စသုံးလုံး

    •                  စသုံးလုံး

    • ၁။        စစ်ပြီးခေတ်တွင်၊ မြန်တစ်ခွင်ဝယ်
    • ကျင့်စဉ်ပျက်ပြား၊ လွန်ဖောက်ပြား၍
    • နေရာအများ၊ ခြတွေစား၏။
    • ၂။        လေးဆယ့်ရှစ်ခု ‘ရဲ’ တစ်စုဖြင့်
    • သန့်မှုရှည်ကာ ‘ခြ’ သတ္တဝါကို
    • မညှာချေမှုန်း ‘ပီလေးလုံး’
    • ၃။        ရဲနှင့်မဆိုင်၊ ဘီအက်စ်အိုင်သို့
    • ၅၁-ခုတွင် ပြုပြင်ဖွင့်လှစ်ဌာနသစ်ကြီး
    • ပြောင်းလဲပြီး၏။
    • ၄။        ဘီအက်စ်အိုင်ဟု ခေါ်တွင်မူကား
    • မျိုးခြားသညာ မသင့်ရာနှင့်၊
    • လွယ်ရမြန်သုံး စသုံးလုံး။
    • ၅။        ‘စသုံးလုံး’ ဝင် ပုဂ္ဂိုလ်စင်သည်
    • တည်ကြည်ဖြောင့်မတ် မျိုးချစ်ဓာတ်ဖြင့်
    • မွန်မြတ်အလုပ် စဉ်အားထုတ်၏။
    • ၆။        သစ္စာစကား မြဲမှတ်ထားကာ
    • လေးပါးကတိ ရှင်းမရှိဘဲ
    • စွဲမြဲအလုပ် လွန်ကြိုးကုတ်၏။
    • ၇။        ‘ခြံ’ ကောင်းမျိုးစုံ အဖုံဖုံကို
    • ကုန်စင်နှိမ်နှင်း ဖြိုခွင်းမညှာ
    • ပြုသည့်တာကြောင့် ယုတ်မာလူစု၊ ရန်ညိုးပြု၏။
    • ၈။        ရန်ညှိုးသွယ်သွယ်၊ တွေ့ကြုံကြွယ်လည်း
    • စိတ်ဝယ်လှုပ်ရှား၊ ရေးမထားလျက်
    • မြွေကားစွယ်ကျိုး နှိမ်ချိုးမာန၊ဆက်ဆံကြ၏။
    • ၉။        လူထုဆက်သွယ်၊ ပေါင်းရာဝယ်လည်း
    • တနည်းခြေသုတ်၊ ပုဆိုးစုတ်သို့
    • ရိုညွတ်ကာသာ၊ ကျင့်စဉ်လာ၏။
    • ၁၀။      မြန်ပြည်သန့်ရှင်း၊ ‘ခြ’ ကောင်ကင်းရန်
    • စိတ်သန်ရည်မှု၊ အဓိဌာန်ပြုသည်
    • ပြည်သူ့လက်ရုံး၊ စသုံးလုံး။

သောင်းရန်မှုန်း

စုံထောက်(အရာရှိ) သင်တန်း အမှတ်စဉ်(၁၈၃/၂၀၁၈) သင်တန်း ဖွင့်ပွဲအခမ်းအနား

စုံထောက်(အရာရှိ) သင်တန်း အမှတ်စဉ်(၁၈၃/၂၀၁၈) သင်တန်း ဖွင့်ပွဲအခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအကြပ်အတတ်သင်ကျောင်း၊ လှော်ကားရတနာ ခန်းမတွင် ၂၄-၉-၂၀၁၈ ရက်နေ့ (၀၈:၃၀) အချိန်မှ (၀၉:၀၀) အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(စုံစမ်းရေး)နှင့်စုံစမ်းရေးမှူး အရာရှိ သင်တန်းသား/သူများ တက်ရောက်သည့် စုံထောက်(အရာရှိ) သင်တန်း အမှတ်စဉ်(၁၈၃/၂၀၁၈) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မှုခင်းရဲတပ်ဖွဲ့၊ ယာယီရဲမှူးချုပ် စိုးနိုင်ဦး က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းနိုင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဦးစိုးနောင်ဦး၊ သတင်းနှင့် နည်းပညာဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရဲလေ့ကျင့်ရေး ကျောင်းအုပ်ကြီး ရဲမှူးကြီး ကိုကိုအောင်၊ ဒုကျောင်းအုပ်ကြီး ဒုရဲမှူးကြီး ဝင်းဖေအောင်၊ နည်းပြမှူးချုပ် ဒုရဲမှူးကြီး မြတ်အောင်နှင့် ရဲလေ့ကျင့်ရေးဌာနမှ ရဲမှူးများ၊ မှုခင်းရဲတပ်ဖွဲ့ (အင်းစိန်)မှ လေ့ကျင့်ရေး ဌာနခွဲမှူး ဒုရဲမှူးကြီး ဌေးအောင်၊ ဌာနခွဲမှူး(၂) ဒုရဲမှူးကြီး သာထွန်းနှင့် သင်တန်းနည်းပြ ရဲမှူး၊ ဒုရဲမှူးများ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ ဦးအောင်စိုးမင်းနှင့် သင်တန်းကြီးကြပ်သူ ဦးစီးအရာရှိများ စုစုပေါင်း (၂၅) ဦးနှင့် သင်တန်းသား/သူ အရာရှိ (၁၈၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ စုံထောက်(အရာရှိ) သင်တန်းကို ၂၄-၉-၂၀၁၈ မှ ၂၂-၃-၂၀၁၉ ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။

တိုးတက်လာတဲ့ ခေတ်စနစ်ကြားမှာ သတိပြုရမယ့် ဒီဂျစ်တယ်လ်ငွေကြေး

တိုးတက်လာတဲ့ ခေတ်စနစ်ကြားမှာ သတိပြုရမယ့် ဒီဂျစ်တယ်လ်ငွေကြေး

ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာ (Financial Technology) များသည် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေခဲ့ရာ ရှေးယခင်က ကုန်ပစ္စည်းအချင်းချင်းဖလှယ်ခြင်းစနစ် သုံးစွဲခဲ့ရာမှ ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ ဒင်္ဂါးပြားများ၊ ငွေစက္ကူများကို တစ်ဖြည်းဖြည်းပြောင်းလဲသုံးစွဲလာ ခဲ့ပါသည်။ ထို့နောက် စဉ်ဆက်မပြတ်ပြောင်းလဲလာခြင်းနှင့်အတူ ငွေကြေးပိုင်းဆိုင်ရာဘဏ်လုပ်ငန်း များ ပေါ်ပေါက်လာသောအခါ ငွေကြေးသုံးစွဲမှုမှာလည်း လွယ်ကူမြန်ဆန်ကျယ်ပြန့်လာစေရေး အတွက် အင်တာနက်နည်းပညာကို အခြေခံအသုံးချကြပါသည်။ Mobile Banking နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့့််သုံးစွဲလာသလို ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအဖြစ် အနေနှင့်လည်း အဆင့်မြင့်ကွန်ပျုတာနည်းပညာတစ်ခုဖြစ်သည့် Block Chain နည်းပညာ အခြေခံကာ အသုံးပြုထားသော Cryptocurrency (ခ) Digital Currency ဟု ခေါ်ဆိုကြသည့် ကိုင်တွယ်၍မရသောငွေကြေးစနစ် (Digital Money) ဒီဂျစ်တယ်လ်ငွေကြေးတစ်မျိုးမှာ ၂၀၀၉ ခုနှစ်တွင်စတင်ပေါ်ထွက်လာပြီး ကမ္ဘာ့စီးပွားရေနယ်ပယ်၌ တစ်ဖြည်းဖြည်းပြောင်းလဲသုံးစွဲလာနေ သည်ကို တွေ့မြင်နေရပါသည်။

ယနေ့ခေတ်ကာလ ကမ္ဘာ့စီးပွားရေနယ်ပယ်၌ Cryptocurrency (ခေါ်) Digital Currency  ဒီဂျစ်တယ်လ်ငွေကြေးများ အများအပြားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သုံးစွဲသူအချင်းချင်း လက်ခံကြသည့် သမားရိုးကျရင်းနှီးမြှုပ်နှံမှုမဟုတ်သော Cryptocurrency (ခ) Digital Money (ခ) Coin စနစ်သည်လည်း ပေါ်ပေါက်လာပြီး Cryptocurrency Coin စနစ်သုံးစွဲမှုမှာ အစိုးရများ ၏ ထိန်းချုပ်မှုအောက်တွင်မရှိဘဲ ယင်းစနစ်ကိုသဘောကျလက်ခံသည့် လူပုဂ္ဂိုလ်အချင်းချင်းသာ သုံးစွဲနေကြခြင်းဖြစ်သည်။ အဆိုပါ Cryptocurrency Coin များအား ၀ယ်ယူရင်းနှီးမြှုပ်နှံမှုပြုသူ အချို့မှာ လတ်တလောအမြတ်အစွန်းအများအပြားရနေခြင်း၊ Online စနစ်ကိုအခြေခံထားသဖြင့် ငွေကြေး ထိန်းသိမ်းရမှုမရှိခြင်း၊ လွှဲပြောင်းရာတွင် ကုန်ကျစရိတ်မရှိသလောက်နည်းပါးခြင်း၊ အခွန် ပေးဆောင်ရမှုမရှိခြင်း၊ ငွေလွှဲသည့် အချိန်ကုန်ကျမှုသက်သာခြင်း စသည်တို့အပြင် အစိုးရအဖွဲ့ အစည်းအသီးသီး၏ထိန်းချုပ်နှောင်ဖွဲ့မှု ကင်းလွတ်ကာလွတ်လပ်သည့် အခြေအနေတွင်ရှိနေသဖြင့် ဥပဒေနှင့် လွတ်ကင်းနေသည့်သဘောမျိုးဖြစ်နေသည့်ကိုတွေ့ရမှာဖြစ်သည်။ ထိုကြောင့် Crypto-currency Coin လက်ဝယ်ရှိသူများသည်လည်း ကမ္ဘာ့နိုင်ငံအချို့တွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု လာနေခြင်းဖြစ်ပါသည်။ ပေါ်ပေါက်လာပုံသမိုင်းကြောင်းကို ပြန်လည်လေ့လာမည်ဆိုပါက Crypto-currency (ခ) Digital Currency နှင့်ပတ်သက်၍  ၂၀၀၈ ခုနှစ်တွင် ဂျပန်အမည် ဆာတိုရှီနာကာမိုတို ဟု ခေါ်တွင်သည့် အဖွဲ့တစ်ဖွဲ့က Digital Currency နည်းပညာတစ်ခုအား ကမ္ဘာသို့ စာတမ်း တစ်စောင်အား ချပြခဲ့ပါသည်။ အဆိုပါနည်းပညာတွင် Digital Currency ငွေကြေးတစ်ခုအား Block Chain System ကို အသုံးပြု၍ အဆင့်မြင့်ကွန်ပျူတာများနှင့် တည်ဆောက်ထားသော Network ကွန်ရက်တစ်ခုအား တည်ဆောက်အသုံးပြုခြင်းဖြစ်ပါသည်။ Digital Currency တစ်မျိုးပြုလုပ်မည်ဆိုပါက ဖေါ်ပြပါလုံခြုံသည့်Network ကွန်ရက်တစ်ခုကို တည်ဆောက်ပြီး Coin များကို ထုတ်လုပ်ရောင်းချခွင့်ရမှာဖြစ်ပါသည်။ ထိုသို့ Coin များထုပ်လုပ်သည်ကို နည်းပညာ အခေါ်အရ   Minning ပြုလုပ်သည် (ခ) သတ္တုတူးဖေါ်သည်ဟု တင်စားခေါ်ပါသည်။ Coin များ ထုတ်လုပ်ဆောင်ရွက်နိုင်သည့်သက်တမ်းကို ၂၀၀၉ ခုနှစ်မှစ၍ (၂၅)နှစ်အထိနှင့် Coin အရေ အတွက်ကိုလည်း (၂၁)သန်းသာ ထုတ်လုပ်ရန်စည်းမျဉ်းသတ်မှတ်ထားပါသည်။ Digital Currency နှင့်ပတ်သက်၍ စာတမ်းရေးသားကာ နည်းပညာတီထွင်သူအမည်အား ဆာတိုရှီနာကာမိုတိုဟု အလွယ်တကူခေါ်ဝေါ်ကြသော်လည်း မည်သူမှန်းမသိရှိကြဘဲ ၎င်းတို့အဖွဲ့က ၂၀၀၉ ခုနှစ်တွင် Bitcoin အမည်ဖြင့် Cryptocurrency တစ်ခုကို စတင်ထုတ်လုပ်ရောင်းချခဲ့ပါသည်။ လက်ရှိအချိန် တွင် စီပွားရေးလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ငွေစာရင်းအလွှဲအပြောင်းပြုလုပ်ရာ၌ Online တွင် Exchange များမှတစ်ဆင့် Bitcoin ဖြင့် အပြန်အလှန်အသုံးပြုကြပြီး အခြားငွေကြေး အမျိုးအစားများနှင့်လည်း လဲလှယ်ရောင်း၀ယ်နေကြပြီး အောင်မြင်နေသည့် ဒီဂျစ်တယ်လ်ငွေကြေး တစ်မျိုးအဖြစ် ကမ္ဘာ့စီပွားရေးနယ်ပယ်တွင် စိတ်၀င်စားမှုများပြားလာခဲ့ပါသည်။

