တစ်နေ့ မှတ်မှတ်ရရ လွန်ခဲ့သော စက်တင်ဘာလ ပထမပတ်အတွင်း နံနက်စာစားချိန် ကျွန်တော်မိတ်ဆွေ ကိုမင်းမင်းတစ်ယောက် အိမ်ရှေ့ကနေ တကြော်ကြော်ခေါ်ရင်း ရောက်လာ တယ်၊ သူ့ကြည့်ရတာမရွှင်မလန်းနဲ့။ နံနက်စာစားဖို့အတင်းခေါ်တော့လည်း ဝင်စားပေမယ့် အားနာ ပါးနာနဲ့စားနေရသလိုပုံစံမျိုးဖြစ်နေတယ်။ လူပုံကဆံပင်စုတ်ဖွားအင်္ကျီမဟောင်းပေမဲ့ လူကခပ်နွမ်း နွမ်း။ အရင်ကတက်တက်ကြွကြွရှိလွန်းတဲ့ ခရစ်တိုဆရာကြီးတစ်ယောက် အခုပုံစံက ထူးခြားနေလို့သူ့စကားအစကိုစောင့်ရင်းကိုယ်တောင်တုံနိဘာဝေဖြစ်နေမိပါရဲ့။သူကမုန့်သာစားနေတာ သူ့ရဲ့ ဒိုင်ယာရီစာအုပ်ကို ဟိုလှန်ဒီလှန်လုပ်နေရင်းစကားကတောင်စဉ်ရေမရ၊ တစ်ချက်တစ်ချက် ပြောနေ သေးတယ်၊ဘာတဲ့ဇာတ်ကတော့ဇာတ်ရှုပ်ကြီးဆိုပဲ။ လွန်ခဲ့တဲ့(၅)နှစ် သူ ဗန်ကောက်က ပြန်လာကာစ တုန်းကဆို သူ့ပါးစပ်က ဘစ်ကွိုင်ဆိုတာကို ပါးစပ်ကမချဘူး။ ကိုယ့်တောင် မဲဆွယ်သေးပေမဲ့ ဓနအင်အားအခြေအနေအရမဝယ်မိခဲ့ဘူး။ မိုးလွန်မှထွန်ချမယ်ဆိုပြီး တောက်တခေါက်ခေါက်နဲ့ ပြစ်တင်ကြိမ်းမောင်းနေသေးရဲ့။ သူကဆို မြန်မာနိုင်ငံအတွက် ခရစ်တိုကာရန်စီရဲ့ ဖရန်ချိုက် ဆိုပဲ။ ကမ္ဘာမှာခရစ်တိုကာရန်စီ ၁၀၀၀ ကျော်ရဲ့နာမည်တွေရွတ်ပြပေမဲ့ကျွန်တော်မှတ်မိတာကတော့ ဘစ်ကွိုင် ဆိုတာပဲဆိုလို့ကောင်းလို့ပဲလား သူခဏခဏပြောလွန်းလို့စွဲနေတာလားတော့မသိဘူး။ ဒီအကြောင်း သိပ်မသိသေးတဲ့ တခြားသူတွေနဲ့ ဒီစကားမျိုးရောက်သွားရင် ကိုယ်လည်းဝင်ရော လို့ရတာ ကိုမင်းမင်းရဲ့ကျေးဇူးကြောင့်ပေါ့။ အရင်တုန်းကဆို ကိုမင်းမင်းက“ကျွန်တော်ဝယ်တုန်းက တစ်ယူနစ် ကိုတစ်ထောင် အခုဆို ရှစ်ထောင်ဖြစ်လိုက် ကိုးထောင်ဖြစ်လိုက်တစ်သောင်း ဖြစ်လိုက်နဲ့ စျေး နည်းနည်းကျပေမဲ့စင်ပေါ်မှာပဲရှိနေတယ်ကိုယ့်လူ”လို့ အသံစီစီနဲ့ခပ်ကြွားကြွား ပြောတတ်ပြီး၊ အခုပုံစံမျိုးနဲ့ကွာနေ တာတော့ အမှန်ပင်။

