၂၀၁၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ ဘင်္ဂါလီများ၏ ရုပ်အလောင်းအများအပြား မြှုပ်နှံထားသည့် သင်္ချိုင်း တွေ့ရှိ ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခဲ့မှု

၂၀၁၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ ဘင်္ဂါလီများ၏ ရုပ်အလောင်းအများအပြား မြှုပ်နှံထားသည့် သင်္ချိုင်းတွေ့ရှိခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခဲ့မှု

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း မလေးရှားနှင့် ထိုင်းနိုင်ငံနယ်စပ်အနီးရှိ မလေးရှားနိုင်ငံအတွင်း ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဟုယူဆရသော လူကုန်ကူးခံရသူများ၏ ရုပ်အလောင်း (၁၃၉) လောင်းမြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုအားတွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ မလေးရှားနိုင်ငံသားများအား ဖမ်းဆီးတရားစွဲဆိုခြင်းမပြုလုပ်ခဲ့သည့် မလေးရှားအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များက ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန်တောင်းဆိုထားသည့် အစီရင်ခံစာတစ်စောင်အား ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါအစီရင်ခံစာအား Fortify Rights လူ့အခွင့်အရေးအဖွဲ့နှင့် မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင် (SUHAKAM) တို့မှ ပူးပေါင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာ၌ မိမိတို့လူ့အခွင့်အရေးအဖွဲ့များအနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးသူများမှ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီးများသာမက ကလေးသူငယ်များအပေါ်၌ပါ လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ကို အခိုင်အမာတွေ့ရှိထားကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း မလေးရှားနိုင်ငံမြောက်ပိုင်း ထိုင်းနယ်စပ်ရှိ ဝမ်ကယ်လင်မြို့၌ ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၏ ရုပ်အလောင်း (၁၃၉) လောင်း မြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုအားတွေ့ရှိခဲ့ပြီးနောက် မလေးရှားအာဏာပိုင်များမှ လူမှောင်ခိုစခန်းတစ်ခုအား ဖြိုခွင်းခဲ့သော်လည်း ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုများမှာ ပြီးပြည့်စုံခြင်းမရှိဘဲ ဟာကွက်များဖြစ်ပေါ်လျက်ရှိကြောင်း၊ အလားတူ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့၌လည်း အဆိုပါ ထိုင်းနှင့် မလေးရှားနယ်စပ် ထိုင်းနိုင်ငံအတွင်းတွင် ဘင်္ဂါလီ (၃၀) ဦးကျော်တို့၏ ရုပ်အလောင်းများထပ်မံတွေ့ရှိ ခဲ့ရာ ထိုင်းအာဏာပိုင်များသည် ၂၀၁၇ ခုနှစ်တွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ လူကုန်ကူးမှုအတွင်းပါဝင်ပတ်သက်ခဲ့သည့် ထိုင်းအစိုးရအရာရှိ (၉) ဦး အပါအဝင် ထိုင်းနိုင်ငံသား (၆၂) ဦးတို့အား ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း၊ သို့သော် မလေးရှားအစိုးရသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ မလေးရှားနိုင်ငံသားတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းမရှိဘဲ နိုင်ငံခြားသား (၄) ဦးကိုသာ ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း၊ ထိုသို့မလေးရှားပိုင်နက်အတွင်း လူအများအပြားအား သေဆုံးစေခြင်းသည် ဒေသခံမလေးရှားနိုင်ငံသား (သို့မဟုတ်) အချို့သော မလေးရှားအစိုးရအရာရှိများ၏ ပူးပေါင်းပါဝင်ပတ်သက်မှုမရှိဘဲ ဖြစ်ပေါ်နိုင်သည့်အကြောင်းအရာ မဟုတ်သည့်အတွက် မလေးရှားရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာပြီးပြည့်စုံခြင်းမရှိဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် မလေးရှားအစိုးရသစ်သည် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ထိရောက် စွာစုံစမ်းစစ်ဆေးနိုင်ရေးအတွက် တော်ဝင်စုံစမ်းရေးကော်မရှင် (RCI) အားဖွဲ့စည်း တာဝန်ပေးခဲ့သည့်အပေါ် လူ့အခွင့်အရေးအဖွဲ့များက ကြိုဆိုခဲ့ကြကြောင်း၊  အဆိုပါ RCI အဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဘင်္ဂါလီများအား လူကုန်ကူးမှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် မလေးရှားအာဏာပိုင်များနှင့် ပြစ်မှုကျူးလွန်သူများအပေါ် ဖော်ထုတ်ဖမ်းဆီးတရားစွဲဆိုနိုင်လိမ့်မည် ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များကမျှော်လင့်ထားကြောင်းဖြင့် www.aljazeera.com ဖြင့် ဖော်ပြ ပါရှိပါသည်။