ကမ္ဘာပေါ်တွင် Bitcoin ပေါ်ပေါက်လာပြီးနောက်ပိုင်း Cryptocurrency Coin အများအပြား တစ်ဖြည်းဖြည်းပေါ်ထွက်လာရာ လက်ရှိစျေးကွက်ဝင် Initial Coin Offering (ICO)  Coin အမျိုးအစားပေါင်း(၁၃၀၀)ကျော်ခန့် ရှိနေသော်လည်းများ လူသိများသော၊ စိတ်ဝင်စားမှုများသော Coin များမှာ Bitcoin (BTC) ၊ Ethereum (ETH) ၊ Ripple (XRP)၊ Bitcoincash(BCH)၊ Litecoin(LTC)၊ Tron(TRX)၊ Ethereumclassic(ETC)၊ Qtum(QTUM) စသည်တို့ဖြစ်ပြီး ရောင်း၀ယ်မှုလည်း အများဆုံးတွေ့ရပါသည်။ ထို့အပြင် Cryptocurrency Market Capitilati-zation  စျေးကွက်မဖွင့်သေးသည့် Pre Initial Coin Offering (Pre ICO) Coin အမျိုးအစား အချို့လည်း မြင်တွေ့နေရပြီး စျေးကွက်၀င်သယောင်ယောင် အသုံးအနှုန်းများသုံး၍ ဖွံ့ဖြိုးမှုနည်း သည့် နိုင်ငံအချို့တွင် ပြည်တွင်းရှိလူပုဂ္ဂိုလ်နှင့် Company အချို့က နိုင်ငံခြားသားများ ခေါ်ဆောင် လာ၍ ဟော​ပြောစည်းရုံးပွဲများအား ဟိုတယ်ခန်းမကြီးများ၌ ပြုလုပ်နေသည်ကို မြန်မာနိုင်ငံအတွင်း ၌ပင် မြင်တွေ့နေရသည်ကို သတိထားမိနေပါသည်။ အဆိုပါ Cryptocurrency Coin ရောင်းဝယ် နေသည့် အမည်ခံပြည်တွင်းရှိ လူပုဂ္ဂိုလ်နှင့် Company  အချို့ရှိနေပြီး လက်ရှိတွင်လည်း ငွေကြေး ဆိုင်ရာဟောပြောပွဲများ၊ နည်းပညာဟောပြောပွဲများ ပြည်တွင်း၌ပင် မကြာခဏပြုလုပ်လာမှုနှင့် တိုးတက်လာနေသည့် ငွေကြေးသုံးစွဲမှုပုံစံ ပြောင်းလဲလာမှုတို့ကြောင့် လူအများစုကစိတ်ဝင်စားခြင်း မရှိသေးသော်လည်း လူနည်းစုက အဆိုပါ Cryptocurrency Coin များအပေါ် ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေဖြင့် အကျိုးအမြတ်များများရမည်ဟုထင်ကာ စိတ်ဝင်စားလျက်ရှိပါသည်။ ထို့အပြင် Coin များထုပ်လုပ်သည်ကို    နည်းပညာအခေါ်အရ   Minning ပြုလုပ်သည်(ခ) သတ္တုတူးဖေါ် သည်ဟု တင်စားခေါ်ဆိုမှုတွင် ကိုယ်ပိုင်အမည်တပ်၍ Cryptocurrency Coin ထုတ်လုပ်ခြင်း မရှိဘဲ Minning အလုပ်ကိုသာ ပြုလုပ်နေသည့် Minning Company များလည်းရှိပြီး ယင်းပြည်ပ Company များမှ ထုတ်လုပ်သည့် Cryptocurrency Coin များကိုလည်း Package အလိုက် စျေးနှုန်းသတ်မှတ်၍ မြန်မာနိုင်ငံအတွင်း၌ Multi Level Marketing (MLM) စနစ့်သုံး၍ စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ် စည်းရုံးဟောပြောကာ လောင်းကစားဆန်ဆန်၊ စတော့ရှယ်ယာ ဆန်ဆန်အဖြစ်ဖြင့် ပြောဆိုကာ ထိုးဖောက်ဝင်ရောက်ရောင်းဝယ်လာနေသည်ကိုလည်း မြင်တွေ့ရ ပါသည်။

Cryptocurrency Coin များမှာကွန်ပျူတာနည်းပညာများအပေါ်၌အခြေခံပြီး အင်တာနက် အပေါ်၌သာ အရောင်းအဝယ်ပြုလုပ်နိုင်သည့် အကောင်အထည်ဆုပ်ကိုင်မပြနိုင်သော ငွေကြေးစနစ် တစ်ခုဖြစ်သဖြင့်အချိန်အခမရွေးနည်းပညာ၏အားနည်းချက်ကြောင့်မှားယွင်းမှု၊လိမ်လည်မှုများဖြစ်နိုင်ပြီး ပျောက်ပျက်ဆုံးရှုံးသွားနိုင်သလို သုံးစွဲသူများအနေဖြင့်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှု များ အပါအ၀င်တရားမဝင်သော စီးပွားရေးလုပ်ငန်းများမှရရှိသည့် ငွေများကိုငွေကြေးခဝါချမှု (Money Laundering)နှင့် အကြမ်းဖက်မှုထောက်ပံ့ခြင်း(Aids to Terrorist) များတွင် အသုံးချ ပြုလာနိုင်သည်ကိုလည်းတာ၀န်ရှိသူများ သတိပြုရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် Cryptocurrency ဒီဂျစ်တယ်လ်ငွေကြေးများအား သုံးစွဲနေသော်လည်း နည်းပညာလုံခြုံမှု အားနည်း ခြင်းကြောင့် မကြာခဏဆိုသလို Online မှ ထိုးဖောက်ခံရပြီး ဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့နေရပါသည်။ လက်တလောအခြေအနေသတင်းများအရ-

(က)    စင်္ကာပူနိုင်ငံ ဗဟိုဘဏ်က ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်တွင် ဒစ်ဂျစ်တယ် ငွေကြေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သူများအတွက် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေ နိုင်သောကြောင့် bitcoin အပါအဝင် Digital Currency (ခ) cryptocurriencies များကို ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အထူးသတိထားကြရန် သတိပေးချက်ထုတ်ပြန် ခဲ့ကြောင်း၊

(ခ)     ဂျပန်ဗဟိုဘဏ်ဥက္ကဌ ဟာလူဟီကိုကူရိုဒါက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်က ဂျပန်ဗဟိုဘဏ်အစည်းအဝေး၌ bitcoin ဈေးနှုန်းများမြင့်တက်နေခြင်းမှာ သွေးရိုး သားရိုး ဖြစ်စဉ်မဟုတ်နိုင်ကြောင်း၊ bitcoin သည် သမာရိုးကျငွေကြေးများကဲ့သို့ မဟုတ်ဘဲ ဗဟိုဘဏ်တစ်ခုခု (သို့မဟုတ်) အစိုးရတစ်ရပ်ရပ်က ကျောထောက် နောက်ခံပြုပေးထားသော ငွေကြေးလည်းမဟုတ်ကြောင်း၊ ဂျပန်နိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ လက်ရှိ (၅)လတာကာလအတွင်း ဂျပန်နိုင်ငံ၌ သံသယဖြစ်ဖွယ် ငွေကြေးခဝါချမှုနှင့်ဆက်နွယ်နေသည့် ဒစ်ဂျစ်တယ် ငွေကြေးဆိုင်ရာမှုခင်း(၁၇၀)ခန့်ရှိသည် ဟု ဖော်ပြထားကြောင်း၊

(ဂ)     ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်မှလည်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်က Bitcoin အပါအဝင် Ethreum ၊ Ripple နှင့် Litecoin အစရှိသည့် ဒစ်ဂျစ်တယ်ငွေကြေးများ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း၊ Bitcoin အပါအဝင် ဒစ်ဂျစ်တယ် ငွေကြေးများသည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများမှ တရားဝင်ထုတ်လုပ်ထားသည့် ငွေကြေး များမဟုတ်ကြောင်း၊ အဆိုပါငွေကြေးများကို အရောင်းအဝယ်အလွှဲအပြောင်း ပြုလုပ် ခြင်းသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များကို ချိုးဖောက်ရာရောက်ကြောင်း၊ နိုင်ငံအတွင်း၌ တရားဝင် အသိအမှတ်ပြုထား သည့် ငွေကြေးများမဟုတ်သည့်အတွက် Bitcoin ၊ Ethreum ၊ Ripple နှင့် Litecoin အစရှိသည့် ဒစ်ဂျစ်တယ်ငွေကြေးများ အရောင်းအဝယ် ပြုလုပ်နေသည့်သတင်းကို ရရှိထားသဖြင့် အသုံးပြုသူများအနေဖြင့် ဆုံးရှုံးနစ်နာမှု များရှိပါက ဥပဒေကြောင်းအရ နစ်နာကြေးတောင်းခံပိုင်ခွင့်မရှိကြောင်း၊ နိုင်ငံသားများ အနေဖြင့် ဒီဂျစ်တယ်ငွေကြေးများအား အရောင်းအဝယ်ပြုလုပ်ခြင်း၊ အလွှဲအပြောင်း ပြုလုပ်ခြင်း၊ အကူအညီပေးခြင်းနှင့် ကြော်ငြာပေးခြင်း အစရှိသည့်လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် ဗဟိုဘဏ်မှ မေတ္တာရပ်ခံထားကြောင်း၊

