တိုးတက်လာတဲ့ ခေတ်စနစ်ကြားမှာ သတိပြုရမယ့် ဒီဂျစ်တယ်လ်ငွေကြေး

ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာ (Financial Technology) များသည် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေခဲ့ရာ ရှေးယခင်က ကုန်ပစ္စည်းအချင်းချင်းဖလှယ်ခြင်းစနစ် သုံးစွဲခဲ့ရာမှ ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ ဒင်္ဂါးပြားများ၊ ငွေစက္ကူများကို တစ်ဖြည်းဖြည်းပြောင်းလဲသုံးစွဲလာ ခဲ့ပါသည်။ ထို့နောက် စဉ်ဆက်မပြတ်ပြောင်းလဲလာခြင်းနှင့်အတူ ငွေကြေးပိုင်းဆိုင်ရာဘဏ်လုပ်ငန်း များ ပေါ်ပေါက်လာသောအခါ ငွေကြေးသုံးစွဲမှုမှာလည်း လွယ်ကူမြန်ဆန်ကျယ်ပြန့်လာစေရေး အတွက် အင်တာနက်နည်းပညာကို အခြေခံအသုံးချကြပါသည်။ Mobile Banking နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့့််သုံးစွဲလာသလို ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအဖြစ် အနေနှင့်လည်း အဆင့်မြင့်ကွန်ပျုတာနည်းပညာတစ်ခုဖြစ်သည့် Block Chain နည်းပညာ အခြေခံကာ အသုံးပြုထားသော Cryptocurrency (ခ) Digital Currency ဟု ခေါ်ဆိုကြသည့် ကိုင်တွယ်၍မရသောငွေကြေးစနစ် (Digital Money) ဒီဂျစ်တယ်လ်ငွေကြေးတစ်မျိုးမှာ ၂၀၀၉ ခုနှစ်တွင်စတင်ပေါ်ထွက်လာပြီး ကမ္ဘာ့စီးပွားရေနယ်ပယ်၌ တစ်ဖြည်းဖြည်းပြောင်းလဲသုံးစွဲလာနေ သည်ကို တွေ့မြင်နေရပါသည်။