ဗြိတိန်ခွဲထွက်ရေးဆိုင်ရာပြင်ဆင်မှုများနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန်၌ မဲခွဲဆုံးဖြတ်ခဲ့ရာရှုံးနိမ့်ခဲ့ပြီး ခွဲထွက်ရေးမူကြမ်းအား ပါလီမန်ကထောက်ခံပေးမည်ဆိုပါက ရာထူးမှနုတ်ထွက်ပေးမည်ဟု ဝန်ကြီးချုပ်ထရီဇာမေ၏ပြောကြားချက်ထွက်ပေါ်ခဲ့ပြီးနောက် စတာလင်ပေါင်တန်ဖိုးမှာကျဆင်းခဲ့မှု

ဗြိတိန်ခွဲထွက်ရေးဆိုင်ရာပြင်ဆင်မှုများနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန်၌ မဲခွဲဆုံးဖြတ်ခဲ့ရာရှုံးနိမ့်ခဲ့ပြီး ခွဲထွက်ရေးမူကြမ်းအား ပါလီမန်ကထောက်ခံပေးမည်ဆိုပါက ရာထူးမှနုတ်ထွက်ပေးမည်ဟု ဝန်ကြီးချုပ်ထရီဇာမေ၏ပြောကြားချက်ထွက်ပေါ်ခဲ့ပြီးနောက် စတာလင်ပေါင်တန်ဖိုးမှာကျဆင်းခဲ့မှု

