ကမ္ဘာ့စီးပွားရေးနှေးကွေးမှုများ ဖြစ်ပေါ်ကာ ကမ္ဘာတစ်ဝန်း လောင်စာဆီဝယ်လိုအား ကျဆင်းမှုများ ဖြစ်ပေါ်လာမည့်အပေါ်စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းခဲ့မှု
ကမ္ဘာ့စီးပွားရေး အခြေအနေနှေးကွေးမှုများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း IHS Markit ကုမ္ပဏီက ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ဂျာမနီနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတိုးတက်မှုအနေအထားမှာ (၃) လဆက်တိုက်ကျဆင်းကာ တိုးတက်မှုအညွှန်းကိန်းအမှတ် (၄၄.၇) မှတ်သာရှိခဲ့ရာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ဂျာမနီနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်မှုနှုန်း အနည်းဆုံးအနေအထားပင်ဖြစ်ကြောင်း၊ အလားတူ ဂျာမနီနိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍတိုးတက်မှုနှုန်းမှာလည်း လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်ခဲ့သည့် တိုးတက်မှုအညွှန်းကိန်းအမှတ် (၅၅.၃) မှတ်ကို ပြည့်မီခြင်းမရှိဘဲ ယခုမတ်လတွင် ဝန်ဆောင်မှုကဏ္ဍတိုးတက်မှုအညွှန်းကိန်းအမှတ် (၅၄.၉) မှတ်သာရှိခဲ့သည်ဟုဖော်ပြထားသည့်အပြင် ယခုမတ်လအတွင်း အမေရိကန်ပြည်ထောင်စုရှိ ပုဂ္ဂလိကကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ၏ တိုးတက်မှုအနေအထားမှာလည်း လွန်ခဲ့သည့်ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့်တိုးတက်မှုအညွှန်းကိန်းအမှတ် (၅၅.၅) မှတ်ကို ပြည့်မီခြင်းမရှိဘဲ (၅၄.၃) မှတ်သာရှိခဲ့သည်ဟုဖော်ပြထားရာ ကမ္ဘာပေါ်၌ စီးပွားရေးအင်အားကြီးစာရင်းဝင်နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံတို့၏ စီးပွားရေးနှေးကွေးမှုများသည် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် သက်ရောက်မှုများဖြစ်ပေါ်ကာ ကမ္ဘာတစ်ဝန်းလောင်စာဆီ ဝယ်လိုအားကျဆင်းသွားမည့်အပေါ် စိုးရိမ်ပူပန်မှုများထွက်ပေါ်လာခြင်းနှင့်အတူ ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။
၂၀၁၉ ခုနှစ်၊ မတ်လ(၂၅) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ မေလအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၉% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၈.၅၂) ဒေါ်လာ၌လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၇% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၆.၅၆) ဒေါ်လာ၌ လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း www.reuters.com တွင်ဖော်ပြပါရှိပါသည်။