(ဃ)    တရုတ်နိုင်ငံ၌ bitcoin အပါအဝင်ဒစ်ဂျစ်တယ်ငွေကြေးအရောင်းအဝယ်ပြုလုပ်မှု အား ၂၀၁၇ ခုနှစ်မှ စတင်တားမြစ်ကာ တရားမဝင် ငွေကြေးအရောင်းအဝယ်များ အဖြစ် သတ်မှတ်ခဲ့ပြီး အရေးယူမှုများစတင်ပြုလုပ်လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးအရောင်းအဝယ်ပြုလုပ်သည့် Websiteများ၊ မိုဘိုင်းဖုန်းများတွင် ထည့်သွင်း သည့် ဆော့ဖ်ဝဲလ်များနှင့် အခြားသောဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို ပစ်မှတ် ထား၍ နှိမ်နှင်းမှုများစတင်ပြုလုပ်လျက်ရှိပြီး သို့သော် ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုမှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သောကြောင့် တရုတ်အစိုးရမှ ယခု ကဲ့သို့ အရေးယူနှိမ်နှင်းမှုများ စတင်ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးအရောင်းအဝယ်နှင့်ပတ်သက်သည့် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများကို ဆက်လက် ပစ်မှတ်ထားအရေးယူသွားရန် စီစဉ်ထားကြောင်း၊

(င)     အင်တာနက် Website များတွင်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များ အပါ အဝင်ငွေကြေးအဖွဲ့အစည်းများ၏ သတိပေးချက်များကြောင့် ဒစ်ဂျစ်တယ်ငွေကြေး ဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံသူများကစိုးရိမ်လာကြသည့်အတွက် ခရစ္စမတ်အကြို ကာလတွင် ဒစ်ဂျစ် တယ်ငွေကြေးများ၏ တန်ဖိုးမှာအဆမတန်ကျဆင်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်တွင် ဒစ်ဂျစ်တယ်ငွေကြေးများအနက် တန်ဖိုး အမြင့်ဆုံးဖြစ်သော Bitcoin ၏ တန်ဖိုးမှာ (၁၃ %)ကျဆင်းခဲ့ပြီး (၁)ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၁၃,၃၆၇)ဒေါ်လာဖြင့် ဈေးပိတ်သွားခဲ့ကြောင်း၊ အလားတူ ဒုတိယတန်ဖိုးအမြင့်ဆုံးဖြစ်သည့် Ethereum တန်ဖိုးမှာလည်း (၁၂ %)ကျ ဆင်းကာ (၁)ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၆၆၃.၇၇)ဒေါ်လာဖြင့် ဈေးပိတ်သွားခဲ့ကြောင်း၊ ထို့အပြင် အခြားရေပန်းစားသည့် ဒစ်ဂျစ်တယ်ငွေကြေး(၁၀)မျိုး၏တန်ဖိုးမှာလည်း (၁၉ %)အထိကျဆင်းခဲ့ကြောင်း၊ ဒစ်ဂျစ်တယ်ငွေကြေးများတန်ဖိုး ကျဆင်းမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံထားသူများ မှာ စိုးရိမ်လျက်ရှိနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၆၀) ဘီလီယံကျော်ရှိကြောင်း၊

(စ) ထိုင်းနိုင်ငံ၌Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများအသုံးပြု၍ ငွေကြေးခဝါချ နေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ဒီဂျစ်တယ်ငွေကြေးအိတ်ချိန်း လုပ်ငန်းရှင်များ အနေဖြင့် နေ့စဉ်ဒီဂျစ်တယ်ငွေကြေး အရောင်းအဝယ်အလွှဲအပြောင်းကိစ္စများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ထံ မဖြစ်မနေသတင်းပို့ရမည်ဟု ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊

(ဆ)  ဂျပန်နိုင်ငံ၏ အကြီးမားဆုံးဒီဂျစ်တယ်ငွေကြေးအိတ်ချိန်းတစ်ခုဖြစ်သည့် Coincheck အား ဟက်ကာများက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်တွင် ဝင်ရောက်ထိုးဖောက် ခဲ့ပြီး အမေရိကန်ဒေါ်လာ(၅၃၄)သန်းတန်ဖိုးရှိ  ဒီဂျစ်တယ်ငွေကြေးများကို ခိုးယူသွား ခဲ့သည့် ဖြစ်စဉ်ပြီးနောက် ဒီဂျစ်တယ်ငွေကြေးအိတ်ချိန်းများ၌ ဆိုက်ဘာလုံခြုံရေးကို အထူးဂရုပြုကြရန် ဂျပန်အစိုးရမှ ညွှန်ကြားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူပေါင်း (၂၆၀၀၀၀)ဦးခန့်မှာ ငွေကြေးဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊

(ဇ)     လူမှုကွန်ရက်မီဒီယာဖြစ်သည့် Facebook သည် Bitcoin အပါအဝင် ဒီဂျစ်တယ် ငွေကြေးများနှင့်ပတ်သက်သည့် Page များ၊ ကြော်ငြာများအား Facebook များ ပေါ်တွင် ဖော်ပြခြင်းကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်မှစတင်၍ တားမြစ် ပိတ်ပင်ခဲ့ကြောင်း၊ ဒီဂျစ်တယ်ငွေကြေးများနှင့်ပတ်သက်၍ Facebook မှ ထုတ်ပြန် သည့်ကြေညာချက်၌ Facebook စာမျက်နှာပေါ်ရှိ ကြော်ငြာများသည် ပြည်သူများ အတွက် ဘေးကင်းလုံခြုံမူကို ပေးစွမ်းနိုင်သည့် ဖော်ပြချက်များဖြစ်သင့်ကြောင်း၊ Facebook သည် လူထုကိုအကျိုးပြုနိုင်ရန် တည်ထောင်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူထုအကျိုးစီးပွားကို ထိခိုက်စေနိုင်သော၊ လူထုအားလမ်းလွှဲသို့ ရောက်ရှိ စေနိုင်သော ဒီဂျစ်တယ်ငွေကြေးများနှင့်ပတ်သက်သည့် ကြော်ငြာများ၊ ရေးသားချက် များကို တင်ပြခွင့်ပြုတော့မည်မဟုတ်ဟု ဖော်ပြထားကြောင်း၊ Facebook ၏ ကြေညာချက်မထွက်ပေါ်မီက တစ်ယူနစ်လျှင် အမေရိကန် ဒေါ်လာ(၁၀၀၀၀)အထက်၌ ဖြစ်ပေါ်နေသော Bitcoin စျေးနူန်းသည် Facebook ကြေညာချက်ထွက်ပေါ်ပြီးနောက် တွင် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၉၈၁၇)သို့ ကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီလ အတွင်း Bitcoin တန်ဖိုးမှာ (၃၁ %)ကျဆင်းခဲ့ပြီး အခြားလူသုံးများသော ဒီဂျစ်တယ်လ်ငွေကြေးများဖြစ်သည့် Ripple , Ethereum နှင့် Lifecoin တန်ဖိုးများ မှာ (၂ %)ခန့် ကျဆင်းခဲ့ကြောင်းဖြင့်အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင်းလွန်ခဲ့သည့်(၄/၅) ခုနှစ်ခန့်မှစ၍ အင်တာနက်သုံးစွဲမှုများပြားလာပြီးနောက် Online Website များ၊ Facebook လူမှုကွန်ရက်သုံးစွဲမှုများလာကာ Financial Technology (Fintech) အသုံးအနှုန်းများပါ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်ခဲ့ပါသည်။ Financial နှင့်ပတ်သက်သည့် ပြည်တွင်းကုမ္ပဏီအချို့မှ ဦးဆောင်၍ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ ပူးပေါင်းကာ Fintech ဟောပြောပွဲများ ပြည်တွင်း၌ မကြာခဏပြုလုပ်လာကြသဖြင့် Online Shopping လုပ်ငန်းများလည်း ကျယ်ပြန့်များပြားလာခဲ့ပါသည်။ ထိုသို့ Online သုံးစွဲဝယ်ယူ ရာတွင် အသုံးပြုသည့် Visa Card ၊ Master Card ၊ Paypal Card အစရှိသည်များကိုပါ သုံးစွဲတတ်လာပါသည်။ အဆိုပါကတ်များနှင့်အတူ ချိတ်ဆက်အသုံးပြုနိုင်သည့် Cryptocurrency ဒီဂျစ်တယ်လ်ငွေကြေးတစ်မျိုးဖြစ်သည့် Bitcoin ကိုပါ မြန်မာနိုင်ငံတွင် လူသိများလာခဲ့ပါသည်။ ၂၀၁၂ ခုနှစ်က Bitcoin တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၄၅)ဒေါ်လာခန့်ဖြစ်ရာမှ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းခန့်တွင် အမေရိကန်ဒေါ်လာ(၁၈၀၀၀)အထိ ဖြစ်ပေါ်ခဲ့ကာ ၂၀၁၈ခုနှစ် နှစ်စပိုင်းလက်ရှိ အခြေအချိန်တွင်လည်း အမေရိကန်ဒေါ်လာ(၁၀၀၀၀)ဝန်းကျင်ခန့်တွင် စျေးနှုန်းဖြစ်ပေါ်နေသဖြင့် စီးပွားရေးစိတ်ဝင်စားသူများကပါသေသေချာချာမလေ့လာဘဲ ၀ယ်ယူရင်းနှီးမြှုပ်နှံလျှင် အကျိုးအမြတ် ရမည်အထင်ဖြင့် လုပ်ဆောင်လာမှုများရှိနေပါသည်။ အဆိုပါအခြေအနေကို အသုံးချကာ နည်းပညာ နှင့်ပတ်သက်၍ အကျွမ်းတဝင်မရှိသေးဘဲ ခေတ်နောက်ကျကျန်နေသေးသည့် မြန်မာနိုင်ငံသားများ သည် မိမိတို့နှင့် မနီးစပ်သေးသည့် လုပ်ငန်းများအပေါ် ဗဟုသုတအနေဖြင့်သာ လေ့လာသင့် ပါသည်။ Bitcoin ၏ လူသုံးစွဲမှုများပြားမှုကြောင့် စျေးနှုန်းမြင့်တက်လာမှုကို အကြောင်းပြ၍ ၎င်းနှင့်အလား သဏ္ဍာန်တူဆင်တူရိုးမှား Coin များလည်း မြန်မာနိုင်ငံအတွင်း၌ နိုင်ငံခြားသား များပါဝင်သည့် ပြည်ပနိုင်ငံအခြေစိုက် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ လာရောက်ကာ Multi Level Marketing ပုံစံမျိုး ဆင့်ပွားစနစ်အသုံးပြု၍ စျေးကွက်ရှာလုပ်ကိုင်မှုများရှိလာပါသည်။ ၎င်းတို့မှာ နည်းပညာ နားလည်သူထက် နားမလည်ဘဲ စည်းရုံးရလွယ်ကူသည့်၊ နည်းပညာဗဟုသုတ နည်းပါး သည့် နယ်ဒေသများသို့သွားရောက်၍ ရင်းနှီးမြှုပ်နှံစေရန် စည်းရုံးလုပ်ဆောင်နေသည်ကို တွေ့မြင် နေရပါသည်။ ပြည်တွင်း၌လည်း အင်တာနက် Website များပေါ်ရှိ  Coin Market Cap ၊ World Coin Index ၊ Cryptocurrency Market Capital တို့တွင် ဖော်ပြနေသည့် Bitcoin ကဲ့သို့သော စျေးကွက်ဝင် Initial Coin Offering (ICO) Coin (၁၀)မျိုးခန့်နှင့် စျေးကွက်မဖွင့်သေးသည့်  Pre Initial Coin Offering(Pre ICO) Coin (၄/၅)မျိုးခန့်လည်း အရောင်းအ၀ယ်လုပ်ဆောင်မှု များရှိနေပြီး ဟောပြောပွဲများပြုလုပ်ခြင်း၊ မက်လုံးပေးစည်းရုံးပြောဆိုမှုများကိုလည်း မြင်တွေ့နေရ ကြောင်း၊ မည်သည့်အစိုးရ၊ အဖွဲ့အစည်းများမှ ကျောထောက်နောက်ခံမရှိဘဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကို ပြုလုပ်မည်ဆိုပါက  လေ့လာသုံးသပ်စဉ်းစားဆင်ခြင်သင့်ပါသည်။