ဗြိတိန်ပါလီမန်၌ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ခွဲထွက်ရေးဆိုင်ရာ ပြင်ဆင်လိုမှုများနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ခဲ့ရာရှုံးနိမ့်ခဲ့ပြီး ခွဲထွက်ရေးမူကြမ်းအား ပါလီမန်ကထောက်ခံပေးမည်ဆိုပါက ရာထူးမှနုတ်ထွက်ပေးမည်ဟု ဝန်ကြီးချုပ်ထရီဇာမေ၏ ပြောကြားချက်ထွက်ပေါ်ခဲ့ပြီးနောက် စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းအား ဗြိတိန်ပါလီမန်၌ ပထမအကြိမ်မဲခွဲဆုံးဖြတ်၍ ရှုံးနိမ့်ခဲ့စဉ်ကပင် ခွဲထွက်ရေးနှင့်ပတ်သက်၍ ပြင်ဆင်လိုသည့် အဆိုပြုမှုများပေါ်ပေါက်လာခဲ့ပြီး ဒုတိယကြိမ်မဲခွဲဆုံးဖြတ်၍ ထပ်မံရှုံးနိမ့်ခဲ့ရာတွင်လည်း ပြင်ဆင်လိုသည့်အဆိုပြုချက်များ ထပ်မံပေါ်ပေါက်လာခဲ့ကြောင်း၊ အဆိုပါပြင်ဆင်ရေး အဆိုပြုချက်များအား ဝန်ကြီးချုပ်ထရီဇာမေ၏ ကွန်ဆာဗေးတစ်ပါတီအမတ်များ၊ အတိုက်အခံလေဘာပါတီအမတ်များ၊ လစ်ဘရယ်ဒီမိုကရက်ပါတီအမတ်များနှင့် တစ်သီးပုဂ္ဂလအမတ်များအဖွဲ့တို့က အဆိုပြုတင်သွင်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက် (ဗုဒ္ဓဟူးနေ့) တွင် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးဆိုင်ရာ ပြင်ဆင်လိုမှုများနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန်၌ Yes or No မဲခွဲဆုံးဖြတ်မှုများ (ပုံနှိပ်စာရွက်များတွင် မှန်/မှား ခြစ်သည့်ပုံစံဖြင့်) ပြုလုပ်ခဲ့ကြရာ အဆိုပါ ပြင်ဆင်လိုမှုများနှင့်ပတ်သက်၍ ထောက်ခံမဲ (Yes) လုံလုံလောက်လောက် ရရှိခဲ့ခြင်းမရှိဘဲ ကန့်ကွက်မဲ (No) အများစုဖြင့်သာ ပယ်ချခံခဲ့ရကြောင်း၊ ထို့ကြောင့် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးကိစ္စမှာ ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းအတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ကြောင်း၊ သို့သော် ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းမှာ ဗြိတိန်ပါလီမန်၌ တတိယအကြိမ် မဲခွဲဆုံးဖြတ်ရန် ကန့်ကွက်မှုများနှင့်ကြုံတွေ့ရလျက်ရှိခြင်းကြောင့် ဝန်ကြီးချုပ် ထရီဇာမေသည် ၎င်း၏ခွဲထွက်ရေးမူကြမ်းအား ပါလီမန်ကထောက်ခံပေးမည်ဆိုပါက ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါဝန်ကြီးချုပ် ထရီဇာမေ၏ပြောကြားချက်ထွက်ပေါ်ပြီးနောက် ဗြိတိန်ခွဲထွက်ရေး မသေချာမရေရာမှုများ မြင့်တက်လာခြင်းနှင့်အတူ အခန့်မသင့်ပါက no-deal Brexit ဖြင့်ခွဲထွက်ရသည့် အခြေအနေမျိုးပင်ဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာပြီး စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၂၈) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ၀.၂% ကျဆင်းပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန် ဒေါ်လာ (၁.၃၁၅၆) ဒေါ်လာ လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း www.reuters.com တွင် ဖော်ပြပါရှိပါသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထုတ် Imphal Free Press သတင်းစာ၌ “အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် (၁၇)ကြိမ်မြောက် အောက်လွှတ်တော် ပါလီမန်ရွေးကောက်ပွဲတွင် ပြည်သူလူထုက BJPပါတီအား ဆက်လက် ထောက်ခံခြင်းမပြုသဖြင့် အိန္ဒိယဗဟိုအစိုးရတွင် အာဏာပြန်လည်ရရှိလာနိုင်မည် မဟုတ်ကြောင်း မဏိပူရ်ပြည်နယ်ဆိုင်ရာ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ က ပြောကြားခဲ့ကြောင်း” ဖော်ပြ ခဲ့မှု

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထုတ် Imphal Free Press သတင်းစာ၌ “အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် (၁၇) ကြိမ်မြောက် အောက်လွှတ်တော် ပါလီမန်ရွေးကောက်ပွဲတွင် ပြည်သူလူထုက BJP ပါတီအား ဆက်လက်ထောက်ခံခြင်းမပြုသဖြင့် အိန္ဒိယဗဟိုအစိုးရတွင် အာဏာပြန်လည်ရရှိလာနိုင်မည်မဟုတ်ကြောင်း မဏိပူရ်ပြည်နယ်ဆိုင်ရာ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း” ဖော်ပြခဲ့မှု