ဒီမနက်သူ့ကိုကြည့်ရတာ ဖော်ကောင်ဘညွန့် ပဲလုပ်တော့မလိုလို ၊ ဘာလိုလိုနဲ့ဆိုတော့ ကိုယ်လည်းမျက်နှာရိပ်မျက်နှာကဲ ကြည့်ရင်းသူစကားစပြောမှာကို စောင့်နေမိတယ်။ စပြောတော့ လည်းမအီမသာမပွင့်တပွင့်နဲ့ ပါလာတဲ့သူ့စာအုပ်ကိုလှန်လိုက်ပြောလိုက် ကိုယ်ကလည်း အင်းအဲပေါ့ ကြားတချက်မကြားတချက်ဆိုပေမဲ့ သူဆိုလိုရင်းကို ရိပ်ဖမ်းသံဖမ်းတော့ သိသလိုလိုပါပဲ။ သူပြတဲ့ ၂၀၁၃ ခုနှစ် ဒိုင်ယာရီ လေးကတော့ခပ်နွမ်းနွမ်းလေးပါ။  အထဲမှာတော့ လက်ရေးက ခပ်သော့ သော့ရေးထားပြီး မြှားတွေကလည်းထိုးထားသေးရဲ့။ ခင်ဗျားဖတ်တတ်ပါတယ် ခင်ဗျားသိပါ တယ်ဆိုတာလည်း တဖွဖွနဲ့ဆိုတော့ ကိုယ်လည်းခေါင်းညိတ်ရတော့တာပေါ့။ ကျွန်တော်ဆိုလိုချင် တာကတော့ဗျာဆိုပြီး လက်ချိုးရေပြီးရှင်းပြနေလေရဲ့။ နောက်ပြီးဒါတွေပဲ အပ်ကြောင်း ထပ်နေ တော့ ကိုယ်နားမလည်တာကို ပြန်မမေးရဲတော့ဘူး စကားဖြတ်ပြီးမေးနေရင် ပြီးမှာကို မဟုတ် တော့လို့လေ။ သူ့ဒိုင်ယာရီထဲက အတိုကောက်ရေးထားတာတွေကို စာဖတ်သူနားလည် အောင် လုပ်နေရတာ တစ်လလောက်ကြာသွားတယ်။ ကျန်တာလည်း ဟိုမေးဒီစမ်းနဲ့ လုပ်ရသေးတာမို့ အခုမှအချောသတ်နိုင်တာ၊ သူရေးထားတာက နှစ်အလိုက် ရေးမှတ်ထားတာဖြစ်မယ် ဒါပေမဲ့ အချို့စာတွေက ဘာရေးထားမှန်း မသိတာနဲ့ချန်ထားခဲ့တာရှိတာကိုတော့ ဝန်ခံရမှာပါ။ ကျွန်တော်က မူရင်းရေးသားသူမဟုတ်ဘဲသူ့ကိုယ်စား စာစီပေးရတာဖြစ်လို့အဆက်အစပ်မရှိရင်တော့ နားလည် ပေးကြလိမ့်မယ်ထင်ပါတယ်။ အခုကစပြီး သူ့ဒိုင်ယာရီကိုလှန်လိုက်ကြရအောင်-

၂၀၀၈

-၂၀၀၈ ခုနှစ်တွင် ဂျပန်အမည် “ဆာတိုရှီနာကာမိုတို”က Digital Currency နှင့် ပတ်သက်၍ white-paper စာတမ်းဖြင့် ကမ္ဘာသို့ချပြခဲ့ခြင်း၊ Digital Currency တစ်ခုကို Block Chain System နည်းပညာအသုံးပြု၍ Coin များကို ထုတ်လုပ်ခွင့်ရရှိနိုင်ခြင်း၊ ထိုသို့ Coin များ ထုတ်လုပ်ခြင်းကို နည်းပညာအရ Minning (ခ) သတ္တုတူးဖော်သည်ဟု တင်စား ခေါ်ဝေါ်ခြင်း၊ Coin များကို ၂၀၀၉ ခုနှစ်မှ ၂၀၃၃ ခုနှစ်အထိ (၂၅) နှစ်အတွင်း Coin(၂၁)သန်းသာ  Minning လုပ်ရန် သတ်မှတ်ထား။

၂၀၀၉

-၅-၁၀-၂၀၀၉ ရက်တွင် Bitcoin အမည်ဖြင့်စျေးကွက်သို့ ဝင်ရောက်လာပြီး  Bitcoin 1309 ယူနစ်လျှင် တစ်ဒေါ်လာသတ်မှတ်ခဲ့။