Cryptocurrency (ခ) Digital Currency (ခ) Coin ဒီဂျစ်တယ်လ်ငွေကြေးများအား အစိုးရ တစ်ခုခုက ကျောထောက်နောက်ခံပြုထားခြင်းမရှိဘဲ လွတ်လပ်ခြင်း၊ အနှောင်အဖွဲ့ကင်းခြင်းကို အကြောင်းပြုကာလုပ်ဆောင်နေခြင်းဖြစ်သဖြင့် အယုံလွယ်သူ၊ လောဘကြီးသူ၊ ဗဟုသုတနည်းပါးသူများ ဆုံးရှုံးနစ်နာမှုများအချိန် မရွေးဖြစ်လာနိုင်သလို ထိုမှတစ်ဆင့် ရိုက်ခတ်ကာ နိုင်ငံတော်၏စီးပွားရေး ကဏ္ဍကို အထိုက်အလျောက်ထိခိုက်ရိုက်ခတ်လာနိုင်မည်ဖြစ်သောကြောင့် အထက်ဖော်ပြပါနိုင်ငံများ အတွင်း ဖြစ်စဉ်များအား နမူနာယူ၍ ယနေ့တိုးတက်လာနေသည့် ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာ (Financial Technology) ခေတ်တွင် ဒီဂျစ်တယ်လ်ငွေကြေးမှာ သတိပြုဆင်ခြင်နိုင်စရာတစ်ခု အဖြစ် လောဘမကြီး၊ အယုံမလွယ်ဘဲ စဉ်းစားချင့်ချိန်နိုင်စရာအကြောင်းအရာဖြစ်ကြောင်း ဗဟုသုတ တစ်ရပ်အနေဖြင့် အသိပေးတိုက်တွန်းလိုက်ရပါသည်။

 

သန်းတိုးနိုင်

 

 

 

 

 

 

 

ခရစ်တိုငွေကြေး(Cryptocurrency)  ဘာလဲ  ဘယ်လဲ

၁။        ငွေကြေးဆိုတာ မိမိတို့၏ယုံကြည်မှုအား အပ်နှံထားသည့်အရာတစ်ခုအဖြစ် လက်ခံထားကြသည်။ ငွေပေးချေမှုပြုလုပ်တိုင်းတွင် လူအများစုသည် ငွေသား(Cash)ဖြင့်သာ ပေးချေချင်ကြသည့်ဓလေ့မှသည် ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာများ(Financial Technology)မြင့်မားလာသည်နှင့်အမျှ သမရိုးကျ ငွေကြေးဝန်ဆောင်မှုများအား ခေတ်မီနည်းပညာများနှင့်အစားထိုးကာ ဘဏ်စနစ်များ တစ်ဖြေးဖြေး ဖွံဖြိုးတိုးတက်လာသည့်အခါ ငွေသားအစား Cheque လက်မှတ်သုံးစွဲပြီး နောက်ပိုင်းတွင် Credit & bit Card ၊ Prepaid Card ၊ MPU Card ၊ Master Card ၊ Union Pay Card စသည့် ပုံစံမျိုးစုံဖြင့် ပေးချေလာခဲ့ကြခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းကို အင်တာနက်ဘဏ်စနစ် (Internet Banking)၊ မိုဘိုင်းဘဏ်စနစ်(Mobile Banking)လို့ ခေါ်ဝေါ်သုံးစွဲလာနေကြကြောင်း၊ ဒီဂျစ်တယ် ငွေကြေးရဲ့အစမှာ Crypto-currency (ခ) လျှို့ဝှက်ငွေကြေးလို့ပြောလိုက်ရင် လူအများစုက Bitcion ကိုသာ ပြေးမြင်လိုက်သည်ကများနေသည်။ Bitcion သည် လျှို့ဝှက်ငွေကြေးအစ ကနဦးစတင်ပေါ်ထွက်လာသည့် ငွေကြေးတစ်ခုဖြစ်သော်လည်း၊ လက်ရှိ Bitcion အား အကြောင်းပြု၍ နောက်ဆက်တွဲဈေးကွက်၏ ခရစ်တိုငွေကြေးအမျိုးအစားပေါင်း (၁၅၅၀) ကျော်ခန့် ပေါ်ထွက်ရှိနေသလို ဈေးကွက်မဝင်သေးဘဲ ပြင်ဆင်နေသည့်အဆင့်၌ရှိနေပြီး ခရစ်တိုငွေကြေး အသိုက်အဝန်းအတွင်း ဘောင်မဝင်အဆင့်၌သာရှိ နေသေးသည့် Crypto-currency Pre Coin များလည်း အများအပြားရှိနေပါသည်။

၂။   ခရစ်တိုငွေကြေးဖြစ်ပေါ်လာသည့်သမိုင်းကြောင်းနှင့်လုပ်ဆောင်ပုံကို ပြန်လည်လေ့လာ ကြည့်မည်ဆိုပါက ၂၀၀၉ ခုနှစ်မှစ၍ Bitcion ဆိုသည့် ခရစ်တိုငွေကြေးတစ်မျိုးစတင်ပေါ်လာပြီး၊ ကွန်ပျူတာနည်းပညာကိုအခြေခံ၍ Blockchain နည်းပညာအား အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံမှုရှိပြီး ပွင့်လင်းမြင်သာမှုရှိသည်ဟု နည်းပညာရှင်တစ်ချို့က သုံးသပ်ထားကာ Blockchain မှာ Bitcion နှင့်ပါတ်သက်၍ ရောင်းသူ/ဝယ်သူ၊ ငွေပေးချေသူ/ငွေလက်ခံသူတို့အကြား လွှဲပြောင်းဆောင်ရွက်မှု မှတ်တမ်းတင်ထားသည့် Program ဖြစ်ကြောင်း၊ တစ်နည်းဆိုသော် ဒီဂျစ်တယ်စာရင်းစာအုပ်(Digital Ledger) ဖြစ်ပါသည်။ IT နည်းပညာ ကျွမ်းကျင်သူများသည် Blockchain ထဲသို့ဝင်ရောက်၍ လွှဲပြောင်းဆောင်ရွက်မှုများကိုဖော်ထုတ်ခြင်း၊ အတည်ပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းများကို Minning လုပ်သည်ဟု နည်းပညာအရခေါ်ဆိုကျပြီး အောင်မြင်စွာဆောင်ရွက်နိုင်ပါက ဝန်ဆောင်ခအနေဖြင့် Coin များကို လက်ခံရရှိပါသည်။ ခရစ်တိုငွေကြေးများအား အရောင်းအဝယ်ပြုလုပ်ရာတွင် ကြားခံပွဲစားလို့ခေါ်သည့် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများနှင့် သဘောတရားတူသော Exchanger (Crypto-currency Exchange) များလည်း မရှိမဖြစ်လိုအပ်ပါသည်။

၃။        ခရစ်တိုငွေကြေးများမှာ ပြင်ပကမ္ဘာတွင်သုံးစွဲနေတဲ့ငွေကြေးမဟုတ်သလို နိုင်ငံတွေ၊ အစိုးရတွေက တာဝန်ယူအာမခံပေးထားသည့်ငွေကြေးလည်းမဟုတ်ဘဲ Online ပေါ်တွင်သာပြုလုပ်သည့် အရောင်းအဝယ် ကိစ္စတွေကို ဖြေရှင်းဖို့တီထွင်ထားသည့် ကွန်ပျူတာလျှို့ဝှက်ကုတ်သုံး ငွေကြေးစနစ်တစ်ခုဖြစ်ပါသည်။ လက်ရှိတွင် Bitcion သည် အောင်မြင်ဆုံးသောခရစ်တိုငွေကြေးတစ်ခုဖြစ်ပြီး ယင်းအား လဲလှယ် နိုင်သည့် Exchanger (Crypto-currency Exchange) များမှာ အမေရိကန်နိုင်ငံအပါအဝင် ဉရောပတိုက်၊ အာရှတိုက်ရှိ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင်ရှိနေပါသည်။ လက်ရှိ Bitcion တစ်ယူနစ်(ခ)1-Coin တန်ဘိုးမှာ အမေရိကန်ဒေါ်လာ(၆၇၀၀) ဝန်းကျင်ခန့်ရှိနေကြောင်း၊ ခရစ်တိုငွေကြေးများမှာ လက်ရှိအချိန်ထိ မည်သည့်အစိုးရအဖွဲ့အစည်းတစ်ခုခု၏ ကျောထောက်နောက်ခံပြု ထားခြင်း၊ အာမခံပေးထားခြင်းတို့မရှိဘဲ လွတ်လွတ်လပ်လပ်အနှောင်အဖွဲ့ကင်းစွာ လုပ်ဆောင်နိုင်ခြင်းမှာ စီးပွားရေးနယ်ပယ် လောကကြီးတစ်ခုလုံးအတွက်တော့ မဖြစ်နိုင်သေးကြောင်း၊ သို့သော် Bitcion နှင့် ပါတ်သက်နေသည့် လက်ခံအသုံးပြုနေခြင်း (သို့မဟုတ်) မိတ်ဖက်အဖြစ်လုပ်ငန်းဆောင်ရွက်နေသော Microsoft ၊ Dell ၊ WordPress အစရှိသည့် နည်းပညာကုမ္ပဏီများရှိနေသလို Cheap Air.com လို ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ၊ Square ၊ Braintree ငွေပေးချေမှုလုပ်ငန်းများလည်း ရှိနေကြောင်း၊ Bitcion ၏ စျေးကွက်ရင်းနှီးမြှုပ်နှံမှု(Market Cap) အမေရိကန်ဒေါ်လာဘီလီယံ (၁၈၀)ခန့်ရှိနေကာ ကုန်သွယ်မှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ(၄) ဘီလီယံခန့်ရှိသည်ဟု ပညာရှင်များက တွက်ချက်ထားသည်။ Bitcion အနေဖြင့် ၂၀၀၉ ခုနှစ်မှ၂၀၂၂ ခုနှစ်အထိ ယူနစ်(၂၂)သန်း လည်ပတ်ရန်သတ်မှတ်ထားပြီး လက်ရှိတစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ယူနစ်စုစုပေါင်း(၁၆.၉) သန်းခန့်လည်ပါတ်နေကြောင်း သိရပါသည်။