ယနေ့ခေတ်ကာလ ကမ္ဘာ့စီးပွားရေနယ်ပယ်၌ Cryptocurrency (ခေါ်) Digital Currency  ဒီဂျစ်တယ်လ်ငွေကြေးများ အများအပြားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သုံးစွဲသူအချင်းချင်း လက်ခံကြသည့် သမားရိုးကျရင်းနှီးမြှုပ်နှံမှုမဟုတ်သော Cryptocurrency (ခ) Digital Money (ခ) Coin စနစ်သည်လည်း ပေါ်ပေါက်လာပြီး Cryptocurrency Coin စနစ်သုံးစွဲမှုမှာ အစိုးရများ ၏ ထိန်းချုပ်မှုအောက်တွင်မရှိဘဲ ယင်းစနစ်ကိုသဘောကျလက်ခံသည့် လူပုဂ္ဂိုလ်အချင်းချင်းသာ သုံးစွဲနေကြခြင်းဖြစ်သည်။ အဆိုပါ Cryptocurrency Coin များအား ၀ယ်ယူရင်းနှီးမြှုပ်နှံမှုပြုသူ အချို့မှာ လတ်တလောအမြတ်အစွန်းအများအပြားရနေခြင်း၊ Online စနစ်ကိုအခြေခံထားသဖြင့် ငွေကြေး ထိန်းသိမ်းရမှုမရှိခြင်း၊ လွှဲပြောင်းရာတွင် ကုန်ကျစရိတ်မရှိသလောက်နည်းပါးခြင်း၊ အခွန် ပေးဆောင်ရမှုမရှိခြင်း၊ ငွေလွှဲသည့် အချိန်ကုန်ကျမှုသက်သာခြင်း စသည်တို့အပြင် အစိုးရအဖွဲ့ အစည်းအသီးသီး၏ထိန်းချုပ်နှောင်ဖွဲ့မှု ကင်းလွတ်ကာလွတ်လပ်သည့် အခြေအနေတွင်ရှိနေသဖြင့် ဥပဒေနှင့် လွတ်ကင်းနေသည့်သဘောမျိုးဖြစ်နေသည့်ကိုတွေ့ရမှာဖြစ်သည်။ ထိုကြောင့် Crypto-currency Coin လက်ဝယ်ရှိသူများသည်လည်း ကမ္ဘာ့နိုင်ငံအချို့တွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု လာနေခြင်းဖြစ်ပါသည်။ ပေါ်ပေါက်လာပုံသမိုင်းကြောင်းကို ပြန်လည်လေ့လာမည်ဆိုပါက Crypto-currency (ခ) Digital Currency နှင့်ပတ်သက်၍  ၂၀၀၈ ခုနှစ်တွင် ဂျပန်အမည် ဆာတိုရှီနာကာမိုတို ဟု ခေါ်တွင်သည့် အဖွဲ့တစ်ဖွဲ့က Digital Currency နည်းပညာတစ်ခုအား ကမ္ဘာသို့ စာတမ်း တစ်စောင်အား ချပြခဲ့ပါသည်။ အဆိုပါနည်းပညာတွင် Digital Currency ငွေကြေးတစ်ခုအား Block Chain System ကို အသုံးပြု၍ အဆင့်မြင့်ကွန်ပျူတာများနှင့် တည်ဆောက်ထားသော Network ကွန်ရက်တစ်ခုအား တည်ဆောက်အသုံးပြုခြင်းဖြစ်ပါသည်။ Digital Currency တစ်မျိုးပြုလုပ်မည်ဆိုပါက ဖေါ်ပြပါလုံခြုံသည့်Network ကွန်ရက်တစ်ခုကို တည်ဆောက်ပြီး Coin များကို ထုတ်လုပ်ရောင်းချခွင့်ရမှာဖြစ်ပါသည်။ ထိုသို့ Coin များထုပ်လုပ်သည်ကို နည်းပညာ အခေါ်အရ   Minning ပြုလုပ်သည် (ခ) သတ္တုတူးဖေါ်သည်ဟု တင်စားခေါ်ပါသည်။ Coin များ ထုတ်လုပ်ဆောင်ရွက်နိုင်သည့်သက်တမ်းကို ၂၀၀၉ ခုနှစ်မှစ၍ (၂၅)နှစ်အထိနှင့် Coin အရေ အတွက်ကိုလည်း (၂၁)သန်းသာ ထုတ်လုပ်ရန်စည်းမျဉ်းသတ်မှတ်ထားပါသည်။ Digital Currency နှင့်ပတ်သက်၍ စာတမ်းရေးသားကာ နည်းပညာတီထွင်သူအမည်အား ဆာတိုရှီနာကာမိုတိုဟု အလွယ်တကူခေါ်ဝေါ်ကြသော်လည်း မည်သူမှန်းမသိရှိကြဘဲ ၎င်းတို့အဖွဲ့က ၂၀၀၉ ခုနှစ်တွင် Bitcoin အမည်ဖြင့် Cryptocurrency တစ်ခုကို စတင်ထုတ်လုပ်ရောင်းချခဲ့ပါသည်။ လက်ရှိအချိန် တွင် စီပွားရေးလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ငွေစာရင်းအလွှဲအပြောင်းပြုလုပ်ရာ၌ Online တွင် Exchange များမှတစ်ဆင့် Bitcoin ဖြင့် အပြန်အလှန်အသုံးပြုကြပြီး အခြားငွေကြေး အမျိုးအစားများနှင့်လည်း လဲလှယ်ရောင်း၀ယ်နေကြပြီး အောင်မြင်နေသည့် ဒီဂျစ်တယ်လ်ငွေကြေး တစ်မျိုးအဖြစ် ကမ္ဘာ့စီပွားရေးနယ်ပယ်တွင် စိတ်၀င်စားမှုများပြားလာခဲ့ပါသည်။