၂၀၁၀

-Bitcoin  စတင်ခဲ့သည့် “ဆာတိုရှီနာကာမိုတို” အဖွဲ့ခြေရာပျောက်သွား။

၂၀၁၁

-Namecoin(NMC) စျေးကွက်စတင်ဝင်ရောက်။

-ပီဇာတစ်ခုကို Bitcoin 10000 ဖြင့် စတင် ရောင်းချ။

၂၀၁၂

-Peercoin စျေးကွက်စတင်ဝင်ရောက်လာ။

-Bitcoin  တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၄၅) သတ်မှတ်။

၂၀၁၃

-Crypto stockmarket တွင် Bitcoin ကို internet ပေါ်မှကြားခံငွေတစ်ခုအနေဖြင့် ဝယ်ယူအသုံးပြုနိုင်အောင်ဆောင်ရွက်                           လာ။

-အလားတူ Dogecoin,Gridcoin,Omni,Emercoin,Primecoin စျေးကွက်စတင်ဝင် ရောက်။

၂၀၁၄

-Nxt,Potcoin,Titcoin,Synereo AMP  စျေးကွက်စတင်ဝင်ရောက်။

-မြန်မာနိုင်ငံအတွင်း Online အသုံးပြုမှုမှတစ်ဆင့် Bitcoin ကိုစတင်သိရှိလာ။

၂၀၁၅

-မြန်မာနိုင်ငံတွင် Cryptocurrency များဝယ်ယူရောင်းချမှု ပိုမိုပြုလုပ်လာ။

-Etherum coin မှာကမ္ဘာ့စျေးကွက်စတင်ဝင်ရောက်လာ။

၂၀၁၆

-Zcash coin ကမ္ဘာ့စျေးကွက်စတင်ဝင်ရောက်လာ။

-Japan မှBitcoin အသိအမှတ်ပြု။

-၁၄-၈-၂၀၁၆  ရန်ကုန်မြို့တွင် Coinspace(S-Coin)ကို စတင်မိတ်ဆက်လာ။

၂၀၁၇

-၂၅-၂-၂၀၁၇ မြန်မာနိုင်ငံတွင် Coinspace  က Quarterly  Success  Seminar အခမ်းအနား ပြုလုပ်။

-ဧပြီလအတွင်းJapan နိုင်ငံအစိုးရမှ Bitcoinကို တစ်နိုင်ငံလုံး payment အနေဖြင့်ခွင့်ပြု၊ (Asia တွင် Japan ပထမဆုံးဖြစ်)

-၂၆-၈-၂၀၁၇   တောင်ကြီးမြို့တွင် Onecoin  အားစတင်မိတ်ဆက်။

-၃၀-၁၁-၂၀၁၇  မုံရွာမြို့တွင် Dascoin ကို စတင်မိတ်ဆက်။

-၁၉-၁၂-၂၀၁၇ စင်္ကာပူနိုင်ငံဗဟိုဘဏ်က    ဒစ်ဂျစ်တယ်ငွေကြေးများ နှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်။

-၂၁-၁၂-၂၀၁၇  ဂျပန်ဗဟိုဘဏ်မှ (၅)လတာကာလအတွင်း ဂျပန်နိုင်ငံ၌ ငွေကြေး ခဝါချမှု နှင့်ဆက်နွယ်နေသည့် ဒစ်ဂျစ်တယ်                      ငွေကြေးဆိုင်ရာမှုခင်းပေါင်း(၁၇၀)ခန့်ရှိသည် ဟုဖော်ပြ။

-၂၇-၁၂-၂၀၁၇ တွင် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်မှလည်း Bitcoin, Ethreum, Ripple နှင့် Litecoin စသည့် ဒစ်ဂျစ်တယ်                              ငွေကြေးများကို တားမြစ်ပိတ်ပင်။

-၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ Bitcoin အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် ပြုလုပ်မှုအား တားမြစ်                   အရေးယူမှုများ စတင်ပြုလုပ်။

-၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် Bitcoinတစ်ယူနစ်လျှင်အမေရိကန်ဒေါ်လာ(၁၈၀၀၀) ဖြစ် ပေါ်။

-ကမ္ဘာတစ်ဝန်းရှိ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ(၁၆၀)ဘီလီယံကျော်ရှိလာ။

