၁။ ငွေကြေးဆိုတာ မိမိတို့၏ယုံကြည်မှုအား အပ်နှံထားသည့်အရာတစ်ခုအဖြစ် လက်ခံထားကြသည်။ ငွေပေးချေမှုပြုလုပ်တိုင်းတွင် လူအများစုသည် ငွေသား(Cash)ဖြင့်သာ ပေးချေချင်ကြသည့်ဓလေ့မှသည် ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာများ(Financial Technology)မြင့်မားလာသည်နှင့်အမျှ သမရိုးကျ ငွေကြေးဝန်ဆောင်မှုများအား ခေတ်မီနည်းပညာများနှင့်အစားထိုးကာ ဘဏ်စနစ်များ တစ်ဖြေးဖြေး ဖွံဖြိုးတိုးတက်လာသည့်အခါ ငွေသားအစား Cheque လက်မှတ်သုံးစွဲပြီး နောက်ပိုင်းတွင် Credit & bit Card ၊ Prepaid Card ၊ MPU Card ၊ Master Card ၊ Union Pay Card စသည့် ပုံစံမျိုးစုံဖြင့် ပေးချေလာခဲ့ကြခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းကို အင်တာနက်ဘဏ်စနစ် (Internet Banking)၊ မိုဘိုင်းဘဏ်စနစ်(Mobile Banking)လို့ ခေါ်ဝေါ်သုံးစွဲလာနေကြကြောင်း၊ ဒီဂျစ်တယ် ငွေကြေးရဲ့အစမှာ Crypto-currency (ခ) လျှို့ဝှက်ငွေကြေးလို့ပြောလိုက်ရင် လူအများစုက Bitcion ကိုသာ ပြေးမြင်လိုက်သည်ကများနေသည်။ Bitcion သည် လျှို့ဝှက်ငွေကြေးအစ ကနဦးစတင်ပေါ်ထွက်လာသည့် ငွေကြေးတစ်ခုဖြစ်သော်လည်း၊ လက်ရှိ Bitcion အား အကြောင်းပြု၍ နောက်ဆက်တွဲဈေးကွက်၏ ခရစ်တိုငွေကြေးအမျိုးအစားပေါင်း (၁၅၅၀) ကျော်ခန့် ပေါ်ထွက်ရှိနေသလို ဈေးကွက်မဝင်သေးဘဲ ပြင်ဆင်နေသည့်အဆင့်၌ရှိနေပြီး ခရစ်တိုငွေကြေး အသိုက်အဝန်းအတွင်း ဘောင်မဝင်အဆင့်၌သာရှိ နေသေးသည့် Crypto-currency Pre Coin များလည်း အများအပြားရှိနေပါသည်။
၂။ ခရစ်တိုငွေကြေးဖြစ်ပေါ်လာသည့်သမိုင်းကြောင်းနှင့်လုပ်ဆောင်ပုံကို ပြန်လည်လေ့လာ ကြည့်မည်ဆိုပါက ၂၀၀၉ ခုနှစ်မှစ၍ Bitcion ဆိုသည့် ခရစ်တိုငွေကြေးတစ်မျိုးစတင်ပေါ်လာပြီး၊ ကွန်ပျူတာနည်းပညာကိုအခြေခံ၍ Blockchain နည်းပညာအား အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံမှုရှိပြီး ပွင့်လင်းမြင်သာမှုရှိသည်ဟု နည်းပညာရှင်တစ်ချို့က သုံးသပ်ထားကာ Blockchain မှာ Bitcion နှင့်ပါတ်သက်၍ ရောင်းသူ/ဝယ်သူ၊ ငွေပေးချေသူ/ငွေလက်ခံသူတို့အကြား လွှဲပြောင်းဆောင်ရွက်မှု မှတ်တမ်းတင်ထားသည့် Program ဖြစ်ကြောင်း၊ တစ်နည်းဆိုသော် ဒီဂျစ်တယ်စာရင်းစာအုပ်(Digital Ledger) ဖြစ်ပါသည်။ IT နည်းပညာ ကျွမ်းကျင်သူများသည် Blockchain