ကမ္ဘာပေါ်တွင် Bitcoin ပေါ်ပေါက်လာပြီးနောက်ပိုင်း Cryptocurrency Coin အများအပြား တစ်ဖြည်းဖြည်းပေါ်ထွက်လာရာ လက်ရှိစျေးကွက်ဝင် Initial Coin Offering (ICO)  Coin အမျိုးအစားပေါင်း(၁၃၀၀)ကျော်ခန့် ရှိနေသော်လည်းများ လူသိများသော၊ စိတ်ဝင်စားမှုများသော Coin များမှာ Bitcoin (BTC) ၊ Ethereum (ETH) ၊ Ripple (XRP)၊ Bitcoincash(BCH)၊ Litecoin(LTC)၊ Tron(TRX)၊ Ethereumclassic(ETC)၊ Qtum(QTUM) စသည်တို့ဖြစ်ပြီး ရောင်း၀ယ်မှုလည်း အများဆုံးတွေ့ရပါသည်။ ထို့အပြင် Cryptocurrency Market Capitilati-zation  စျေးကွက်မဖွင့်သေးသည့် Pre Initial Coin Offering (Pre ICO) Coin အမျိုးအစား အချို့လည်း မြင်တွေ့နေရပြီး စျေးကွက်၀င်သယောင်ယောင် အသုံးအနှုန်းများသုံး၍ ဖွံ့ဖြိုးမှုနည်း သည့် နိုင်ငံအချို့တွင် ပြည်တွင်းရှိလူပုဂ္ဂိုလ်နှင့် Company အချို့က နိုင်ငံခြားသားများ ခေါ်ဆောင် လာ၍ ဟော​ပြောစည်းရုံးပွဲများအား ဟိုတယ်ခန်းမကြီးများ၌ ပြုလုပ်နေသည်ကို မြန်မာနိုင်ငံအတွင်း ၌ပင် မြင်တွေ့နေရသည်ကို သတိထားမိနေပါသည်။ အဆိုပါ Cryptocurrency Coin ရောင်းဝယ် နေသည့် အမည်ခံပြည်တွင်းရှိ လူပုဂ္ဂိုလ်နှင့် Company  အချို့ရှိနေပြီး လက်ရှိတွင်လည်း ငွေကြေး ဆိုင်ရာဟောပြောပွဲများ၊ နည်းပညာဟောပြောပွဲများ ပြည်တွင်း၌ပင် မကြာခဏပြုလုပ်လာမှုနှင့် တိုးတက်လာနေသည့် ငွေကြေးသုံးစွဲမှုပုံစံ ပြောင်းလဲလာမှုတို့ကြောင့် လူအများစုကစိတ်ဝင်စားခြင်း မရှိသေးသော်လည်း လူနည်းစုက အဆိုပါ Cryptocurrency Coin များအပေါ် ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေဖြင့် အကျိုးအမြတ်များများရမည်ဟုထင်ကာ စိတ်ဝင်စားလျက်ရှိပါသည်။ ထို့အပြင် Coin များထုပ်လုပ်သည်ကို    နည်းပညာအခေါ်အရ   Minning ပြုလုပ်သည်(ခ) သတ္တုတူးဖေါ် သည်ဟု တင်စားခေါ်ဆိုမှုတွင် ကိုယ်ပိုင်အမည်တပ်၍ Cryptocurrency Coin ထုတ်လုပ်ခြင်း မရှိဘဲ Minning အလုပ်ကိုသာ ပြုလုပ်နေသည့် Minning Company များလည်းရှိပြီး ယင်းပြည်ပ Company များမှ ထုတ်လုပ်သည့် Cryptocurrency Coin များကိုလည်း Package အလိုက် စျေးနှုန်းသတ်မှတ်၍ မြန်မာနိုင်ငံအတွင်း၌ Multi Level Marketing (MLM) စနစ့်သုံး၍ စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ် စည်းရုံးဟောပြောကာ လောင်းကစားဆန်ဆန်၊ စတော့ရှယ်ယာ ဆန်ဆန်အဖြစ်ဖြင့် ပြောဆိုကာ ထိုးဖောက်ဝင်ရောက်ရောင်းဝယ်လာနေသည်ကိုလည်း မြင်တွေ့ရ ပါသည်။