၂၀၁၈

-၂၆-၁-၂၀၁၈တွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးဒီဂျစ်တယ်ငွေကြေးအိတ်ချိန်းတစ်ခု ဖြစ်သည့် Coincheck အားဟက်ကာများကဝင်ရောက်ထိုးဖောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅၃၄)သန်း တန်ဖိုးရှိ ဒီဂျစ်တယ်ငွေကြေးများကိုခိုးယူသွားခဲ့ပြီး လူပေါင်း(၂၆၀၀၀၀)ဦးခန့်မှာ ငွေကြေးဆုံးရှုံး နစ်နာမှုများဖြစ်ပေါ်ခဲ့။

-၃၀-၁-၂၀၁၈ မှစ၍ Facebook က Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများ နှင့်ပတ်သက်သည့် Pageများ၊ ကြော်ငြာမျာတွင်ဖော်ပြခြင်းကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၉၈၁၇)သို့ ကျဆင်း။

-၃-၂-၂၀၁၈ မှစတင်၍ အမေရိကန်ပြည်ထောင်စုအခြေစိုက် နာမည်ကျော်ဘဏ်လုပ်ငန်းကြီးများ ဖြစ်သည့် JPMorgan Chase & Co,  Bank of America Corp နှင့် Citigroup Inc  တို့ သည် ၎င်းတို့၏ Credit Card များဖြင့် Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများ အရောင်း အဝယ်ပြုလုပ်ခြင်းများကို တားမြစ်ပိတ်ပင်။

-၆-၂-၂၀၁၈ တွင် လန်ဒန်အခြေစိုက်ရွှေကောင်စီမှ၂၀၁၇ ခုနှစ်တွင်း ဒီဂျစ်တယ်ငွေကြေးများ အားကောင်းခဲ့သည့်အတွက် ကမ္ဘာတစ်ဝန်းရွှေဝယ်လိုအားမှာ(၈)နှစ်တာကာလအတွင်း အနိမ့်ဆုံး သို့ကျဆင်းခဲ့သည်ဟုကြေညာ။

-၇-၂-၂၀၁၈ တွင် ကမ္ဘာ့ဘဏ်ဥက္ကဌက ဒစ်ဂျစ်တယ်ငွေကြေးအများစုမှာ Ponzi Schemes ကဲ့သို့သော မသမာမှုများဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် ဒစ်ဂျစ်တယ်ငွေကြေးတန်ဖိုးများ ဆက်လက်ကျဆင်း။

-၁၉-၂-၂၀၁၈ တွင်ထိုင်းအစိုးရကBitcoin အပါအဝင်ဒီဂျစ်တယ်ငွေကြေးအရောင်းအဝယ် အလွှဲအပြောင်းကိစ္စများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ထံ မဖြစ်မနေသတင်းပို့ရမည်ဟု အမိန့်ထုတ်ပြန်။

-၂၀-၂-၂၀၁၈ တွင် ဗင်နီဇွဲလားနိုင်ငံမှ Petro Coin ထုတ်လုပ်ရောင်းချခဲ့ရာ တစ်ယူနစ် ရေနံတစ်စည်သတ်မှတ်ခဲ့ခြင်းနှင့် တောင်ကိုရီးယားနိုင်ငံကမူ ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ တားမြစ်ပိတ်ပင်ရန် အစီအစဉ်မရှိကြောင်း အရိပ်အယောင်များပြသခဲ့သည့်အတွက် Bitcoin တန်ဖိုးမှာ (၁)ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၁၁,၀၀၀)အထက်သို့ရောက်ရှိလာခဲ့။

-၂၈-၂-၂၀၁၈ ရန်ကုန်မြို့တွင် Coinspace နှင့်ပတ်သက်၍ လက်ရှိဖြစ်ပျက်နေသော အခြေ အနေများကို ရှင်းလင်းပွဲပြုလုပ်။

-၁၉-၃-၂၀၁၈တွင် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်သည် ဗင်နီဇွဲလားနိုင်ငံ၏ ပက်ထရို ဒီဂျစ်တယ်ငွေကြေးအပေါ်အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့။

-၂၆-၃-၂၀၁၈ တွင် Twitter က Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေး နှင့်ဆက်စပ် နေသည့်လုပ်ငန်းများအားလုံးကို ဖော်ပြခြင်းမပြုတော့ကြောင်းကြေညာချက်ကိုထုတ်ပြန်။

