(၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

 

“ ထိုက်ထိုက်တန်တန်”

 

         အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ ကြီးကြပ် လမ်းညွှန်မှု၊ ဌာနအကြီးအကဲများ၏ ဦးဆောင်မှုဖြင့် ပေးအပ်လာသည့် လုပ်ငန်းတာဝန် များကို မျက်နှာကြီးငယ်၊ မရွယ်မထောက် စွမ်းအားအပြည့်ဖြင့် ကျေပွန်စွာ ထမ်းဆောင် လျက်ရှိပါသည်။

         သမိုင်းအစဉ်အလာအရ ဝိသမလောဘသား စီးပွားရေးသမားများနှင့် အကျင့်ပျက်ဝန်ထမ်းများကို ဖော်ထုတ်အရေးယူခဲ့ပြီး ဖြစ်သည့်အပြင် မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်နှင့် အများပြည်သူတို့၏ မျက်နှာကို ငဲ့ညှာထောက်ထားမှုမရှိ ကိုယ်ကျိုးအတွက်ကိုသာ ကြည့်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပူးပေါင်းပါဝင်ပတ်သက်သည့် ဝန်ထမ်းများကိုလည်း စစ်ဆေးအရေးယူ လျက်ရှိပါသည်။

         ဦးစီးဌာနကြီး စတင်ဖွဲ့စည်းတည်ထောင်ချိန်မှ ယနေ့အထိ စစ်ဆင်ရေးအသွင် ဖြင့်တစ်မျိုး၊ သာမန်စုံစမ်းစစ်ဆေးမှု အသွင်ဖြင့်တစ်ဖုံ လုပ်ငန်းများကို ပြောင်မြောက်စွာ ဆောင်ရွက်လျက်ရှိပါသည်။ သာမန်စစ်ဆေးမှုလေးမှသည် ကျယ်ပြန့်နက်နဲသည့် အမှုကြီးအဖြစ်ပါ ပြောင်းလဲသွားစေသည်အထိ သေသပ်ပိရိစွာ စုံစမ်းဖော်ထုတ်၍ ဥပဒေ ကြောင်းအရ အရေးယူနိုင်ခဲ့သည့်ဌာနဖြစ်ပါသည်။

          “စုံစမ်းစစ်ဆေးခြင်းသည် အမှန်တရားကို ရှာဖွေခြင်းဖြစ်သည်” ဟူသည့် လုပ်ငန်း၏ ရည်ရွယ်ချက်ကို ဖော်ညွှန်းထားသည့် ဆောင်ပုဒ်နှင့်အညီ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည့်အပြင် ဦးစီးဌာန၏ လုပ်ငန်းစွမ်းရည်၊ လုံခြုံရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်များ အစဉ်တိုးတက်လာစေရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ လတ်တလောတွင် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် အထက်ဌာနများမှ တာဝန်ပေးအပ်လာသည့် စုံစမ်းမှုများအပြင် ငွေကြေးခဝါချမှုများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ ထို့အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံပေးပို့လာသည့် တိုင်ကြားစာများအနက် နိုင်ငံတော်နှင့် အများပြည်သူ ဆုံးရှုံးနစ်နာစေသည့် တိုင်ကြားစာများကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်ရယူ၍ စုံစမ်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်ကို ပြန်လည်တင်ပြကာ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

         အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စုံစမ်းစစ်ဆေးခဲ့သည့် အမှုများမှ ပြည်သူ့ ဘဏ္ဍာငွေများစွာ ရရှိခဲ့သည့်အနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်အထိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ၄၃ မှု တရားစွဲတင်ပို့နိုင်ခဲ့ပြီး သက်ဆိုင်ရာ တရားရုံးများက လူပုဂ္ဂိုလ် ၁၂၀ ဦး ကိုပြစ်ဒဏ်များ ချမှတ်ခဲ့ပါသည်။ ထို့အပြင် မြန်မာကျပ်ငွေ ၆၄,၂၇၉.၁၇၅ သန်း၊ အမေရိကန်ဒေါ်လာ ၅၃၆,၇၅၃.၃၂ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။ ထို့အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့ တာဝန်ပေးအပ်ခဲ့သည့် အမှု ၁၁၉ မှုမှ မြန်မာကျပ်ငွေ ၁၂၅,၆၉၈.၇၇ သန်း၊ အမေရိကန်ဒေါ်လာ ၁၂၇၈.၀၂ ‌ဒေါ်လာ၊ ထိုင်းဘတ် ၄၁၈,၃၂၀ အပါအဝင် နိုင်ငံခြားငွေများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။

         အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့ သည့်ဝန်ထမ်းများ၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် သစ္စာရှိစွာ ကြိုးစားခဲ့ကြ သဖြင့် ဌာနကြီးမှာ လူရိုသေရှင်ရိုသေဌာနကြီးအဖြစ် အစိုးရအဆက်ဆက်နှင့် အများ ပြည်သူ၏ယုံကြည်ကိုးစားမှုကို ထိုက်ထိုက်တန်တန်ရရှိထားပေသည်။

         ဌာနကြီးက စုံစမ်းစစ်ဆေးနေသည့် စုံစမ်းမှုများတွင် ကျူးလွန်သည့်ပြစ်မှုများမှာ ခေတ်ကာလပြောင်းလဲ တိုးတက်လာသည်နှင့်အညီ နက်နဲသိမ်မွေ့သည့် ပြစ်မှုများဖြစ်လာနေပေသည်။ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာအရ ကျူးလွန်ကြသည့် ပြစ်မှုများလည်း ရောနှောပါဝင်လာပေသည်။ ယခင်က စာရွက်စာတမ်းများ အသုံးပြု၍ ပြစ်မှုများကျူးလွန်ခဲ့ကြသဖြင့် စုံစမ်းစစ်ဆေးမှုလုပ်ငန်းအတွက် အဓိကရှာဖွေရသည့် သက်သေအထောက်အထားများမှာ ငြိမ်သက်နေသည့်သဘော၊ အသေသဘောရှိသော် လည်း လတ်တလောကျူးလွန်သော ပြစ်မှုများမှာ အင်တာနက်အွန်လိုင်း အခြေခံကာ ကျူးလွန်လာပြီး ကွယ်ပျောက်နေသည့် သက်သေအထောက်အထားများကို နည်းပညာ အကူအညီနှင့် ရှာဖွေဖော်ထုတ်ရသဖြင့် နက်နဲပြီးအနုစိပ် လာလျက်ရှိပါသည်။ နည်းပညာ ပိုင်းဆိုင်ရာနှင့်ပတ်သက်၍  ထုတ်ပြန်ထားသည့် ဥပဒေများမှာလည်း အသုံးပြုမှု နည်းနေသေးသဖြင့် အသားတကျမရှိဖြစ်နေရာ ဌာနဝင်ဝန်ထမ်းများ အနေဖြင့် နည်းပညာများ တတ်သိလာစေရေးနှင့် ထုတ်ပြန်ထားသည့် ဥပဒေများ၏ ဆိုလိုချက်ကို အသေးစိတ် လေ့လာထားကြရန် လိုအပ်လာပါသည်။

         မျိုးဆက်သစ်ဌာနဝင် ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းများ အောင်အောင်မြင်မြင် ရှိစေရန်အတွက် တက်စွမ်းသမျှကို အပတ်တကုတ် လေ့လာဆန်းစစ် သင်ယူနေရမည်ဖြစ်ပါသည်။ ပြောင်းလဲလာသည့် ရေစီးကြောင်းတွင် အလွယ်တကူ လိုက်ပါစီးမြောရင်း မိမိတို့တာဝန်ယူလုပ်ကိုင်နေရသည့် လုပ်ငန်းများ လွယ်လင့်တကူ ပြီးမြောက်စေရေး၊ အခက်အခဲနှင့် တွန့်ဆုတ်မှုမရှိစေရေး၊ နိုင်ငံတော်နှင့်အများပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ထိုက်ထိုက်တန်တန် ဆက်လက်ရရှိနေစေရေးတို့မှာ မိမိတို့၏ ကြိုးစားအားထုတ်မှု၊ တွေးတောဆင်ခြင် အားကောင်းမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုတို့အပေါ်တွင် မူတည်ပါကြောင်း ခံယူစိတ်ကိုမွေး၍ သစ္စာရှိစွာ ဆက်လက်ကြိုးစား အားထုတ်ကြစေချင်ပါသည်။

         ဌာနဝင်ဝန်ထမ်း တစ်ဦးတစ်ယောက်၏ အမှားမှသည် ဌာနကြီး၏ ဂုဏ်သတင်းနှင့် ပုံရိပ်များကျဆင်းမှေးမှိန်မှု မရှိစေရေး ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီက စောင့်ထိန်းကြရန် လိုအပ်ပါသည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တိုးတက်မှုအတွက် ကြိုးစားအားထုတ်နေကြရင်း ဌာနကြီးက အားကိုးရသည့်၊ အားထားရသည့် ဝန်ထမ်းကောင်းများ ဖြစ်ကြစေရေး အားကိုးအားထားပြုမှုနှင့် ထိုက်တန်သည့် ဝန်ထမ်းများ ဖြစ်ကြစေရေး ကြိုးစားနေကြစေချင်ပါသည်။

 

သန်းထွဋ်ဝင်း