Cryptocurrency Coin များမှာကွန်ပျူတာနည်းပညာများအပေါ်၌အခြေခံပြီး အင်တာနက် အပေါ်၌သာ အရောင်းအဝယ်ပြုလုပ်နိုင်သည့် အကောင်အထည်ဆုပ်ကိုင်မပြနိုင်သော ငွေကြေးစနစ် တစ်ခုဖြစ်သဖြင့်အချိန်အခမရွေးနည်းပညာ၏အားနည်းချက်ကြောင့်မှားယွင်းမှု၊လိမ်လည်မှုများဖြစ်နိုင်ပြီး ပျောက်ပျက်ဆုံးရှုံးသွားနိုင်သလို သုံးစွဲသူများအနေဖြင့်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှု များ အပါအ၀င်တရားမဝင်သော စီးပွားရေးလုပ်ငန်းများမှရရှိသည့် ငွေများကိုငွေကြေးခဝါချမှု (Money Laundering)နှင့် အကြမ်းဖက်မှုထောက်ပံ့ခြင်း(Aids to Terrorist) များတွင် အသုံးချ ပြုလာနိုင်သည်ကိုလည်းတာ၀န်ရှိသူများ သတိပြုရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် Cryptocurrency ဒီဂျစ်တယ်လ်ငွေကြေးများအား သုံးစွဲနေသော်လည်း နည်းပညာလုံခြုံမှု အားနည်း ခြင်းကြောင့် မကြာခဏဆိုသလို Online မှ ထိုးဖောက်ခံရပြီး ဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့နေရပါသည်။ လက်တလောအခြေအနေသတင်းများအရ-

(က)    စင်္ကာပူနိုင်ငံ ဗဟိုဘဏ်က ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်တွင် ဒစ်ဂျစ်တယ် ငွေကြေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သူများအတွက် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေ နိုင်သောကြောင့် bitcoin အပါအဝင် Digital Currency (ခ) cryptocurriencies များကို ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အထူးသတိထားကြရန် သတိပေးချက်ထုတ်ပြန် ခဲ့ကြောင်း၊

(ခ)     ဂျပန်ဗဟိုဘဏ်ဥက္ကဌ ဟာလူဟီကိုကူရိုဒါက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်က ဂျပန်ဗဟိုဘဏ်အစည်းအဝေး၌ bitcoin ဈေးနှုန်းများမြင့်တက်နေခြင်းမှာ သွေးရိုး သားရိုး ဖြစ်စဉ်မဟုတ်နိုင်ကြောင်း၊ bitcoin သည် သမာရိုးကျငွေကြေးများကဲ့သို့ မဟုတ်ဘဲ ဗဟိုဘဏ်တစ်ခုခု (သို့မဟုတ်) အစိုးရတစ်ရပ်ရပ်က ကျောထောက် နောက်ခံပြုပေးထားသော ငွေကြေးလည်းမဟုတ်ကြောင်း၊ ဂျပန်နိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ လက်ရှိ (၅)လတာကာလအတွင်း ဂျပန်နိုင်ငံ၌ သံသယဖြစ်ဖွယ် ငွေကြေးခဝါချမှုနှင့်ဆက်နွယ်နေသည့် ဒစ်ဂျစ်တယ် ငွေကြေးဆိုင်ရာမှုခင်း(၁၇၀)ခန့်ရှိသည် ဟု ဖော်ပြထားကြောင်း၊

(ဂ)     ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်မှလည်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်က Bitcoin အပါအဝင် Ethreum ၊ Ripple နှင့် Litecoin အစရှိသည့် ဒစ်ဂျစ်တယ်ငွေကြေးများ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း၊ Bitcoin အပါအဝင် ဒစ်ဂျစ်တယ် ငွေကြေးများသည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများမှ တရားဝင်ထုတ်လုပ်ထားသည့် ငွေကြေး များမဟုတ်ကြောင်း၊ အဆိုပါငွေကြေးများကို အရောင်းအဝယ်အလွှဲအပြောင်း ပြုလုပ် ခြင်းသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များကို ချိုးဖောက်ရာရောက်ကြောင်း၊ နိုင်ငံအတွင်း၌ တရားဝင် အသိအမှတ်ပြုထား သည့် ငွေကြေးများမဟုတ်သည့်အတွက် Bitcoin ၊ Ethreum ၊ Ripple နှင့် Litecoin အစရှိသည့် ဒစ်ဂျစ်တယ်ငွေကြေးများ အရောင်းအဝယ် ပြုလုပ်နေသည့်သတင်းကို ရရှိထားသဖြင့် အသုံးပြုသူများအနေဖြင့် ဆုံးရှုံးနစ်နာမှု များရှိပါက ဥပဒေကြောင်းအရ နစ်နာကြေးတောင်းခံပိုင်ခွင့်မရှိကြောင်း၊ နိုင်ငံသားများ အနေဖြင့် ဒီဂျစ်တယ်ငွေကြေးများအား အရောင်းအဝယ်ပြုလုပ်ခြင်း၊ အလွှဲအပြောင်း ပြုလုပ်ခြင်း၊ အကူအညီပေးခြင်းနှင့် ကြော်ငြာပေးခြင်း အစရှိသည့်လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် ဗဟိုဘဏ်မှ မေတ္တာရပ်ခံထားကြောင်း၊

(ဃ)    တရုတ်နိုင်ငံ၌ bitcoin အပါအဝင်ဒစ်ဂျစ်တယ်ငွေကြေးအရောင်းအဝယ်ပြုလုပ်မှု အား ၂၀၁၇ ခုနှစ်မှ စတင်တားမြစ်ကာ တရားမဝင် ငွေကြေးအရောင်းအဝယ်များ အဖြစ် သတ်မှတ်ခဲ့ပြီး အရေးယူမှုများစတင်ပြုလုပ်လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးအရောင်းအဝယ်ပြုလုပ်သည့် Websiteများ၊ မိုဘိုင်းဖုန်းများတွင် ထည့်သွင်း သည့် ဆော့ဖ်ဝဲလ်များနှင့် အခြားသောဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို ပစ်မှတ် ထား၍ နှိမ်နှင်းမှုများစတင်ပြုလုပ်လျက်ရှိပြီး သို့သော် ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုမှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သောကြောင့် တရုတ်အစိုးရမှ ယခု ကဲ့သို့ အရေးယူနှိမ်နှင်းမှုများ စတင်ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးအရောင်းအဝယ်နှင့်ပတ်သက်သည့် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများကို ဆက်လက် ပစ်မှတ်ထားအရေးယူသွားရန် စီစဉ်ထားကြောင်း၊

(င)     အင်တာနက် Website များတွင်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များ အပါ အဝင်ငွေကြေးအဖွဲ့အစည်းများ၏ သတိပေးချက်များကြောင့် ဒစ်ဂျစ်တယ်ငွေကြေး ဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံသူများကစိုးရိမ်လာကြသည့်အတွက် ခရစ္စမတ်အကြို ကာလတွင် ဒစ်ဂျစ် တယ်ငွေကြေးများ၏ တန်ဖိုးမှာအဆမတန်ကျဆင်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်တွင် ဒစ်ဂျစ်တယ်ငွေကြေးများအနက် တန်ဖိုး အမြင့်ဆုံးဖြစ်သော Bitcoin ၏ တန်ဖိုးမှာ (၁၃ %)ကျဆင်းခဲ့ပြီး (၁)ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၁၃,၃၆၇)ဒေါ်လာဖြင့် ဈေးပိတ်သွားခဲ့ကြောင်း၊ အလားတူ ဒုတိယတန်ဖိုးအမြင့်ဆုံးဖြစ်သည့် Ethereum တန်ဖိုးမှာလည်း (၁၂ %)ကျ ဆင်းကာ (၁)ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၆၆၃.၇၇)ဒေါ်လာဖြင့် ဈေးပိတ်သွားခဲ့ကြောင်း၊ ထို့အပြင် အခြားရေပန်းစားသည့် ဒစ်ဂျစ်တယ်ငွေကြေး(၁၀)မျိုး၏တန်ဖိုးမှာလည်း (၁၉ %)အထိကျဆင်းခဲ့ကြောင်း၊ ဒစ်ဂျစ်တယ်ငွေကြေးများတန်ဖိုး ကျဆင်းမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံထားသူများ မှာ စိုးရိမ်လျက်ရှိနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၆၀) ဘီလီယံကျော်ရှိကြောင်း၊