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၌ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်ထုတ် Imphal Free Press  သတင်းစာတွင် “အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် (၁၇) ကြိမ်မြောက်အောက်လွှတ်တော် ပါလီမန်ရွေးကောက်ပွဲ၌ ပြည်သူလူထုက BJP ပါတီအား ဆက်လက်ထောက်ခံခြင်း မပြုသဖြင့် အိန္ဒိယဗဟိုအစိုးရတွင် အာဏာပြန်လည်ရရှိလာနိုင်မည်မဟုတ်ကြောင်းကို မဏိပူရ်ပြည်နယ်ဆိုင်ရာကွန်ဂရက်ပါတီ ဥက္ကဋ္ဌက မတ်လ(၂၅) ရက်တွင် သတင်းမီဒီယာသမားများအားပြောကြားခဲ့ကြောင်း၊ အိန္ဒိယအစိုးရနှင့် မဏိပူရ်ပြည်နယ်တို့တွင် အာဏာရရှိနေသည့် BJP ပါတီအား ပြည်သူလူထုက စိတ်ပျက်နေကြပြီး ပြည်သူလူထုအများစုမှာ ကွန်ဂရက်ပါတီအား ပိုမိုယုံကြည်လာသောကြောင့် မဏိပူရ်ပြည်နယ်တွင် ကွန်ဂရက်ပါတီက အနိုင်ရရှိရန် သေချာနေကြောင်း၊ လက်ရှိတွင်၎င်းတို့၏လုပ်ဆောင်မှုများကို ပြည်သူများကသိရှိလာ၍ လိမ်လည်မှုများ ထပ်မံမပြုလုပ်နိုင်တော့ကြောင်း၊ ကွန်ဂရက်ပါတီအစိုးရ အာဏာရှိစဉ်တွင် အကျင့်ပျက်ခြစားမှုအများအပြားရှိကြောင်းကို BJP ပါတီက စွပ်စွဲခဲ့သော်လည်း လက်ရှိ BJP အစိုးရလက်ထက်တွင် အကျင့်ပျက်ခြစားမှုများပိုမိုများပြားနေကြောင်းကို ဥက္ကဌက  ပြောကြားခဲ့ကြောင်း၊ ကွန်ဂရက်ပါတီကိုယ်စားလှယ်က တောင်ပေါ်နှင့်မြေပြန့်ဒေသများ တန်းတူဖွံ့ဖြိုးတိုးတက်မှသာလျှင် အတူယှဉ်တွဲနေထိုင်မှုမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဆင်းရဲသားများနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ အပြည့်အဝရရှိရန် အလေးထားလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းကို ပါတီကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း” ဖြင့် ဖော်ပြပါရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏အဓိကပြိုင်ဘက်ပါတီကြီး(၂)ခုဖြစ်သော ပွေထိုင်းပါတီနှင့် PPRP ပါတီတို့သည် ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ကြေညာခြင်းမပြုမီကာလအတွင်း ညွန့်ပေါင်း အစိုးရဖွဲ့စည်းရန် အပြိုင်အဆိုင်ကြိုးပမ်းအားထုတ်လျက်ရှိမှု

ထိုင်းနိုင်ငံ၏အဓိကပြိုင်ဘက်ပါတီကြီး(၂)ခုဖြစ်သော ပွေထိုင်းပါတီနှင့် PPRP ပါတီတို့သည် ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ကြေညာခြင်းမပြုမီကာလအတွင်း ညွန့်ပေါင်း အစိုးရဖွဲ့စည်းရန် အပြိုင်အဆိုင်ကြိုးပမ်းအားထုတ်လျက်ရှိမှု

ထိုင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ၏တရားဝင်ရလဒ်အား ထုတ်ပြန်ကြေညာခြင်း မပြုသေးမီကာလအတွင်း အဓိကပြိုင်ဘက်ပါတီကြီး(၂) ခုဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အားထောက်ခံသည့် ပွေထိုင်းပါတီနှင့် တပ်မတော်အားထောက်ခံသည့် ပယ်လန်းပရာ ချာရက်ပါတီ (PPRP) တို့သည် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် အပြိုင်အဆိုင်အားထုတ်လုပ်ဆောင်လျက်ရှိကြကာ ဘန်ဂျိုင်ထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးအတွက် အဓိကကျသည့်ပါတီအဖြစ် သို့ရောက်ရှိလျက်ရှိသည်ဟု သိရှိရပါသည်။