-၄-၄-၂၀၁၈ တွင် အိန္ဒိယဗဟိုဘဏ်နှင့်ပါကစ္စတန်ဗဟိုဘဏ်တို့သည် ဒီဂျစ်တယ် ငွေကြေး အရောင်းအဝယ်ပြုမှုများအပေါ်၌ တားမြစ်အရေးယူမှုများစတင်ပြုလုပ်။

-၁၄-၄-၂၀၁၈ ဗီယက်နမ်နိုင်ငံ၌အမေရိကန်ဒေါ်လာသန်း(၆၅၀)ခန့်ပမာဏရှိဒီဂျစ်တယ် ငွေကြေး မသမာမှုဖြစ်ပေါ်ခဲ့ခြင်းအပေါ်တင်းကြပ်သည့်စည်းမျဉ်းပါအမိန့်ကိုထုတ်ပြန်ခဲ့။

-တရုတ်နိုင်ငံမြောက်ပိုင်း တိန်အန်ကျင်းမြို့အချို့သောဧရိယာများ၌ လျှပ်စစ်ဓါတ်အား သုံးစွဲမှု မှာပုံမှန်အနေအထားထက်အဆမတန်များပြားလျက်ရှိသည်ကိုတွေ့ရှိရသဖြင့် Mining ပြုလုပ်နေသော ကွန်ပျူတာဆာဗါအလုံး(၆၀၀)နှင့် အအေးပေးစနစ်အတွက်အသုံးပြုသည့်လျှပ်စစ်ပစ္စည်းများကိုပါ ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိ။

-၁၃-၅-၂၀၁၈ တွင် ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနကဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်သည့် ဥပဒေထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကြီးကြပ်မှု ကော်မရှင်(SEC)သို့ ရက်ပေါင်း(၉၀)အတွင်း တရားဝင်မှတ်ပုံတင်စာရင်းသွင်းရန်ညွန်ကြား။

-၂၀၁၈ ခုနှစ်၊ဇွန်လမှစ၍ Google သည်၎င်း၏အင်တာနက်စာမျက်နှာများပေါ်၌ ဒီဂျစ်တယ် ငွေကြေးများကြော်ငြာနေခြင်းကို တားမြစ်ပိတ်ပင်ရန်စီစဉ်။

-၂၀၁၈ ခုနှစ်၊ဇွန်လအတွင်းတွင် တောင်ကိုရီးယားနိုင်ငံရှိ Coinrail အမည်ရှိ ဒီဂျစ်တယ် အိတ်ချိန်းထံမှ ဒေါ်လာ(၄၀)သန်းခန့်နှင့်  Bithumb ထံမှ အမေရိကန်ဒေါ်လာ(၃၂)သန်းခန့်ကို ခိုးယူသွားခဲ့သဖြင့် Bitcoin အပါအဝင် ဒီဂျစ်တယ် ငွေကြေးများ၏ တန်ဖိုးမှာဆက်တိုက်ကျဆင်း။

-၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်း ရုရှားနိုင်ငံ၌ Sberbank နှင့် Alfa Bank (၂)ခုတို့က Bitcoin အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေး(၆)မျိုးတို့နှင့်ဆက်စပ်နေသော ငွေကြေးအလွဲအပြောင်း ကိစ္စများကို လက်ခံခွင့်ပြုသွားရန်စီစဉ်။

-၂၀၁၈ ခုနှစ်၊စက်တင်ဘာလအတွင်းဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်ခ အား Bitcoin Exchange များမှ US ဒေါ်လာနှင့်ပီဆိုငွေလဲလှယ်ပြီး လေယာဉ်လက်မှတ် ဝယ်ယူနိုင်။

-၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း Bitcoin တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၆၂၀၀)ကျော်၊First Coin တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၀.၀၀၇)သို့ ဖြစ်ပေါ်။

-မြန်မာနိုင်ငံ၌လည်း Bitcoin နှင့် Firstcoin သာ စိတ်ဝင်စားကြပြီး Bitcoin သုံးစွဲမှုမှာ အခြားသော coin ထက် ၅၅% ကျော်ရှိခြင်း၊ မြန်မာနိုင်ငံတွင် Facebook လူမှု့ကွန်ရက်ပေါ်ရှိ Myanmar Cryptocurrency Exchange, Myanmar Bitcoin and Cryptocurrency, Firstcoin Club Myanmar, First Coin Club, Myanmar Bitcoin Service-MBS အမည်တို့ဖြင့် coin များကို ဝယ်ရောင်း ပြုလုပ်နိုင်။