(စ) ထိုင်းနိုင်ငံ၌Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများအသုံးပြု၍ ငွေကြေးခဝါချ နေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ဒီဂျစ်တယ်ငွေကြေးအိတ်ချိန်း လုပ်ငန်းရှင်များ အနေဖြင့် နေ့စဉ်ဒီဂျစ်တယ်ငွေကြေး အရောင်းအဝယ်အလွှဲအပြောင်းကိစ္စများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ထံ မဖြစ်မနေသတင်းပို့ရမည်ဟု ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊

(ဆ)  ဂျပန်နိုင်ငံ၏ အကြီးမားဆုံးဒီဂျစ်တယ်ငွေကြေးအိတ်ချိန်းတစ်ခုဖြစ်သည့် Coincheck အား ဟက်ကာများက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်တွင် ဝင်ရောက်ထိုးဖောက် ခဲ့ပြီး အမေရိကန်ဒေါ်လာ(၅၃၄)သန်းတန်ဖိုးရှိ  ဒီဂျစ်တယ်ငွေကြေးများကို ခိုးယူသွား ခဲ့သည့် ဖြစ်စဉ်ပြီးနောက် ဒီဂျစ်တယ်ငွေကြေးအိတ်ချိန်းများ၌ ဆိုက်ဘာလုံခြုံရေးကို အထူးဂရုပြုကြရန် ဂျပန်အစိုးရမှ ညွှန်ကြားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူပေါင်း (၂၆၀၀၀၀)ဦးခန့်မှာ ငွေကြေးဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊

(ဇ)     လူမှုကွန်ရက်မီဒီယာဖြစ်သည့် Facebook သည် Bitcoin အပါအဝင် ဒီဂျစ်တယ် ငွေကြေးများနှင့်ပတ်သက်သည့် Page များ၊ ကြော်ငြာများအား Facebook များ ပေါ်တွင် ဖော်ပြခြင်းကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်မှစတင်၍ တားမြစ် ပိတ်ပင်ခဲ့ကြောင်း၊ ဒီဂျစ်တယ်ငွေကြေးများနှင့်ပတ်သက်၍ Facebook မှ ထုတ်ပြန် သည့်ကြေညာချက်၌ Facebook စာမျက်နှာပေါ်ရှိ ကြော်ငြာများသည် ပြည်သူများ အတွက် ဘေးကင်းလုံခြုံမူကို ပေးစွမ်းနိုင်သည့် ဖော်ပြချက်များဖြစ်သင့်ကြောင်း၊ Facebook သည် လူထုကိုအကျိုးပြုနိုင်ရန် တည်ထောင်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူထုအကျိုးစီးပွားကို ထိခိုက်စေနိုင်သော၊ လူထုအားလမ်းလွှဲသို့ ရောက်ရှိ စေနိုင်သော ဒီဂျစ်တယ်ငွေကြေးများနှင့်ပတ်သက်သည့် ကြော်ငြာများ၊ ရေးသားချက် များကို တင်ပြခွင့်ပြုတော့မည်မဟုတ်ဟု ဖော်ပြထားကြောင်း၊ Facebook ၏ ကြေညာချက်မထွက်ပေါ်မီက တစ်ယူနစ်လျှင် အမေရိကန် ဒေါ်လာ(၁၀၀၀၀)အထက်၌ ဖြစ်ပေါ်နေသော Bitcoin စျေးနူန်းသည် Facebook ကြေညာချက်ထွက်ပေါ်ပြီးနောက် တွင် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၉၈၁၇)သို့ ကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီလ အတွင်း Bitcoin တန်ဖိုးမှာ (၃၁ %)ကျဆင်းခဲ့ပြီး အခြားလူသုံးများသော ဒီဂျစ်တယ်လ်ငွေကြေးများဖြစ်သည့် Ripple , Ethereum နှင့် Lifecoin တန်ဖိုးများ မှာ (၂ %)ခန့် ကျဆင်းခဲ့ကြောင်းဖြင့်အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင်းလွန်ခဲ့သည့်(၄/၅) ခုနှစ်ခန့်မှစ၍ အင်တာနက်သုံးစွဲမှုများပြားလာပြီးနောက် Online Website များ၊ Facebook လူမှုကွန်ရက်သုံးစွဲမှုများလာကာ Financial Technology (Fintech) အသုံးအနှုန်းများပါ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်ခဲ့ပါသည်။ Financial နှင့်ပတ်သက်သည့် ပြည်တွင်းကုမ္ပဏီအချို့မှ ဦးဆောင်၍ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ ပူးပေါင်းကာ Fintech ဟောပြောပွဲများ ပြည်တွင်း၌ မကြာခဏပြုလုပ်လာကြသဖြင့် Online Shopping လုပ်ငန်းများလည်း ကျယ်ပြန့်များပြားလာခဲ့ပါသည်။ ထိုသို့ Online သုံးစွဲဝယ်ယူ ရာတွင် အသုံးပြုသည့် Visa Card ၊ Master Card ၊ Paypal Card အစရှိသည်များကိုပါ သုံးစွဲတတ်လာပါသည်။ အဆိုပါကတ်များနှင့်အတူ ချိတ်ဆက်အသုံးပြုနိုင်သည့် Cryptocurrency ဒီဂျစ်တယ်လ်ငွေကြေးတစ်မျိုးဖြစ်သည့် Bitcoin ကိုပါ မြန်မာနိုင်ငံတွင် လူသိများလာခဲ့ပါသည်။ ၂၀၁၂ ခုနှစ်က Bitcoin တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၄၅)ဒေါ်လာခန့်ဖြစ်ရာမှ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းခန့်တွင် အမေရိကန်ဒေါ်လာ(၁၈၀၀၀)အထိ ဖြစ်ပေါ်ခဲ့ကာ ၂၀၁၈ခုနှစ် နှစ်စပိုင်းလက်ရှိ အခြေအချိန်တွင်လည်း အမေရိကန်ဒေါ်လာ(၁၀၀၀၀)ဝန်းကျင်ခန့်တွင် စျေးနှုန်းဖြစ်ပေါ်နေသဖြင့် စီးပွားရေးစိတ်ဝင်စားသူများကပါသေသေချာချာမလေ့လာဘဲ ၀ယ်ယူရင်းနှီးမြှုပ်နှံလျှင် အကျိုးအမြတ် ရမည်အထင်ဖြင့် လုပ်ဆောင်လာမှုများရှိနေပါသည်။ အဆိုပါအခြေအနေကို အသုံးချကာ နည်းပညာ နှင့်ပတ်သက်၍ အကျွမ်းတဝင်မရှိသေးဘဲ ခေတ်နောက်ကျကျန်နေသေးသည့် မြန်မာနိုင်ငံသားများ သည် မိမိတို့နှင့် မနီးစပ်သေးသည့် လုပ်ငန်းများအပေါ် ဗဟုသုတအနေဖြင့်သာ လေ့လာသင့် ပါသည်။ Bitcoin ၏ လူသုံးစွဲမှုများပြားမှုကြောင့် စျေးနှုန်းမြင့်တက်လာမှုကို အကြောင်းပြ၍ ၎င်းနှင့်အလား သဏ္ဍာန်တူဆင်တူရိုးမှား Coin များလည်း မြန်မာနိုင်ငံအတွင်း၌ နိုင်ငံခြားသား များပါဝင်သည့် ပြည်ပနိုင်ငံအခြေစိုက် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ လာရောက်ကာ Multi Level Marketing ပုံစံမျိုး ဆင့်ပွားစနစ်အသုံးပြု၍ စျေးကွက်ရှာလုပ်ကိုင်မှုများရှိလာပါသည်။ ၎င်းတို့မှာ နည်းပညာ နားလည်သူထက် နားမလည်ဘဲ စည်းရုံးရလွယ်ကူသည့်၊ နည်းပညာဗဟုသုတ နည်းပါး သည့် နယ်ဒေသများသို့သွားရောက်၍ ရင်းနှီးမြှုပ်နှံစေရန် စည်းရုံးလုပ်ဆောင်နေသည်ကို တွေ့မြင် နေရပါသည်။ ပြည်တွင်း၌လည်း အင်တာနက် Website များပေါ်ရှိ  Coin Market Cap ၊ World Coin Index ၊ Cryptocurrency Market Capital တို့တွင် ဖော်ပြနေသည့် Bitcoin ကဲ့သို့သော စျေးကွက်ဝင် Initial Coin Offering (ICO) Coin (၁၀)မျိုးခန့်နှင့် စျေးကွက်မဖွင့်သေးသည့်  Pre Initial Coin Offering(Pre ICO) Coin (၄/၅)မျိုးခန့်လည်း အရောင်းအ၀ယ်လုပ်ဆောင်မှု များရှိနေပြီး ဟောပြောပွဲများပြုလုပ်ခြင်း၊ မက်လုံးပေးစည်းရုံးပြောဆိုမှုများကိုလည်း မြင်တွေ့နေရ ကြောင်း၊ မည်သည့်အစိုးရ၊ အဖွဲ့အစည်းများမှ ကျောထောက်နောက်ခံမရှိဘဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကို ပြုလုပ်မည်ဆိုပါက  လေ့လာသုံးသပ်စဉ်းစားဆင်ခြင်သင့်ပါသည်။