၄။      ကမ္ဘာ့နိုင်ငံအများအပြား၌လည်း ခရစ်တိုငွေကြေးအခက်အခဲပြဿနာများ ဖြစ်ပေါ်နေလျက်ရှိရာ အစိုးရများအနေဖြင့် တားမြစ်ပိတ်ပင်ရန် စဉ်းစားစောင့်ကြပ်နေလျက်ရှိနေကြောင်း၊ အဆိုပါ အခက် အခဲများအနက် ဆိုက်ဘာလုံခြုံရေးက အဓိကကျနေသည့် ဒီဂျစ်တယ်အိတ်ချိန်းများ လုံခြုံမှုနှင့်နည်းပညာ မြင့်မားမှုရှိစေရန်လိုအပ်ကြောင်း၊ ခရစ်တိုငွေကြေးနှင့်ပတ်သက်ဆက်နွယ်၍ ငွေကြေးခဝါချမှုများ၊ အခွန်တိမ်းရှောင်မှုများ၊ အကြမ်းဖက်မှုနှင့်ရာဇဝတ်မှုခင်းများအတွက် ငွေကြေးထောက်ပံ့မှုများ၊ Online တွင်ရောင်းချသည့် တရားမဝင်ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများအား ဝယ်ယူခြင်းတို့အား ပြုလုပ်လာနိုင်ပြီး ယခုနှစ်ဖေဖော်ဝါရီလအတွင်းက ဂျပန်နိုင်ငံ၏အကြီးဆုံး Crypto-currency Exchange တစ်ခုဖြစ်သည့် Coin Check အား ဟက်ကာများက အမေရိကန်ဒေါ်လာ (၅၃၄) သန်းတန်ဘိုးရှိ ခရစ်တိုငွေကြေးများအား ခိုးယူသွားမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာ လူပေါင်း၂၆၀၀၀၀ ကျော် နစ်နာဆုံးရှုံးသွား ခဲ့မှုအပေါ် ဂျပန်အစိုးရအနေဖြင့် ဆိုက်ဘာလုံခြုံရေးကို အဓိကဂရုပြုရန် ပြောကြားခဲ့ကြောင်း၊ အလားတူ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဝါရှင်တန်မြို့ရှိ ကမ္ဘာ့ဘဏ် အစည်းအဝေးတစ်ခု၌ ကမ္ဘာ့ဘဏ်ဥက္ကဌမှလည်း ခရစ်တိုငွေကြေးအများစုမှာ Ponzi Schemes ကဲ့သို့ ကုမ္ပဏီတစ်ခုသည် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေခြင်းမရှိဘဲ လိမ်ညာဟန်ဆောင်၍ ရင်းနှီးမြှပ်နှံသူများအား ဖိတ်ခေါ်ခဲ့ကြောင်း၊ ယင်းနောက် မူလအဆင့်ရင်းနှီးမြှပ်နှံထားသူများအား ထပ်မံ၍ရင်းနှီးမြှပ်နှံရန် လာရောက်သူများထံမှရရှိသော ငွေကြေးအရင်းအနှီးများအား အသုံးပြု သုံးစွဲအမြတ်ထုတ် မသမာမှုများ ဖြစ်နေကြောင်းဟုပြောဆိုခဲ့သဖြင့် ခရစ်တိုငွေကြေးတန်ဘိုးများ ကျဆင်းလာကာ ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားသူလျော့နည်းသွားခဲ့ပါကြောင်း၊ ယခုရက်ပိုင်းအတွင်း ဗင်နီဇွဲလားနိုင်ငံမှ ထုတ်ဝေတော့မည့် ပတ်ထရိုငွေကြေးနှင့်ပတ်သက်၍ အမေရိကန်မှ တားမြစ်ပိတ်ပင်မည်ဖြစ်ရာ နောက်ဆက်တွဲအကျိုးဆက် များကို  ကြိုတင်ဝယ်ယူထားသည့် ပြည်သူများသာ ထိခိုက်လာနိုင်ကြောင်း၊ အလားတူ အိန္ဒိယနှင့် ပါကစ္စတန်ဗဟိုဘဏ်တို့မှလည်း ဧပြီလ(၆)ရက်တွင် ဒီဂျစ်တယ်ငွေကြေးများကို တရားမဝင်ငွေကြေး များအဖြစ် သတ်မှတ်ကြောင်းဖော်ပြထားပြီး ယင်းငွေကြေးလုပ်ငန်းများနှင့် ဆက်နွယ်မှုမပြုလုပ်ရန်၊ ပြုလုပ်ပါက တရားစွဲဆိုခြင်းခံရမည်ဟု ကြေညာချက်ထွက်ပေါ်ပြီးနောက် Bitcoin တန်ဘိုးများ ကျဆင်းသွားခဲ့ပါသည်။ ယခုတလော နည်းပညာနယ်ပယ်အတွင်း၌ Online ဖြင့် ချိတ်ဆက်ထားသည့် ကွန်ပျုတာများကို Patya ဟုခေါ်သည့်  Ransomware Virus တစ်မျိုးပေါ်လာပြီး Window Operation System ထဲဝင်ရောက်ကာ Computer Data အားလုံးအား Encrypt (ကွန်ပျုတာ အတွင်းရှိ အချက်အလက်များအား သက်ဆိုင်သူများသာ ဖတ်ရှုနားလည်နိုင်သည့် စကားဝှက်အဖြစ်သို့ ပြောင်းလဲခြင်း) ပြုလုပ်ပြီး Dataများ ပြန်လိုချင်ရင် ငွေပေးမှ Decrypt (အချက်အလက်များအား ပြန်လည်ပြောင်းလဲပေးမည်) လုပ်ပေးမည်ဟုဆိုကာ နည်းပညာဖြင့် ချိန်းခြောက်နေသည့်ပုံစံမျိုးဖြစ်သည်ဟု သတင်းများဖြစ်ပေါ်နေခြင်းမှာလည်း ခရစ်တိုငွေကြေးအား စိတ်ဝင်စားပြီးရင်းနှီးမြှုပ်နှံချင်သူများအတွက် စဉ်းစားရမည့် အကြောင်းအရာများ ပင်ဖြစ် သည်။

၅။      ခရစ်တိုငွေကြေးအား ရင်းနှီးမြှပ်နှံရန်စိတ်ဝင်စားပါက အနိမ့်ဆုံးအင်တာနက်နည်းပညာကို နားလည်သုံးစွဲတတ်ရမည်ဖြစ်သလို ကွန်ပျူတာဆိုင်ရာသဘောတရားတွေ၊ အသုံးအနှုန်းတွေသိထားပြီး အဲဒါတွေနဲ့ ပတ်သက်သည့် အထွေထွေဗဟုသုတများကို နှံ့နှံ့စပ်စပ်သိထားရန်လိုအပ်ပါသည်။ အဆိုပါ ခရစ်တိုငွေကြေးလုပ်ငန်းများအား အဓိကလုပ်ဆောင်နေသူအများစုမှာ နည်းပညာဖွံ့ဖြိုးတိုးတက် ပြီးသည့်အသိုင်းအဝိုင်းနှင့် ပြည်ပနိုင်ငံများ၌သာအခြေပြုထားကြောင်း၊ ထို့ပြင် ဥပဒေစိုးမိုးမှု လက်လှမ်းမမှီနိုင်သည့် British Island နှင့် America Island လိုနေရာမျိုးတွင် အခြေတည်ထား ကြကြောင်း၊ တစ်နည်းအားဖြင့်ဆိုသော် မိမိနေထိုင်ရာနိုင်ငံအတွင်း၌ တည်ရှိဖြစ်တည်ခြင်းမဟုတ် ကြောင်းကို သတိပြုထားမှာဖြစ်သည်။ ခရစ်တိုငွေကြေး၌ အမျိုးအစား(၂)မျိုးရှိပါကြောင်း၊ တစ်မျိုးမှာ ဈေးကွက်ဝင်နေသည့် Bitcoin ၊ Ethereun coin တို့လိုဖြစ်ပြီး၊ ကျန်တစ်မျိုးမှာ ဈေးကွက်မဝင်သေးဘဲ ပြင်ဆင်နေသည့်အဆင့်၌သာရှိနေပြီး ခရစ်တိုငွေကြေးအသိုက်အဝင်းအတွင်း ဘောင်မဝင် Pre အဆင့်၌ ရှိသည့် Coin များဖြစ်သည်ကိုလည်း သိနားလည်ဖို့လည်းလိုသည်။ အချို့ကလည်း ဈေးကွက်အသာစီးရ ထားပြီး ဈေးကွက်ဝင်သည့် Bitcoin ၊ Etherum coin တို့အား ရင်းနှီးမြှပ်နှံကြသလို အချို့ကတော့ ဈေးသက်သာပြီး မကြာမီဈေးကွက်ဝင်နိုင်မည်ဟုထင်ကြေးဖြင့် ဈေးကွက်မဝင်သည့် Coin များကို ဝယ်ယူကြကြောင်း၊ နားမလည်သူအများစုက အဆိုပါလုပ်ငန်းအား အင်တာနက်ကြည့်ပြီး လက်ကိုင်ဖုန်း ခလုပ်နှိပ်လိုက်ရုံနှင့် လွယ်လွယ်ကူကူလုပ်ရသည်ဟု ထင်နေကြကြောင်း၊ ပြောသလောက်မလွယ်ကူပါ။ မြန်မာနိုင်ငံအနေဖြင့် ခရစ်တိုငွေကြေးနှင့်ပါတ်သက်၍ တရားဝင်ဥပဒေများအရရော ငွေရေးကြေးရေး ဆိုင်ရာ ဥပဒေအရပါ ခွင့်ပြုထားခြင်းမရှိသေးပါ။

၆။     ခရစ်တိုငွေကြေးများအား စိတ်ဝင်စားသူအများစုက စတော့ရှယ်ယာလိုသဘောထားပြီး အဓိကဝယ်ယူစုဆောင်းခြင်းဖြင့် စျေးတက်လျှင်မြတ်မည် မြတ်လျှင်ပြန်ရောင်းမည်၊ တက်ဈေးကို မျှော်လုပ်ကြပြီး အဆိုပါလုပ်ငန်းအား နယ်ဒေသများတွင် နေထိုင်သူအများစုကသာ စိတ်ဝင်စား လုပ်ဆောင်နေကြခြင်းဖြစ်သည်ကိုလည်း တွေ့မြင်နေရသည်။ ကျောထောက်နောက်ခံမရှိ ခိုင်မာမှုမရှိဘဲ ဖြစ်နေသည့် ခရစ်တိုငွေကြေးအား သေချာနားလည်ခြင်းမရှိ ယုံကြည်မှုတစ်ခုဖြင့်သာ ထိတွေ့ရင်းနှီးကြရန် မလုပ်သင့်ပါကြောင်း၊ အရှုံးဖြင့်သာရင်ဆိုင်ရဖွယ်ရှိကြောင်း၊ ဥပမာပြောရရင် ကျူးကျော်တဲကို ဝယ်ယူရင်းနှီးမြှုပ်နှံသူနဲ့တူကြောင်း၊ အစားပြန်ရ/မရ မကျိန်းသေ မသေချာသော်လည်း ကျူးကျော်တဲတွေကို ဘယ်အချိန်အဖျက်ခံရမယ်ဆိုတာက အရင်ဆုံးတွေ့ကြုံရမှာဖြစ်သလို၊ ကံယုံပြီးကြိုးတန်းပေါ် လမ်းလျှောက်တာနှင့်လည်းတူနေမည်ကိုလည်း သတိချပ်သင့်ပါသည်။