အောက်လွှတ်တော်အမတ်နေရာ (၅၀၀) အတွက် ရွေးကောက်တင်မြှောက်မည့်ထိုင်းရွေးကောက်ပွဲအတွင်း အမတ်နေရာများအားရွေးကောက်တင်မြှောက်ရာ၌ မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်အား အစွဲပြုကာ အမတ်နေရာ (၃၅၀) နေရာအတွက် ရွေးကောက်တင်မြှောက်ခြင်းနှင့် ပါတီများအပေါ် အစွဲပြုကာ အမတ်နေရာ (၁၅၀) နေရာအတွက် ရွေးကောက်တင်မြှောက်ခြင်းနည်းစနစ် (၂) မျိုးအားကျင့်သုံးကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုင်းရွေးကောက်ပွဲကော်မရှင်သည် အဆိုပါစနစ် (၂) မျိုးအနက် ပါတီ များအားအစွဲပြုသည့်အမတ်နေရာရရှိမှုပဏာမရလဒ်အားထုတ်ပြန်ကြေညာခြင်းမပြုသေးသော်လည်း မဲဆန္ဒနယ်အားအစွဲပြုသည့် အမတ်နေရာပဏာမရလဒ်အခြေအနေအား ထုတ်ပြန်ကြေညာခဲ့ရာ ပွေထိုင်းပါတီသည် အမတ်နေရာ(၁၃၇) နေရာဖြင့် ဦးဆောင်လျက်ရှိပြီး မဲအရေအတွက် (၇.၉) သန်းဖြင့် ဆန္ဒမဲအများဆုံးရရှိထားသည့် PPRP ပါတီမှာမူ မဲဆန္ဒနယ်အားအစွဲပြုသည့် အမတ်နေရာ (၉၇) နေရာဖြင့် ရပ်တည်လျက်ရှိသော်လည်း PPRP ပါတီသည် သတင်းမီဒီယာများမှတစ်ဆင့် သိရှိရသည့် ပါတီအားအစွဲပြုသည့်အမတ်အရေအတွက်မှာ (၁၉)နေရာရရှိမည်ဖြစ်သည့်အတွက် အမတ်နေရာ (၁၁၆) နေရာဖြင့် ဒုတိယအဆင့်၌ရပ်တည်လျက်ရှိကြောင်း၊ ထို့ကြောင့် ပွေထိုင်းပါတီအနေဖြင့် အမတ် နေရာ (၂၅၀) အားအဆင်သင့်ရရှိပြီးဖြစ်သည့် PPRP ပါတီအားယှဉ်ပြိုင်နိုင်ရေးအတွက် အခြားသောပါတီများ၏အထောက်အပံ့များအား ရယူရန်လိုအပ်ပြီး အခြားနိုင်ငံရေးပါတီများနှင့်အတူ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းရန် လုပ်ဆောင်လျက်ရှိခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပွေထိုင်းပါတီသည် တပ်မတော် အစိုးရအားဆန့်ကျင်​ရေးတွင် ရည်ရွယ်ချက်ခြင်းတူညီသောပါတီသစ်တစ်ခုဖြစ်သည့် အမတ်နေရာ (၈၀) အားရရှိကာ တတိယအဆင့်၌ရပ်တည်လျက်ရှိသော Future Forward Party (FFP) ပါတီနှင့် အတူပူးပေါင်းရန် သဘောတူညီမှုကိုလည်းရရှိထားကြောင်း၊ သို့သော် ပွေထိုင်းပါတီအနေဖြင့် PPRP ပါတီနှင့် ထိရောက်စွာယှဉ်ပြိုင်နိုင်ရေးအတွက်မှာမူ အဆင့်(၅) နေရာ၌ရပ်တည်လျက်ရှိသည့် ဘန်ဂျိုင်ထိုင်းပါတီနှင့်ပူးပေါင်းနိုင်ရေးအတွက် အဓိကထားလုပ်ဆောင်သွားရမည်ဖြစ်သည်ဟု သိရှိရပါသည်။