ထဲသို့ဝင်ရောက်၍ လွှဲပြောင်းဆောင်ရွက်မှုများကိုဖော်ထုတ်ခြင်း၊ အတည်ပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းများကို Minning လုပ်သည်ဟု နည်းပညာအရခေါ်ဆိုကျပြီး အောင်မြင်စွာဆောင်ရွက်နိုင်ပါက ဝန်ဆောင်ခအနေဖြင့် Coin များကို လက်ခံရရှိပါသည်။ ခရစ်တိုငွေကြေးများအား အရောင်းအဝယ်ပြုလုပ်ရာတွင် ကြားခံပွဲစားလို့ခေါ်သည့် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများနှင့် သဘောတရားတူသော Exchanger (Crypto-currency Exchange) များလည်း မရှိမဖြစ်လိုအပ်ပါသည်။
၃။ ခရစ်တိုငွေကြေးများမှာ ပြင်ပကမ္ဘာတွင်သုံးစွဲနေတဲ့ငွေကြေးမဟုတ်သလို နိုင်ငံတွေ၊ အစိုးရတွေက တာဝန်ယူအာမခံပေးထားသည့်ငွေကြေးလည်းမဟုတ်ဘဲ Online ပေါ်တွင်သာပြုလုပ်သည့် အရောင်းအဝယ် ကိစ္စတွေကို ဖြေရှင်းဖို့တီထွင်ထားသည့် ကွန်ပျူတာလျှို့ဝှက်ကုတ်သုံး ငွေကြေးစနစ်တစ်ခုဖြစ်ပါသည်။ လက်ရှိတွင် Bitcion သည် အောင်မြင်ဆုံးသောခရစ်တိုငွေကြေးတစ်ခုဖြစ်ပြီး ယင်းအား လဲလှယ် နိုင်သည့် Exchanger (Crypto-currency Exchange) များမှာ အမေရိကန်နိုင်ငံအပါအဝင် ဉရောပတိုက်၊ အာရှတိုက်ရှိ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင်ရှိနေပါသည်။ လက်ရှိ Bitcion တစ်ယူနစ်(ခ)1-Coin တန်ဘိုးမှာ အမေရိကန်ဒေါ်လာ(၆၇၀၀) ဝန်းကျင်ခန့်ရှိနေကြောင်း၊ ခရစ်တိုငွေကြေးများမှာ လက်ရှိအချိန်ထိ မည်သည့်အစိုးရအဖွဲ့အစည်းတစ်ခုခု၏ ကျောထောက်နောက်ခံပြု ထားခြင်း၊ အာမခံပေးထားခြင်းတို့မရှိဘဲ လွတ်လွတ်လပ်လပ်အနှောင်အဖွဲ့ကင်းစွာ လုပ်ဆောင်နိုင်ခြင်းမှာ စီးပွားရေးနယ်ပယ် လောကကြီးတစ်ခုလုံးအတွက်တော့ မဖြစ်နိုင်သေးကြောင်း၊ သို့သော် Bitcion နှင့် ပါတ်သက်နေသည့် လက်ခံအသုံးပြုနေခြင်း (သို့မဟုတ်) မိတ်ဖက်အဖြစ်လုပ်ငန်းဆောင်ရွက်နေသော Microsoft ၊ Dell ၊ WordPress အစရှိသည့် နည်းပညာကုမ္ပဏီများရှိနေသလို Cheap Air.com လို ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ၊ Square ၊ Braintree ငွေပေးချေမှုလုပ်ငန်းများလည်း ရှိနေကြောင်း၊ Bitcion ၏ စျေးကွက်ရင်းနှီးမြှုပ်နှံမှု(Market Cap) အမေရိကန်ဒေါ်လာဘီလီယံ (၁၈၀)ခန့်ရှိနေကာ ကုန်သွယ်မှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ(၄) ဘီလီယံခန့်ရှိသည်ဟု ပညာရှင်များက တွက်ချက်ထားသည်။ Bitcion အနေဖြင့် ၂၀၀၉ ခုနှစ်မှ၂၀၂၂ ခုနှစ်အထိ ယူနစ်(၂၂)သန်း လည်ပတ်ရန်သတ်မှတ်ထားပြီး လက်ရှိတစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ယူနစ်စုစုပေါင်း(၁၆.၉) သန်းခန့်လည်ပါတ်နေကြောင်း သိရပါသည်။