၇။      ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ခရစ်တိုငွေကြေးများနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်ခန့်မှစ၍ ပြည်တွင်းရှိ ကုမ္ပဏီအဖွဲ့အစည်းအချို့မှလည်း ကိုယ်စားလှယ်ပုံစံမျိုးဖြင့်  Coin များကို ဝယ်ယူရင်နှီး စုဆောင်းကြရန် စည်းရုံးဟောပြောပွဲများလုပ်နေသည်ကိုတွေ့မြင်နေရပါသည်။ ခရစ်တို ငွေကြေးများနှင့် ပတ်သက်၍ ပြည်တွင်းရှိကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေဖြင့် ဟောပြော စည်းရုံးရာတွင် အောင်မြင်နေသော ခရစ်တိုငွေကြေးတစ်ခုဖြစ်သည့် Bitcoin အား စံနမူထား၍ စျေးကွက်စတင် ကတည်းက ဝယ်ယူ၍ အကျိုးအမြတ်ရနေမှုကိုသာ အဓိကထားကာရင်းနှီးမြှုပ်နှံ လာစေရန် မက်လုံးပေးပြီး ပြောဆိုနေကြပါသည်။ ထို့အပြင်ခရစ်တိုငွေကြေးများသည် ပိုက်ဆံအိတ်ထဲထည့် ၍ သယ်ယူသွားစရာမလို၊ ဘယ်ဘဏ်နှင့်မှပါတ်သက်အသိပေးရန်မလို၊ မည်သည့်ဗဟိုဘဏ်ကိုမှ အကြောင်းကြားရန်မလိုသည့် လွတ်လပ်သော ငွေကြေးပုံစံစနစ်သစ်တစ်ခုဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် Bitcoin (၁၃၀၉) ယူနစ်စျေးနှုန်းဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တစ်ယူနစ်လျှင် တစ်ဒေါ်လာသာဖြစ်နေခဲ့ရာမှ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒေါ်လာ (၁၈၀၀၀)ထိ အမြင့်ဆုံးဈေး ဖြစ်ခဲ့သဖြင့် ဝယ်ယူထားသူများ အဆမတန်အကျိုးအမြတ်များရသွားပြီး ချမ်းသာသွားခဲ့ကြကြောင်း၊ ယခု Bitcoin အား ဝယ်ယူရင်းနှီးမည်ဆိုပါက အရင်းအနှီးအလွန်များပါကြောင်း၊ ထို့ကြောင့် အစကနဦးဖြစ်ပြီး ဈေးကွက်မဝင်သေးဘဲ ပြင်ဆင်နေသည့်အဆင့်၌သာရှိနေသော Pre အဆင့်ရှိ Coin များအား စျေးနည်းနည်းဖြင့် ယခုအချိန်တွင် ကြိုတင်ဝယ်ယူစုဆောင်းထားလျှင် အနာဂတ်၏ မဆုံးနိုင်သောရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်ကြောင်းဖြင့် မက်လုံးပေးစကားလုံးများသုံးစွဲကာ နိုင်ငံခြားသားများကိုယ်တိုင်ပါဝင်သည့်ဟောပြောပွဲများကို ကြီးကျယ်ခမ်းနားစွာလုပ်ပြ၍ အဖွဲ့ဝင်များ စုဆောင်းလုပ်ဆောင်နေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း စိတ်ဝင်စားသူများအနေဖြင့် ခရစ်တိုငွေကြေးများအား အနာဂတ်၏ ရင်းနှီးမြှပ်နှံမှုတစ်ခုလို စိတ်ထဲတွင်တွေးထင်မြင်လာကာ လွယ်ကူစွာနှင့်ပင်စည်းရုံးခံရသည့် သဘောမျိုးဖြစ်လာနေကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ခရစ်တို ငွေကြေးများနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာနည်းပညာဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊  Crypto-currency Exchange နှင့်ပတ်သက်သည့် အခြေခံအဆောက်အဦများမရှိ၊ ငွေကြေးလည်ပတ်စီးဆင်းနေမှု အခြေအနေတို့မှာ များစွာနောက်ကျနေသေးကြောင်း၊ အနာဂတ်၏ ရင်းနှီးမြှပ်နှံမှုတစ်ခုဟုပြောဆိုရာတွင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းတစ်ခုလိုမဟုတ်ဘဲ ခြေခြေမြစ်မြစ်မသိရသည့် ပြည်ပနိုင်ငံရှိ ငွေကြေးဆိုင်ရာ လုပ်ငန်းတစ်ခုကို အဆုံးရှုံးခံနိုင်ရင်လုပ်ဆိုသည့် သဘောမျိုးဖြစ်နေပါသည်။ အဆုံးအရှုံးခံနိုင်ရင်လုပ် ဆိုသည့်စကားအတိုင်း ယခုအခါ မြန်မာနိုင်ငံတွင်းရှိ ခရစ်တိုငွေကြေးလုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ Coin ထုတ်လုပ်ရောင်းချသည့် ပြည်ပရှိကုမ္ပဏီတစ်ခုမှာ အဆက်အသွယ်မရတော့ဘဲ ဝယ်ယူပေးသွင်း ထားသည့်ငွေများ ထုတ်မရတော့သည့်ဖြစ်စဉ် လတ်တလောဖြစ်ပွားနေကြောင်း၊ လိမ်လည်သွားသည့် အခြေအနေမျိုး ဟုတ်မဟုတ်မသိရသေးဘဲ အကယ်၍ ငွေကြေးများဆုံးရှုံးသွားပါက ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလည်းဆိုသည့် မေးခွန်းရှိနေသော်လည်း အဖြေမှာ ဘယ်သူမှတာဝန်မခံပါ မိမိသဘောကျလို့လုပ်တဲ့ကိစ္စဖြစ်၍ မိမိတာဝန်သာဖြစ်ပါသည်။

၈။   ထို့ကြောင့် ခရစ်တိုငွေကြေးများသည် အဆင့်မြင့်နည်းပညာဖြစ်သည့် Blockchain နည်းပညာကိုပဲသုံးသုံး၊ လွတ်လပ်သောငွေပေးချေမှုစနစ်ဖြစ်ဖြစ်၊ ငွေပို့ခသက်သာသည ်ပဲပြောပြော၊ လုံခြုံပြီးပွင့်လင်းမြင်သာမှု ရှိတယ်လို့ပဲထင်ထင်၊ လက်ရှိအနေဖြင့် (Crypto-currency) ခရစ်တို ငွေကြေးနှင့်ပါတ်သက်၍ ဗဟုသုတပြည့်စုံအောင်လေ့လာပြီးမှသာ ဆက်လက်ဆောင်ရွက ်သင့်ပြီး ခါတော်မီစီးပွားရေးလို ကံကိုယုံပြီး ကျူးကျော်တဲကို ဝယ်မိသူတစ်ဦးလိုတော့ မရင်းနှီးသင့်ပါ။ ဒါ့ကြောင့် ခရစ်တိုငွေကြေးများအား အသုံးပြုရာတွင် လွယ်ကူလျင်မြန် ကုန်ကျစရိတ်သက်သာနိုင်သည့် ကောင်းကျိုးများရှိနေသော်လည်း ယင်းကြောင့် နိုင်ငံအချို့တွင်ဖြစ်ပေါ်နေသည့် အကျိုးတရားများနှင့် အကြောင်းတရားများကို သတိထားသင့်သလို လက်ရှိအခြေအနေတွင်လည်း မြန်မာနိုင်ငံ၌ Crypto-currency (ခ) ခရစ်တိုငွေကြေးများနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာလုပ်ငန်းများအား တရားဝင်ဥပဒေအရ လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိသည်ကို သိရှိထားပြီးနောက် ခရစ်တိုငွေကြေးစိတ်ဝင်စားသူများအနေဖြင့်လည်း ဘာလုပ်မှာလဲ ဘယ်လိုဆက်သွားမှာလဲဟု စေတနာအရင်းခံ၍ အများအကျိုးအတွက် ဝေမျှလိုက်ရပါသည်။

 

သန်းတိုးနိုင်

ခရစ်တိုအဖွဲ့၏ ဒိုင်ယာရီ (သို့) Crypto-currency  မှတ်တမ်း   

တစ်နေ့ မှတ်မှတ်ရရ လွန်ခဲ့သော စက်တင်ဘာလ ပထမပတ်အတွင်း နံနက်စာစားချိန် ကျွန်တော်မိတ်ဆွေ ကိုမင်းမင်းတစ်ယောက် အိမ်ရှေ့ကနေ တကြော်ကြော်ခေါ်ရင်း ရောက်လာ တယ်၊ သူ့ကြည့်ရတာမရွှင်မလန်းနဲ့။ နံနက်စာစားဖို့အတင်းခေါ်တော့လည်း ဝင်စားပေမယ့် အားနာ ပါးနာနဲ့စားနေရသလိုပုံစံမျိုးဖြစ်နေတယ်။ လူပုံကဆံပင်စုတ်ဖွားအင်္ကျီမဟောင်းပေမဲ့ လူကခပ်နွမ်း နွမ်း။ အရင်ကတက်တက်ကြွကြွရှိလွန်းတဲ့ ခရစ်တိုဆရာကြီးတစ်ယောက် အခုပုံစံက ထူးခြားနေလို့သူ့စကားအစကိုစောင့်ရင်းကိုယ်တောင်တုံနိဘာဝေဖြစ်နေမိပါရဲ့။သူကမုန့်သာစားနေတာ သူ့ရဲ့ ဒိုင်ယာရီစာအုပ်ကို ဟိုလှန်ဒီလှန်လုပ်နေရင်းစကားကတောင်စဉ်ရေမရ၊ တစ်ချက်တစ်ချက် ပြောနေ သေးတယ်၊ဘာတဲ့ဇာတ်ကတော့ဇာတ်ရှုပ်ကြီးဆိုပဲ။ လွန်ခဲ့တဲ့(၅)နှစ် သူ ဗန်ကောက်က ပြန်လာကာစ တုန်းကဆို သူ့ပါးစပ်က ဘစ်ကွိုင်ဆိုတာကို ပါးစပ်ကမချဘူး။ ကိုယ့်တောင် မဲဆွယ်သေးပေမဲ့ ဓနအင်အားအခြေအနေအရမဝယ်မိခဲ့ဘူး။ မိုးလွန်မှထွန်ချမယ်ဆိုပြီး တောက်တခေါက်ခေါက်နဲ့ ပြစ်တင်ကြိမ်းမောင်းနေသေးရဲ့။ သူကဆို မြန်မာနိုင်ငံအတွက် ခရစ်တိုကာရန်စီရဲ့ ဖရန်ချိုက် ဆိုပဲ။ ကမ္ဘာမှာခရစ်တိုကာရန်စီ ၁၀၀၀ ကျော်ရဲ့နာမည်တွေရွတ်ပြပေမဲ့ကျွန်တော်မှတ်မိတာကတော့ ဘစ်ကွိုင် ဆိုတာပဲဆိုလို့ကောင်းလို့ပဲလား သူခဏခဏပြောလွန်းလို့စွဲနေတာလားတော့မသိဘူး။ ဒီအကြောင်း သိပ်မသိသေးတဲ့ တခြားသူတွေနဲ့ ဒီစကားမျိုးရောက်သွားရင် ကိုယ်လည်းဝင်ရော လို့ရတာ ကိုမင်းမင်းရဲ့ကျေးဇူးကြောင့်ပေါ့။ အရင်တုန်းကဆို ကိုမင်းမင်းက“ကျွန်တော်ဝယ်တုန်းက တစ်ယူနစ် ကိုတစ်ထောင် အခုဆို ရှစ်ထောင်ဖြစ်လိုက် ကိုးထောင်ဖြစ်လိုက်တစ်သောင်း ဖြစ်လိုက်နဲ့ စျေး နည်းနည်းကျပေမဲ့စင်ပေါ်မှာပဲရှိနေတယ်ကိုယ့်လူ”လို့ အသံစီစီနဲ့ခပ်ကြွားကြွား ပြောတတ်ပြီး၊ အခုပုံစံမျိုးနဲ့ကွာနေ တာတော့ အမှန်ပင်။