ထို့ကြောင့် ဘန်ဂျိုင်ထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးတွင် အဓိကကျသည့်ပါတီအဖြစ်သို့ရောက်ရှိလာခဲ့ပြီး ယင်းပါတီသည် မဲဆန္ဒနယ်အားအစွဲပြုကာ ခန့်အပ်သည့်အမတ်နေရာ (၃၉) နေရာအားရရှိကာ ပါတီအားအစွဲပြုသည့် အမတ်အရေအတွက်(၁၂) နေရာရရှိမည်ဖြစ်သည့်အတွက် အမတ်နေရာ (၅၁) နေရာဖြင့် ပဉ္စမအဆင့်၌ရပ်တည်လျက်ရှိသော ပါတီတစ်ခုဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် အဆိုပါဘန်ဂျိုင်ထိုင်းပါတီသည် မည်သည့်ပါတီနှင့်ပူးပေါင်းမည်ကို ဆုံးဖြတ်ချက်ချမှတ်ထားခြင်းမရှိသေးသော်လည်း အခြားပါတီများနှင့်ပူးပေါင်းလိုလျက်ရှိကာ ပွေထိုင်းပါတီအနေဖြင့် စေ့စပ်ညှိနှိုင်းမှုများအား တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ဘန်ဂျိုင်ထိုင်းပါတီသည် ပွေထိုင်းပါတီ၏ အစိုးရအဖွဲ့အတွင်း ဦးဆောင်ဦးရွက်ပြုနိုင်သည့်အခန်းကဏ္ဍတွင်ပါဝင်ရေးနှင့် ထိပ်ပိုင်းဝန်ကြီးဌာနများအား ထိန်းချုပ်ရေးအခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအစရှိသည့် ကတိပြုချက်များ ပါဝင်သောကမ်းလှမ်းမှုများအား ယခင်ကလျစ်လျူရှုခဲ့သော်လည်း ယခုအခါအဆိုပါ ကမ်းလှမ်းမှုများအားသဘောတူသည့် အရိပ်လက္ခဏာများ အံ့အားသင့်ဖွယ်ဖြစ်ပေါ်လျက်ရှိသည်ဟု ပွေထိုင်းပါတီ၏ ပြောကြားချက်အရ သိရှိရပါသည်။

အလားတူ တပ်မတော်အားထောက်ခံသည့် PPRP ပါတီသည်လည်း ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ရေးအတွက် အခြားသောပါတီများအပေါ် ချဉ်းကပ်မှုများ စတင်ပြုလုပ်သွားမည်ဖြစ်ပြီး ဆန္ဒမဲအရေအတွက်အများဆုံးရရှိထားသည့် PPRP ပါတီအနေဖြင့် ရွေးကောက်ပွဲအတွင်း အနိုင်ရရှိရန် အားသာချက်ရှိမှုနှင့်အတူ အခြားသောပါတီများအား ကမ်းလှမ်းမှုများပြုလုပ်သွားမည်ဖြစ်သည်ဟု သိရှိရကြောင်း၊ အလားတူ အမတ်နေရာ (၅၂) နေရာရရှိကာ စတုတ္ထနေရာ၌ ရပ်တည်လျက်ရှိသည့် ဒီမိုကရက်ပါတီမှပါတီခေါင်းဆောင်အဘီဆစ်သည်လည်း မတ်လ (၂၄)ရက်(တနင်္ဂနွေနေ့)ညပိုင်းတွင် ပါတီမှနှုတ်ထွက်ကြောင်းကြေညာခဲ့ပြီး လာမည့်ပါတီ၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ပါတီအမှုဆောင်ဘုတ်အဖွဲ့မှသာ လုပ်ဆောင်သွားလိမ့်မည်ဖြစ်သည်ဟုကြေညာခဲ့ကြောင်း၊ ထို့ပြင် ဒီမိုကရက်ပါတီသည် ပွေထိုင်းပါတီနှင့် လုံးဝပူးပေါင်းမည်မဟုတ်ဘဲ ဖြစ်နိုင်ခြေရှိသည့်အချက်မှာ PPRP ပါတီနှင့်သာပူးပေါင်းသွားမည်ဖြစ်သည်ဟု ဒီမိုကရက်ပါတီဝင် ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရှိရကြောင်း၊ သို့သော် လက်ရှိဝန်ကြီးချုပ်  ပရတ်ရွတ်ချန်အိုချာ ကျောထောက်နောက်ခံပြုပေးထားသည့် ဆန္ဒပြခေါင်းဆောင်ဟောင်း ဆူသက်သောင် ဆူဗန်ပါဝင်သည့် The Action Coalition for Thailand ပါတီမှာမူ အမတ်နေရာ (၅) နေရာသာရရှိခဲ့သည်ဟု သိရှိရပါသည်။