Cryptocurrency (ခ) Digital Currency (ခ) Coin ဒီဂျစ်တယ်လ်ငွေကြေးများအား အစိုးရ တစ်ခုခုက ကျောထောက်နောက်ခံပြုထားခြင်းမရှိဘဲ လွတ်လပ်ခြင်း၊ အနှောင်အဖွဲ့ကင်းခြင်းကို အကြောင်းပြုကာလုပ်ဆောင်နေခြင်းဖြစ်သဖြင့် အယုံလွယ်သူ၊ လောဘကြီးသူ၊ ဗဟုသုတနည်းပါးသူများ ဆုံးရှုံးနစ်နာမှုများအချိန် မရွေးဖြစ်လာနိုင်သလို ထိုမှတစ်ဆင့် ရိုက်ခတ်ကာ နိုင်ငံတော်၏စီးပွားရေး ကဏ္ဍကို အထိုက်အလျောက်ထိခိုက်ရိုက်ခတ်လာနိုင်မည်ဖြစ်သောကြောင့် အထက်ဖော်ပြပါနိုင်ငံများ အတွင်း ဖြစ်စဉ်များအား နမူနာယူ၍ ယနေ့တိုးတက်လာနေသည့် ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာ (Financial Technology) ခေတ်တွင် ဒီဂျစ်တယ်လ်ငွေကြေးမှာ သတိပြုဆင်ခြင်နိုင်စရာတစ်ခု အဖြစ် လောဘမကြီး၊ အယုံမလွယ်ဘဲ စဉ်းစားချင့်ချိန်နိုင်စရာအကြောင်းအရာဖြစ်ကြောင်း ဗဟုသုတ တစ်ရပ်အနေဖြင့် အသိပေးတိုက်တွန်းလိုက်ရပါသည်။

 

သန်းတိုးနိုင်