ဒီမနက်သူ့ကိုကြည့်ရတာ ဖော်ကောင်ဘညွန့် ပဲလုပ်တော့မလိုလို ၊ ဘာလိုလိုနဲ့ဆိုတော့ ကိုယ်လည်းမျက်နှာရိပ်မျက်နှာကဲ ကြည့်ရင်းသူစကားစပြောမှာကို စောင့်နေမိတယ်။ စပြောတော့ လည်းမအီမသာမပွင့်တပွင့်နဲ့ ပါလာတဲ့သူ့စာအုပ်ကိုလှန်လိုက်ပြောလိုက် ကိုယ်ကလည်း အင်းအဲပေါ့ ကြားတချက်မကြားတချက်ဆိုပေမဲ့ သူဆိုလိုရင်းကို ရိပ်ဖမ်းသံဖမ်းတော့ သိသလိုလိုပါပဲ။ သူပြတဲ့ ၂၀၁၃ ခုနှစ် ဒိုင်ယာရီ လေးကတော့ခပ်နွမ်းနွမ်းလေးပါ။  အထဲမှာတော့ လက်ရေးက ခပ်သော့ သော့ရေးထားပြီး မြှားတွေကလည်းထိုးထားသေးရဲ့။ ခင်ဗျားဖတ်တတ်ပါတယ် ခင်ဗျားသိပါ တယ်ဆိုတာလည်း တဖွဖွနဲ့ဆိုတော့ ကိုယ်လည်းခေါင်းညိတ်ရတော့တာပေါ့။ ကျွန်တော်ဆိုလိုချင် တာကတော့ဗျာဆိုပြီး လက်ချိုးရေပြီးရှင်းပြနေလေရဲ့။ နောက်ပြီးဒါတွေပဲ အပ်ကြောင်း ထပ်နေ တော့ ကိုယ်နားမလည်တာကို ပြန်မမေးရဲတော့ဘူး စကားဖြတ်ပြီးမေးနေရင် ပြီးမှာကို မဟုတ် တော့လို့လေ။ သူ့ဒိုင်ယာရီထဲက အတိုကောက်ရေးထားတာတွေကို စာဖတ်သူနားလည် အောင် လုပ်နေရတာ တစ်လလောက်ကြာသွားတယ်။ ကျန်တာလည်း ဟိုမေးဒီစမ်းနဲ့ လုပ်ရသေးတာမို့ အခုမှအချောသတ်နိုင်တာ၊ သူရေးထားတာက နှစ်အလိုက် ရေးမှတ်ထားတာဖြစ်မယ် ဒါပေမဲ့ အချို့စာတွေက ဘာရေးထားမှန်း မသိတာနဲ့ချန်ထားခဲ့တာရှိတာကိုတော့ ဝန်ခံရမှာပါ။ ကျွန်တော်က မူရင်းရေးသားသူမဟုတ်ဘဲသူ့ကိုယ်စား စာစီပေးရတာဖြစ်လို့အဆက်အစပ်မရှိရင်တော့ နားလည် ပေးကြလိမ့်မယ်ထင်ပါတယ်။ အခုကစပြီး သူ့ဒိုင်ယာရီကိုလှန်လိုက်ကြရအောင်-

၂၀၀၈

-၂၀၀၈ ခုနှစ်တွင် ဂျပန်အမည် “ဆာတိုရှီနာကာမိုတို”က Digital Currency နှင့် ပတ်သက်၍ white-paper စာတမ်းဖြင့် ကမ္ဘာသို့ချပြခဲ့ခြင်း၊ Digital Currency တစ်ခုကို Block Chain System နည်းပညာအသုံးပြု၍ Coin များကို ထုတ်လုပ်ခွင့်ရရှိနိုင်ခြင်း၊ ထိုသို့ Coin များ ထုတ်လုပ်ခြင်းကို နည်းပညာအရ Minning (ခ) သတ္တုတူးဖော်သည်ဟု တင်စား ခေါ်ဝေါ်ခြင်း၊ Coin များကို ၂၀၀၉ ခုနှစ်မှ ၂၀၃၃ ခုနှစ်အထိ (၂၅) နှစ်အတွင်း Coin(၂၁)သန်းသာ  Minning လုပ်ရန် သတ်မှတ်ထား။

၂၀၀၉

-၅-၁၀-၂၀၀၉ ရက်တွင် Bitcoin အမည်ဖြင့်စျေးကွက်သို့ ဝင်ရောက်လာပြီး  Bitcoin 1309 ယူနစ်လျှင် တစ်ဒေါ်လာသတ်မှတ်ခဲ့။

၂၀၁၀

-Bitcoin  စတင်ခဲ့သည့် “ဆာတိုရှီနာကာမိုတို” အဖွဲ့ခြေရာပျောက်သွား။

၂၀၁၁

-Namecoin(NMC) စျေးကွက်စတင်ဝင်ရောက်။

-ပီဇာတစ်ခုကို Bitcoin 10000 ဖြင့် စတင် ရောင်းချ။

၂၀၁၂

-Peercoin စျေးကွက်စတင်ဝင်ရောက်လာ။

-Bitcoin  တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၄၅) သတ်မှတ်။

၂၀၁၃

-Crypto stockmarket တွင် Bitcoin ကို internet ပေါ်မှကြားခံငွေတစ်ခုအနေဖြင့် ဝယ်ယူအသုံးပြုနိုင်အောင်ဆောင်ရွက်                           လာ။

-အလားတူ Dogecoin,Gridcoin,Omni,Emercoin,Primecoin စျေးကွက်စတင်ဝင် ရောက်။

၂၀၁၄

-Nxt,Potcoin,Titcoin,Synereo AMP  စျေးကွက်စတင်ဝင်ရောက်။

-မြန်မာနိုင်ငံအတွင်း Online အသုံးပြုမှုမှတစ်ဆင့် Bitcoin ကိုစတင်သိရှိလာ။

၂၀၁၅

-မြန်မာနိုင်ငံတွင် Cryptocurrency များဝယ်ယူရောင်းချမှု ပိုမိုပြုလုပ်လာ။

-Etherum coin မှာကမ္ဘာ့စျေးကွက်စတင်ဝင်ရောက်လာ။

၂၀၁၆

-Zcash coin ကမ္ဘာ့စျေးကွက်စတင်ဝင်ရောက်လာ။

-Japan မှBitcoin အသိအမှတ်ပြု။

-၁၄-၈-၂၀၁၆  ရန်ကုန်မြို့တွင် Coinspace(S-Coin)ကို စတင်မိတ်ဆက်လာ။

၂၀၁၇

-၂၅-၂-၂၀၁၇ မြန်မာနိုင်ငံတွင် Coinspace  က Quarterly  Success  Seminar အခမ်းအနား ပြုလုပ်။

-ဧပြီလအတွင်းJapan နိုင်ငံအစိုးရမှ Bitcoinကို တစ်နိုင်ငံလုံး payment အနေဖြင့်ခွင့်ပြု၊ (Asia တွင် Japan ပထမဆုံးဖြစ်)

-၂၆-၈-၂၀၁၇   တောင်ကြီးမြို့တွင် Onecoin  အားစတင်မိတ်ဆက်။

-၃၀-၁၁-၂၀၁၇  မုံရွာမြို့တွင် Dascoin ကို စတင်မိတ်ဆက်။

-၁၉-၁၂-၂၀၁၇ စင်္ကာပူနိုင်ငံဗဟိုဘဏ်က    ဒစ်ဂျစ်တယ်ငွေကြေးများ နှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်။

-၂၁-၁၂-၂၀၁၇  ဂျပန်ဗဟိုဘဏ်မှ (၅)လတာကာလအတွင်း ဂျပန်နိုင်ငံ၌ ငွေကြေး ခဝါချမှု နှင့်ဆက်နွယ်နေသည့် ဒစ်ဂျစ်တယ်                      ငွေကြေးဆိုင်ရာမှုခင်းပေါင်း(၁၇၀)ခန့်ရှိသည် ဟုဖော်ပြ။

-၂၇-၁၂-၂၀၁၇ တွင် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်မှလည်း Bitcoin, Ethreum, Ripple နှင့် Litecoin စသည့် ဒစ်ဂျစ်တယ်                              ငွေကြေးများကို တားမြစ်ပိတ်ပင်။

-၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ Bitcoin အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် ပြုလုပ်မှုအား တားမြစ်                   အရေးယူမှုများ စတင်ပြုလုပ်။

-၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် Bitcoinတစ်ယူနစ်လျှင်အမေရိကန်ဒေါ်လာ(၁၈၀၀၀) ဖြစ် ပေါ်။

-ကမ္ဘာတစ်ဝန်းရှိ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ(၁၆၀)ဘီလီယံကျော်ရှိလာ။

၂၀၁၈

-၂၆-၁-၂၀၁၈တွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးဒီဂျစ်တယ်ငွေကြေးအိတ်ချိန်းတစ်ခု ဖြစ်သည့် Coincheck အားဟက်ကာများကဝင်ရောက်ထိုးဖောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅၃၄)သန်း တန်ဖိုးရှိ ဒီဂျစ်တယ်ငွေကြေးများကိုခိုးယူသွားခဲ့ပြီး လူပေါင်း(၂၆၀၀၀၀)ဦးခန့်မှာ ငွေကြေးဆုံးရှုံး နစ်နာမှုများဖြစ်ပေါ်ခဲ့။

-၃၀-၁-၂၀၁၈ မှစ၍ Facebook က Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများ နှင့်ပတ်သက်သည့် Pageများ၊ ကြော်ငြာမျာတွင်ဖော်ပြခြင်းကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၉၈၁၇)သို့ ကျဆင်း။

-၃-၂-၂၀၁၈ မှစတင်၍ အမေရိကန်ပြည်ထောင်စုအခြေစိုက် နာမည်ကျော်ဘဏ်လုပ်ငန်းကြီးများ ဖြစ်သည့် JPMorgan Chase & Co,  Bank of America Corp နှင့် Citigroup Inc  တို့ သည် ၎င်းတို့၏ Credit Card များဖြင့် Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများ အရောင်း အဝယ်ပြုလုပ်ခြင်းများကို တားမြစ်ပိတ်ပင်။

