားများကိုဖြန့်ဖြူးနေသော ပြင်သစ်နိုင်ငံရှိ နျူကလီးယားဓါတ်ပေါင်းဖို(၅၆)ခု အနက်(၄)ခုတွင် နည်းပညာပိုင်းဆိုင်ရာပြဿနာများကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကိုခေတ္တ ရပ်ဆိုင်းထားရခြင်းနှင့် ရာသီဥတုအလွန်အေးသည့်အတွက် ဥရောပတိုက်ရှိပြည်သူများ၏ အပူပေးစနစ်အတွက် စွမ်းအင်သုံးစွဲမှု ပိုမိုများပြားလာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စွမ်းအင်လိုအပ်ချက်များ ဖြစ်ပေါ်နေသည့် ဥရောပဈေးကွက်၌ ခရစ္စမတ်ကာလပိတ်ရက်များမတိုင်မီ သဘာဝဓါတ်ငွေ့ဈေးနှုန်းမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်သည့် (၁,၀၀၀)ကုဗမီတာလျှင် အမေရိကန် ဒေါ်လာ(၂,၄၉၅)ဈေးနှုန်းသို့ ရောက်ရှိခဲ့ ကြောင်း၊ ဥရောပဈေးကွက်၌ သဘာဝဓါတ်ငွေ့ဈေးနှုန်းမှာ နိုဝင်ဘာလကုန်ပိုင်းက(၁,၀၀၀)ကုဗမီတာလျှင် အမေရိကန်ဒေါ်လာ(၁,၄၂၅)ဝန်းကျင်သာရှိခဲ့ကြောင်း သိရှိရပါသည်။

ဥရောပတိုက်၌ စွမ်းအင်လိုအပ်ချက်ဖြစ်ပေါ်နေသည့်သတင်းကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာ ခရစ္စမတ်ကာလအကြိုရက်သတ္တပတ်အတွင်း၌ ၄% အထိမြင့်တက်ခဲ့ပြီး လက်ရှိ အချိန်၌ WTI ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇၃.၃၈)၌လည်းကောင်း၊ ဘရန့်ရေနံဈေးနှုန်း မှာ တစ်စည်လျှင် အမေရိကန်ဒါ်လာ(၇၆.၅၄)ဝန်းကျင်၌လည်းကောင်း အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။