သူရေးထားတာတွေကတော့ အများကြီးပါပဲ ကိုယ်နားလည်တာတွေ ရှိသလို နားမလည်တာတွေ ရှိပေမဲ့ သူသိစေချင်တဲ့ ရည်ရွယ်ချက်လေးကကောင်းနေတော့ သူ့ဆန္ဒကိုလည်းဖြည့်စွမ်းပေးချင် ပါတယ်၊ ဒါ့ကြောင့်သူပြောခဲ့တာတွေထဲက မှတ်မိသလောက်ရေးပြရရင်တော့-

(၁)     ခရစ်တိုဝင်ဆော့ချင်တယ်ဆိုရင် သေသေချာချာ အရင်လေ့လာပါ။

(နိုင်ငံခြားသားများပြကာမက်လုံးပေးစည်းရုံးနေမှုသတိပြု)

(၂)     ကိုယ်ဆုံးရှုံးခဲ့လို့ တိုင်ကြားချင်တဲ့အခါ တပမ်းရှုံးနေပြီဆိုတာမမေ့ပါနဲ့။

(၃)     တချို့က MLM နဲ့ပတ်သက်ဆက်နွယ်လာတဲ့အခါ ခရစ်တိုရဲ့မူလလမ်းကြောင်းက သွေဖည်သွားတတ်ပါတယ်။

(၄)     ကိုယ်ကဘယ်လောက်ပဲတွက်ထားတွက်ထား၊  ကိုယ့်နိုင်ငံရဲ့ MASTER  က ဘယ်လိုပဲ မှန်ကန်ပါစေ တခြားနိုင်ငံတွေရဲ့ ဂယက်ရိုက်ခတ်လာရင် မျှော်လင့်ချက်တွေ ပျောက်ဆုံး သွားတက်ပါတယ်။

(၅)     ဖွံ့ဖြိုးတိုးတက်နည်းပညာမြင့်မားနေတဲ့ဂျပန်၊တောင်ကိုရီးယားစတဲ့နိုင်ငံတွေမှာတောင် ဒီဂျစ်တယ်ငွေကြေးအရောင်းအဝယ်Exchangeများကို ဟက်ကာများ ဖောက်ထွင်း ခိုးယူခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဒေါ်လာသန်းနှင့်ချီသည့်ငွေကြေးအမြောက်အများ ဆုံးရှုံးခဲ့မှုများဖြစ်ခဲ့သလို နိုင်ငံအချို့ကလည်း ဒီဂျစ်တယ်ငွေကြေးကိုလက်မခံ၊ ဆန့်ကျင်နေတာကိုလည်းသတိပြုမိဖို့လိုပါတယ်။

(၆)     တွက်ရေးကစက်သူဌေး၊ တွက်ကြည့်မှ စက်မရှိစကားပုံဆိုတာ အလကားထားခဲ့တာ မဟုတ်ဘူးဆိုတာ သတိရပါ။

(၇)     လက်ရှိပြည်တွင်းမှာ Bitcoin အပါအဝင် ခရစ်တိုတွေက ဘယ်လို ငွေသွင်း၊ ငွေထုတ် ရောင်းဝယ်နေသလဲ အရင်စုံစမ်းပါ။

(၉)     မြန်မာနိုင်ငံမှာ ခရစ်တိုကာရန်စီတွေကို ငွေကြေးဆိုင်ရာလုပ်ငန်းအနေနဲ့ တရားဝင် ခွင့်ပြုထားခြင်း ရှိ/မရှိ လေ့လာပါ။

(၁၀)   ကိုယ့်နိုင်ငံအတွင်းမှာ ခရစ်တိုကာရန်စီနဲ့ပတ်သက်ပြီး အရင်ဆုံးဥပဒေပြဌာန်း ထားဖို့လိုတယ်ဆိုတာအားလုံးက သိထားဖို့လိုတယ်။

(မှတ်ချက်။     အခုဆောင်းပါးရေးနေချိန်အထိ သူ့ကိုဆက်သွယ်၍မရသေးပါကြောင်းနှင့် ပြန်တွေ့ပါက သူ့အာဘော်များကို သူ့ဆန္ဒအတိုင်း ဆက်လက်ဖော်ပြပေးသွားပါမည် ဖြစ်ပါကြောင်း။)

 သန်းတိုးနိုင်