-၆-၂-၂၀၁၈ တွင် လန်ဒန်အခြေစိုက်ရွှေကောင်စီမှ၂၀၁၇ ခုနှစ်တွင်း ဒီဂျစ်တယ်ငွေကြေးများ အားကောင်းခဲ့သည့်အတွက် ကမ္ဘာတစ်ဝန်းရွှေဝယ်လိုအားမှာ(၈)နှစ်တာကာလအတွင်း အနိမ့်ဆုံး သို့ကျဆင်းခဲ့သည်ဟုကြေညာ။

-၇-၂-၂၀၁၈ တွင် ကမ္ဘာ့ဘဏ်ဥက္ကဌက ဒစ်ဂျစ်တယ်ငွေကြေးအများစုမှာ Ponzi Schemes ကဲ့သို့သော မသမာမှုများဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် ဒစ်ဂျစ်တယ်ငွေကြေးတန်ဖိုးများ ဆက်လက်ကျဆင်း။

-၁၉-၂-၂၀၁၈ တွင်ထိုင်းအစိုးရကBitcoin အပါအဝင်ဒီဂျစ်တယ်ငွေကြေးအရောင်းအဝယ် အလွှဲအပြောင်းကိစ္စများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ထံ မဖြစ်မနေသတင်းပို့ရမည်ဟု အမိန့်ထုတ်ပြန်။

-၂၀-၂-၂၀၁၈ တွင် ဗင်နီဇွဲလားနိုင်ငံမှ Petro Coin ထုတ်လုပ်ရောင်းချခဲ့ရာ တစ်ယူနစ် ရေနံတစ်စည်သတ်မှတ်ခဲ့ခြင်းနှင့် တောင်ကိုရီးယားနိုင်ငံကမူ ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ တားမြစ်ပိတ်ပင်ရန် အစီအစဉ်မရှိကြောင်း အရိပ်အယောင်များပြသခဲ့သည့်အတွက် Bitcoin တန်ဖိုးမှာ (၁)ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၁၁,၀၀၀)အထက်သို့ရောက်ရှိလာခဲ့။

-၂၈-၂-၂၀၁၈ ရန်ကုန်မြို့တွင် Coinspace နှင့်ပတ်သက်၍ လက်ရှိဖြစ်ပျက်နေသော အခြေ အနေများကို ရှင်းလင်းပွဲပြုလုပ်။

-၁၉-၃-၂၀၁၈တွင် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်သည် ဗင်နီဇွဲလားနိုင်ငံ၏ ပက်ထရို ဒီဂျစ်တယ်ငွေကြေးအပေါ်အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့။

-၂၆-၃-၂၀၁၈ တွင် Twitter က Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေး နှင့်ဆက်စပ် နေသည့်လုပ်ငန်းများအားလုံးကို ဖော်ပြခြင်းမပြုတော့ကြောင်းကြေညာချက်ကိုထုတ်ပြန်။

-၄-၄-၂၀၁၈ တွင် အိန္ဒိယဗဟိုဘဏ်နှင့်ပါကစ္စတန်ဗဟိုဘဏ်တို့သည် ဒီဂျစ်တယ် ငွေကြေး အရောင်းအဝယ်ပြုမှုများအပေါ်၌ တားမြစ်အရေးယူမှုများစတင်ပြုလုပ်။

-၁၄-၄-၂၀၁၈ ဗီယက်နမ်နိုင်ငံ၌အမေရိကန်ဒေါ်လာသန်း(၆၅၀)ခန့်ပမာဏရှိဒီဂျစ်တယ် ငွေကြေး မသမာမှုဖြစ်ပေါ်ခဲ့ခြင်းအပေါ်တင်းကြပ်သည့်စည်းမျဉ်းပါအမိန့်ကိုထုတ်ပြန်ခဲ့။

-တရုတ်နိုင်ငံမြောက်ပိုင်း တိန်အန်ကျင်းမြို့အချို့သောဧရိယာများ၌ လျှပ်စစ်ဓါတ်အား သုံးစွဲမှု မှာပုံမှန်အနေအထားထက်အဆမတန်များပြားလျက်ရှိသည်ကိုတွေ့ရှိရသဖြင့် Mining ပြုလုပ်နေသော ကွန်ပျူတာဆာဗါအလုံး(၆၀၀)နှင့် အအေးပေးစနစ်အတွက်အသုံးပြုသည့်လျှပ်စစ်ပစ္စည်းများကိုပါ ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိ။

-၁၃-၅-၂၀၁၈ တွင် ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနကဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်သည့် ဥပဒေထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကြီးကြပ်မှု ကော်မရှင်(SEC)သို့ ရက်ပေါင်း(၉၀)အတွင်း တရားဝင်မှတ်ပုံတင်စာရင်းသွင်းရန်ညွန်ကြား။

-၂၀၁၈ ခုနှစ်၊ဇွန်လမှစ၍ Google သည်၎င်း၏အင်တာနက်စာမျက်နှာများပေါ်၌ ဒီဂျစ်တယ် ငွေကြေးများကြော်ငြာနေခြင်းကို တားမြစ်ပိတ်ပင်ရန်စီစဉ်။

-၂၀၁၈ ခုနှစ်၊ဇွန်လအတွင်းတွင် တောင်ကိုရီးယားနိုင်ငံရှိ Coinrail အမည်ရှိ ဒီဂျစ်တယ် အိတ်ချိန်းထံမှ ဒေါ်လာ(၄၀)သန်းခန့်နှင့်  Bithumb ထံမှ အမေရိကန်ဒေါ်လာ(၃၂)သန်းခန့်ကို ခိုးယူသွားခဲ့သဖြင့် Bitcoin အပါအဝင် ဒီဂျစ်တယ် ငွေကြေးများ၏ တန်ဖိုးမှာဆက်တိုက်ကျဆင်း။

-၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်း ရုရှားနိုင်ငံ၌ Sberbank နှင့် Alfa Bank (၂)ခုတို့က Bitcoin အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေး(၆)မျိုးတို့နှင့်ဆက်စပ်နေသော ငွေကြေးအလွဲအပြောင်း ကိစ္စများကို လက်ခံခွင့်ပြုသွားရန်စီစဉ်။

-၂၀၁၈ ခုနှစ်၊စက်တင်ဘာလအတွင်းဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်ခ အား Bitcoin Exchange များမှ US ဒေါ်လာနှင့်ပီဆိုငွေလဲလှယ်ပြီး လေယာဉ်လက်မှတ် ဝယ်ယူနိုင်။

-၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း Bitcoin တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၆၂၀၀)ကျော်၊First Coin တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၀.၀၀၇)သို့ ဖြစ်ပေါ်။

-မြန်မာနိုင်ငံ၌လည်း Bitcoin နှင့် Firstcoin သာ စိတ်ဝင်စားကြပြီး Bitcoin သုံးစွဲမှုမှာ အခြားသော coin ထက် ၅၅% ကျော်ရှိခြင်း၊ မြန်မာနိုင်ငံတွင် Facebook လူမှု့ကွန်ရက်ပေါ်ရှိ Myanmar Cryptocurrency Exchange, Myanmar Bitcoin and Cryptocurrency, Firstcoin Club Myanmar, First Coin Club, Myanmar Bitcoin Service-MBS အမည်တို့ဖြင့် coin များကို ဝယ်ရောင်း ပြုလုပ်နိုင်။

သူရေးထားတာတွေကတော့ အများကြီးပါပဲ ကိုယ်နားလည်တာတွေ ရှိသလို နားမလည်တာတွေ ရှိပေမဲ့ သူသိစေချင်တဲ့ ရည်ရွယ်ချက်လေးကကောင်းနေတော့ သူ့ဆန္ဒကိုလည်းဖြည့်စွမ်းပေးချင် ပါတယ်၊ ဒါ့ကြောင့်သူပြောခဲ့တာတွေထဲက မှတ်မိသလောက်ရေးပြရရင်တော့-

(၁)     ခရစ်တိုဝင်ဆော့ချင်တယ်ဆိုရင် သေသေချာချာ အရင်လေ့လာပါ။

(နိုင်ငံခြားသားများပြကာမက်လုံးပေးစည်းရုံးနေမှုသတိပြု)

(၂)     ကိုယ်ဆုံးရှုံးခဲ့လို့ တိုင်ကြားချင်တဲ့အခါ တပမ်းရှုံးနေပြီဆိုတာမမေ့ပါနဲ့။

(၃)     တချို့က MLM နဲ့ပတ်သက်ဆက်နွယ်လာတဲ့အခါ ခရစ်တိုရဲ့မူလလမ်းကြောင်းက သွေဖည်သွားတတ်ပါတယ်။

(၄)     ကိုယ်ကဘယ်လောက်ပဲတွက်ထားတွက်ထား၊  ကိုယ့်နိုင်ငံရဲ့ MASTER  က ဘယ်လိုပဲ မှန်ကန်ပါစေ တခြားနိုင်ငံတွေရဲ့ ဂယက်ရိုက်ခတ်လာရင် မျှော်လင့်ချက်တွေ ပျောက်ဆုံး သွားတက်ပါတယ်။

(၅)     ဖွံ့ဖြိုးတိုးတက်နည်းပညာမြင့်မားနေတဲ့ဂျပန်၊တောင်ကိုရီးယားစတဲ့နိုင်ငံတွေမှာတောင် ဒီဂျစ်တယ်ငွေကြေးအရောင်းအဝယ်Exchangeများကို ဟက်ကာများ ဖောက်ထွင်း ခိုးယူခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဒေါ်လာသန်းနှင့်ချီသည့်ငွေကြေးအမြောက်အများ ဆုံးရှုံးခဲ့မှုများဖြစ်ခဲ့သလို နိုင်ငံအချို့ကလည်း ဒီဂျစ်တယ်ငွေကြေးကိုလက်မခံ၊ ဆန့်ကျင်နေတာကိုလည်းသတိပြုမိဖို့လိုပါတယ်။

(၆)     တွက်ရေးကစက်သူဌေး၊ တွက်ကြည့်မှ စက်မရှိစကားပုံဆိုတာ အလကားထားခဲ့တာ မဟုတ်ဘူးဆိုတာ သတိရပါ။

(၇)     လက်ရှိပြည်တွင်းမှာ Bitcoin အပါအဝင် ခရစ်တိုတွေက ဘယ်လို ငွေသွင်း၊ ငွေထုတ် ရောင်းဝယ်နေသလဲ အရင်စုံစမ်းပါ။

(၉)     မြန်မာနိုင်ငံမှာ ခရစ်တိုကာရန်စီတွေကို ငွေကြေးဆိုင်ရာလုပ်ငန်းအနေနဲ့ တရားဝင် ခွင့်ပြုထားခြင်း ရှိ/မရှိ လေ့လာပါ။

(၁၀)   ကိုယ့်နိုင်ငံအတွင်းမှာ ခရစ်တိုကာရန်စီနဲ့ပတ်သက်ပြီး အရင်ဆုံးဥပဒေပြဌာန်း ထားဖို့လိုတယ်ဆိုတာအားလုံးက သိထားဖို့လိုတယ်။

(မှတ်ချက်။     အခုဆောင်းပါးရေးနေချိန်အထိ သူ့ကိုဆက်သွယ်၍မရသေးပါကြောင်းနှင့် ပြန်တွေ့ပါက သူ့အာဘော်များကို သူ့ဆန္ဒအတိုင်း ဆက်လက်ဖော်ပြပေးသွားပါမည် ဖြစ်ပါကြောင်း။)

 သန်းတိုးနိုင်