၄။ ကမ္ဘာ့နိုင်ငံအများအပြား၌လည်း ခရစ်တိုငွေကြေးအခက်အခဲပြဿနာများ ဖြစ်ပေါ်နေလျက်ရှိရာ အစိုးရများအနေဖြင့် တားမြစ်ပိတ်ပင်ရန် စဉ်းစားစောင့်ကြပ်နေလျက်ရှိနေကြောင်း၊ အဆိုပါ အခက် အခဲများအနက် ဆိုက်ဘာလုံခြုံရေးက အဓိကကျနေသည့် ဒီဂျစ်တယ်အိတ်ချိန်းများ လုံခြုံမှုနှင့်နည်းပညာ မြင့်မားမှုရှိစေရန်လိုအပ်ကြောင်း၊ ခရစ်တိုငွေကြေးနှင့်ပတ်သက်ဆက်နွယ်၍ ငွေကြေးခဝါချမှုများ၊ အခွန်တိမ်းရှောင်မှုများ၊ အကြမ်းဖက်မှုနှင့်ရာဇဝတ်မှုခင်းများအတွက် ငွေကြေးထောက်ပံ့မှုများ၊ Online တွင်ရောင်းချသည့် တရားမဝင်ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများအား ဝယ်ယူခြင်းတို့အား ပြုလုပ်လာနိုင်ပြီး ယခုနှစ်ဖေဖော်ဝါရီလအတွင်းက ဂျပန်နိုင်ငံ၏အကြီးဆုံး Crypto-currency Exchange တစ်ခုဖြစ်သည့် Coin Check အား ဟက်ကာများက အမေရိကန်ဒေါ်လာ (၅၃၄) သန်းတန်ဘိုးရှိ ခရစ်တိုငွေကြေးများအား ခိုးယူသွားမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာ လူပေါင်း၂၆၀၀၀၀ ကျော် နစ်နာဆုံးရှုံးသွား ခဲ့မှုအပေါ် ဂျပန်အစိုးရအနေဖြင့် ဆိုက်ဘာလုံခြုံရေးကို အဓိကဂရုပြုရန် ပြောကြားခဲ့ကြောင်း၊ အလားတူ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဝါရှင်တန်မြို့ရှိ ကမ္ဘာ့ဘဏ် အစည်းအဝေးတစ်ခု၌ ကမ္ဘာ့ဘဏ်ဥက္ကဌမှလည်း ခရစ်တိုငွေကြေးအများစုမှာ Ponzi Schemes ကဲ့သို့ ကုမ္ပဏီတစ်ခုသည် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေခြင်းမရှိဘဲ လိမ်ညာဟန်ဆောင်၍ ရင်းနှီးမြှပ်နှံသူများအား ဖိတ်ခေါ်ခဲ့ကြောင်း၊ ယင်းနောက် မူလအဆင့်ရင်းနှီးမြှပ်နှံထားသူများအား ထပ်မံ၍ရင်းနှီးမြှပ်နှံရန် လာရောက်သူများထံမှရရှိသော ငွေကြေးအရင်းအနှီးများအား အသုံးပြု သုံးစွဲအမြတ်ထုတ် မသမာမှုများ ဖြစ်နေကြောင်းဟုပြောဆိုခဲ့သဖြင့် ခရစ်တိုငွေကြေးတန်ဘိုးများ ကျဆင်းလာကာ ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားသူလျော့နည်းသွားခဲ့ပါကြောင်း၊ ယခုရက်ပိုင်းအတွင်း ဗင်နီဇွဲလားနိုင်ငံမှ ထုတ်ဝေတော့မည့် ပတ်ထရိုငွေကြေးနှင့်ပတ်သက်၍ အမေရိကန်မှ တားမြစ်ပိတ်ပင်မည်ဖြစ်ရာ နောက်ဆက်တွဲအကျိုးဆက် များကို ကြိုတင်ဝယ်ယူထားသည့် ပြည်သူများသာ ထိခိုက်လာနိုင်ကြောင်း၊ အလားတူ အိန္ဒိယနှင့် ပါကစ္စတန်ဗဟိုဘဏ်တို့မှလည်း ဧပြီလ(၆)ရက်တွင် ဒီဂျစ်တယ်ငွေကြေးများကို တရားမဝင်ငွေကြေး များအဖြစ် သတ်မှတ်ကြောင်းဖော်ပြထားပြီး ယင်းငွေကြေးလုပ်ငန်းများနှင့် ဆက်နွယ်မှုမပြုလုပ်ရန်၊ ပြုလုပ်ပါက တရားစွဲဆိုခြင်းခံရမည်ဟု ကြေညာချက်ထွက်ပေါ်ပြီးနောက် Bitcoin တန်ဘိုးများ ကျဆင်းသွားခဲ့ပါသည်။ ယခုတလော နည်းပညာနယ်ပယ်အတွင်း၌ Online ဖြင့် ချိတ်ဆက်ထားသည့် ကွန်ပျုတာများကို Patya ဟုခေါ်သည့် Ransomware Virus တစ်မျိုးပေါ်လာပြီး Window Operation System ထဲဝင်ရောက်ကာ Computer Data အားလုံးအား Encrypt (ကွန်ပျုတာ အတွင်းရှိ အချက်အလက်များအား သက်ဆိုင်သူများသာ ဖတ်ရှုနားလည်နိုင်သည့် စကားဝှက်အဖြစ်သို့ ပြောင်းလဲခြင်း) ပြုလုပ်ပြီး Dataများ ပြန်လိုချင်ရင် ငွေပေးမှ Decrypt (အချက်အလက်များအား ပြန်လည်ပြောင်းလဲပေးမည်) လုပ်ပေးမည်ဟုဆိုကာ နည်းပညာဖြင့် ချိန်းခြောက်နေသည့်ပုံစံမျိုးဖြစ်သည်ဟု သတင်းများဖြစ်ပေါ်နေခြင်းမှာလည်း ခရစ်တိုငွေကြေးအား စိတ်ဝင်စားပြီးရင်းနှီးမြှုပ်နှံချင်သူများအတွက် စဉ်းစားရမည့် အကြောင်းအရာများ ပင်ဖြစ် သည်။
၅။ ခရစ်တိုငွေကြေးအား ရင်းနှီးမြှပ်နှံရန်စိတ်ဝင်စားပါက အနိမ့်ဆုံးအင်တာနက်နည်းပညာကို နားလည်သုံးစွဲတတ်ရမည်ဖြစ်သလို ကွန်ပျူတာဆိုင်ရာသဘောတရားတွေ၊ အသုံးအနှုန်းတွေသိထားပြီး အဲဒါတွေနဲ့ ပတ်သက်သည့် အထွေထွေဗဟုသုတများကို နှံ့နှံ့စပ်စပ်သိထားရန်လိုအပ်ပါသည်။ အဆိုပါ ခရစ်တိုငွေကြေးလုပ်ငန်းများအား အဓိကလုပ်ဆောင်နေသူအများစုမှာ နည်းပညာဖွံ့ဖြိုးတိုးတက် ပြီးသည့်အသိုင်းအဝိုင်းနှင့် ပြည်ပနိုင်ငံများ၌သာအခြေပြုထားကြောင်း၊ ထို့ပြင် ဥပဒေစိုးမိုးမှု လက်လှမ်းမမှီနိုင်သည့် British Island နှင့် America Island လိုနေရာမျိုးတွင် အခြေတည်ထား ကြကြောင်း၊ တစ်နည်းအားဖြင့်ဆိုသော် မိမိနေထိုင်ရာနိုင်ငံအတွင်း၌ တည်ရှိဖြစ်တည်ခြင်းမဟုတ် ကြောင်းကို သတိပြုထားမှာဖြစ်သည်။ ခရစ်တိုငွေကြေး၌ အမျိုးအစား(၂)မျိုးရှိပါကြောင်း၊ တစ်မျိုးမှာ ဈေးကွက်ဝင်နေသည့် Bitcoin ၊ Ethereun coin တို့လိုဖြစ်ပြီး၊ ကျန်တစ်မျိုးမှာ ဈေးကွက်မဝင်သေးဘဲ ပြင်ဆင်နေသည့်အဆင့်၌သာရှိနေပြီး ခရစ်တိုငွေကြေးအသိုက်အဝင်းအတွင်း ဘောင်မဝင် Pre အဆင့်၌ ရှိသည့် Coin များဖြစ်သည်ကိုလည်း သိနားလည်ဖို့လည်းလိုသည်။ အချို့ကလည်း ဈေးကွက်အသာစီးရ ထားပြီး ဈေးကွက်ဝင်သည့် Bitcoin ၊ Etherum coin တို့အား ရင်းနှီးမြှပ်နှံကြသလို အချို့ကတော့ ဈေးသက်သာပြီး မကြာမီဈေးကွက်ဝင်နိုင်မည်ဟုထင်ကြေးဖြင့် ဈေးကွက်မဝင်သည့် Coin များကို ဝယ်ယူကြကြောင်း၊ နားမလည်သူအများစုက အဆိုပါလုပ်ငန်းအား အင်တာနက်ကြည့်ပြီး လက်ကိုင်ဖုန်း ခလုပ်နှိပ်လိုက်ရုံနှင့် လွယ်လွယ်ကူကူလုပ်ရသည်ဟု ထင်နေကြကြောင်း၊ ပြောသလောက်မလွယ်ကူပါ။ မြန်မာနိုင်ငံအနေဖြင့် ခရစ်တိုငွေကြေးနှင့်ပါတ်သက်၍ တရားဝင်ဥပဒေများအရရော ငွေရေးကြေးရေး ဆိုင်ရာ ဥပဒေအရပါ ခွင့်ပြုထားခြင်းမရှိသေးပါ။
၆။ ခရစ်တိုငွေကြေးများအား စိတ်ဝင်စားသူအများစုက စတော့ရှယ်ယာလိုသဘောထားပြီး အဓိကဝယ်ယူစုဆောင်းခြင်းဖြင့် စျေးတက်လျှင်မြတ်မည် မြတ်လျှင်ပြန်ရောင်းမည်၊ တက်ဈေးကို မျှော်လုပ်ကြပြီး အဆိုပါလုပ်ငန်းအား နယ်ဒေသများတွင် နေထိုင်သူအများစုကသာ စိတ်ဝင်စား လုပ်ဆောင်နေကြခြင်းဖြစ်သည်ကိုလည်း တွေ့မြင်နေရသည်။ ကျောထောက်နောက်ခံမရှိ ခိုင်မာမှုမရှိဘဲ ဖြစ်နေသည့် ခရစ်တိုငွေကြေးအား သေချာနားလည်ခြင်းမရှိ ယုံကြည်မှုတစ်ခုဖြင့်သာ ထိတွေ့ရင်းနှီးကြရန် မလုပ်သင့်ပါကြောင်း၊ အရှုံးဖြင့်သာရင်ဆိုင်ရဖွယ်ရှိကြောင်း၊ ဥပမာပြောရရင် ကျူးကျော်တဲကို ဝယ်ယူရင်းနှီးမြှုပ်နှံသူနဲ့တူကြောင်း၊ အစားပြန်ရ/မရ မကျိန်းသေ မသေချာသော်လည်း ကျူးကျော်တဲတွေကို ဘယ်အချိန်အဖျက်ခံရမယ်ဆိုတာက အရင်ဆုံးတွေ့ကြုံရမှာဖြစ်သလို၊ ကံယုံပြီးကြိုးတန်းပေါ် လမ်းလျှောက်တာနှင့်လည်းတူနေမည်ကိုလည်း သတိချပ်သင့်ပါသည်။
၇။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ခရစ်တိုငွေကြေးများနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်ခန့်မှစ၍ ပြည်တွင်းရှိ ကုမ္ပဏီအဖွဲ့အစည်းအချို့မှလည်း ကိုယ်စားလှယ်ပုံစံမျိုးဖြင့် Coin များကို ဝယ်ယူရင်နှီး စုဆောင်းကြရန် စည်းရုံးဟောပြောပွဲများလုပ်နေသည်ကိုတွေ့မြင်နေရပါသည်။ ခရစ်တို ငွေကြေးများနှင့် ပတ်သက်၍ ပြည်တွင်းရှိကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေဖြင့် ဟောပြော စည်းရုံးရာတွင် အောင်မြင်နေသော ခရစ်တိုငွေကြေးတစ်ခုဖြစ်သည့် Bitcoin အား စံနမူထား၍ စျေးကွက်စတင် ကတည်းက ဝယ်ယူ၍ အကျိုးအမြတ်ရနေမှုကိုသာ အဓိကထားကာရင်းနှီးမြှုပ်နှံ လာစေရန် မက်လုံးပေးပြီး ပြောဆိုနေကြပါသည်။ ထို့အပြင်ခရစ်တိုငွေကြေးများသည် ပိုက်ဆံအိတ်ထဲထည့် ၍ သယ်ယူသွားစရာမလို၊ ဘယ်ဘဏ်နှင့်မှပါတ်သက်အသိပေးရန်မလို၊ မည်သည့်ဗဟိုဘဏ်ကိုမှ အကြောင်းကြားရန်မလိုသည့် လွတ်လပ်သော ငွေကြေးပုံစံစနစ်သစ်တစ်ခုဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် Bitcoin (၁၃၀၉) ယူနစ်စျေးနှုန်းဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တစ်ယူနစ်လျှင် တစ်ဒေါ်လာသာဖြစ်နေခဲ့ရာမှ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒေါ်လာ (၁၈၀၀၀)ထိ အမြင့်ဆုံးဈေး ဖြစ်ခဲ့သဖြင့် ဝယ်ယူထားသူများ အဆမတန်အကျိုးအမြတ်များရသွားပြီး ချမ်းသာသွားခဲ့ကြကြောင်း၊ ယခု Bitcoin အား ဝယ်ယူရင်းနှီးမည်ဆိုပါက အရင်းအနှီးအလွန်များပါကြောင်း၊ ထို့ကြောင့် အစကနဦးဖြစ်ပြီး ဈေးကွက်မဝင်သေးဘဲ ပြင်ဆင်နေသည့်အဆင့်၌သာရှိနေသော Pre အဆင့်ရှိ Coin များအား စျေးနည်းနည်းဖြင့် ယခုအချိန်တွင် ကြိုတင်ဝယ်ယူစုဆောင်းထားလျှင် အနာဂတ်၏ မဆုံးနိုင်သောရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်ကြောင်းဖြင့် မက်လုံးပေးစကားလုံးများသုံးစွဲကာ နိုင်ငံခြားသားများကိုယ်တိုင်ပါဝင်သည့်ဟောပြောပွဲများကို ကြီးကျယ်ခမ်းနားစွာလုပ်ပြ၍ အဖွဲ့ဝင်များ စုဆောင်းလုပ်ဆောင်နေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း စိတ်ဝင်စားသူများအနေဖြင့် ခရစ်တိုငွေကြေးများအား အနာဂတ်၏ ရင်းနှီးမြှပ်နှံမှုတစ်ခုလို စိတ်ထဲတွင်တွေးထင်မြင်လာကာ လွယ်ကူစွာနှင့်ပင်စည်းရုံးခံရသည့် သဘောမျိုးဖြစ်လာနေကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ခရစ်တို ငွေကြေးများနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာနည်းပညာဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ Crypto-currency Exchange နှင့်ပတ်သက်သည့် အခြေခံအဆောက်အဦများမရှိ၊ ငွေကြေးလည်ပတ်စီးဆင်းနေမှု အခြေအနေတို့မှာ များစွာနောက်ကျနေသေးကြောင်း၊ အနာဂတ်၏ ရင်းနှီးမြှပ်နှံမှုတစ်ခုဟုပြောဆိုရာတွင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းတစ်ခုလိုမဟုတ်ဘဲ ခြေခြေမြစ်မြစ်မသိရသည့် ပြည်ပနိုင်ငံရှိ ငွေကြေးဆိုင်ရာ လုပ်ငန်းတစ်ခုကို အဆုံးရှုံးခံနိုင်ရင်လုပ်ဆိုသည့် သဘောမျိုးဖြစ်နေပါသည်။ အဆုံးအရှုံးခံနိုင်ရင်လုပ် ဆိုသည့်စကားအတိုင်း ယခုအခါ မြန်မာနိုင်ငံတွင်းရှိ ခရစ်တိုငွေကြေးလုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ Coin ထုတ်လုပ်ရောင်းချသည့် ပြည်ပရှိကုမ္ပဏီတစ်ခုမှာ အဆက်အသွယ်မရတော့ဘဲ ဝယ်ယူပေးသွင်း ထားသည့်ငွေများ ထုတ်မရတော့သည့်ဖြစ်စဉ် လတ်တလောဖြစ်ပွားနေကြောင်း၊ လိမ်လည်သွားသည့် အခြေအနေမျိုး ဟုတ်မဟုတ်မသိရသေးဘဲ အကယ်၍ ငွေကြေးများဆုံးရှုံးသွားပါက ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလည်းဆိုသည့် မေးခွန်းရှိနေသော်လည်း အဖြေမှာ ဘယ်သူမှတာဝန်မခံပါ မိမိသဘောကျလို့လုပ်တဲ့ကိစ္စဖြစ်၍ မိမိတာဝန်သာဖြစ်ပါသည်။
၈။ ထို့ကြောင့် ခရစ်တိုငွေကြေးများသည် အဆင့်မြင့်နည်းပညာဖြစ်သည့် Blockchain နည်းပညာကိုပဲသုံးသုံး၊ လွတ်လပ်သောငွေပေးချေမှုစနစ်ဖြစ်ဖြစ်၊ ငွေပို့ခသက်သာသည ်ပဲပြောပြော၊ လုံခြုံပြီးပွင့်လင်းမြင်သာမှု ရှိတယ်လို့ပဲထင်ထင်၊ လက်ရှိအနေဖြင့် (Crypto-currency) ခရစ်တို ငွေကြေးနှင့်ပါတ်သက်၍ ဗဟုသုတပြည့်စုံအောင်လေ့လာပြီးမှသာ ဆက်လက်ဆောင်ရွက ်သင့်ပြီး ခါတော်မီစီးပွားရေးလို ကံကိုယုံပြီး ကျူးကျော်တဲကို ဝယ်မိသူတစ်ဦးလိုတော့ မရင်းနှီးသင့်ပါ။ ဒါ့ကြောင့် ခရစ်တိုငွေကြေးများအား အသုံးပြုရာတွင် လွယ်ကူလျင်မြန် ကုန်ကျစရိတ်သက်သာနိုင်သည့် ကောင်းကျိုးများရှိနေသော်လည်း ယင်းကြောင့် နိုင်ငံအချို့တွင်ဖြစ်ပေါ်နေသည့် အကျိုးတရားများနှင့် အကြောင်းတရားများကို သတိထားသင့်သလို လက်ရှိအခြေအနေတွင်လည်း မြန်မာနိုင်ငံ၌ Crypto-currency (ခ) ခရစ်တိုငွေကြေးများနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာလုပ်ငန်းများအား တရားဝင်ဥပဒေအရ လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိသည်ကို သိရှိထားပြီးနောက် ခရစ်တိုငွေကြေးစိတ်ဝင်စားသူများအနေဖြင့်လည်း ဘာလုပ်မှာလဲ ဘယ်လိုဆက်သွားမှာလဲဟု စေတနာအရင်းခံ၍ အများအကျိုးအတွက် ဝေမျှလိုက်ရပါသည်။
သန်းတိုးနိုင်