ယခုကျင်းပခဲ့သည့် ထိုင်းရွေးကောက်ပွဲတွင် ဆန္ဒမဲများရေတွက်ရာ၌ မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများဆုံးရှုံးခဲ့ရသည့် ပယ်မဲများအား ချန်လှပ်သွားရမည်ဖြစ်သော်လည်း အဆိုပါ ကိုယ်စားလှယ်လောင်းများ ကိုယ်စားပြုသည့်ပါတီတွင် ဆက်လက်အသုံးပြုကာ ပါတီအား အစွဲပြုသည့်ဆန္ဒမဲစနစ်တွင် ထည့်သွင်းရေတွက်ရန်အသုံးပြုသည့်စနစ်အားကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူများပြုစုထားသည့် စာရင်းဇယားအရ ပွေထိုင်းပါတီသည် နိုင်ငံရေးပါတီ (၅) ခုနှင့်ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မည်ဖြစ်ပြီး PPRP ပါတီသည် နိုင်ငံရေးပါတီ (၄) ခုနှင့် ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့သွားနိုင်လိမ့်မည်ဟု သုံးသပ်ထားကြောင်းဖြင့် www. bangkokpost.com  တွင်ဖော်ပြပါရှိပါသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးမူကြမ်းနှင့်ပတ်သက်၍ ထောက်ခံသူနည်းပါးလျက်ရှိသည်ဟု ဝန်ကြီးချုပ်ထရီဇာမေကပြောကြားခဲ့ပြီးနောက် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာကျဆင်းခဲ့မှု

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးမူကြမ်းနှင့်ပတ်သက်၍ ထောက်ခံသူနည်းပါးလျက်ရှိသည်ဟု ဝန်ကြီးချုပ်ထရီဇာမေကပြောကြားခဲ့ပြီးနောက် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာကျဆင်းခဲ့မှု

ဗြိတိန်ဝန်ကြီးချုပ်ထရီဇာမေ၏ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးမူကြမ်းအား ဗြိတိန်ပါလီမန်၌ နှစ်ကြိမ်တိုင်မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏ခွဲထွက်ရေးမူကြမ်းအားထောက်ခံသူ နည်းပါးလျက်ရှိသည်ဟု ဝန်ကြီးချုပ်ထရီဇာမေက ပြောကြားခဲ့ပြီးနောက် ဗြိတိန်စတာလင်ပေါင် တန်ဖိုးကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့နှင့် မတ်လ(၁၂) ရက်နေ့တို့တွင် ဗြိတိန်ပါလီမန်၌ ဝန်ကြီးချုပ် ထရီဇာမေ၏ ဗြိတိန်ခွဲထွက်ရေးမူကြမ်းအား မဲခွဲဆုံးဖြတ်ခဲ့ရာတွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရက်သတ္တပတ်အတွင်း၌ ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းအား ဗြိတိန်ပါလီမန်၌ တတိယအကြိမ်မဲခွဲဆုံးဖြတ်ရန် မူလကစီစဉ်ထားကြောင်း၊ သို့သော် အဆိုပါအချိန်ကာလအတွင်း ဗြိတိန်ပါလီမန်သည် ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းအား တတိယအကြိမ်မဲခွဲဆုံးဖြတ်မည့်အပေါ် ကန့်ကွက်ပြောကြားမှုများပြုလုပ်လာခဲ့ပြီး ခွဲထွက်ရေးနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များအားပြင်ဆင်ရန်နှင့် ခွဲထွက်ရေးဆိုင်ရာလုပ်ပိုင်ခွင့်များအား အစိုးရထံမှလွှဲပြောင်းရ ယူရန်ကြိုးပမ်းလာကြကြောင်း၊ သို့ဖြစ်ရာ ပါလီမန်၏ခွဲထွက်ရေးလုပ်ငန်းစဉ် ပြင်ဆင်လိုခြင်းအပေါ် ဗြိတိန်အစိုးရက ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ဝန်ကြီးချုပ်ထရီဇာမေက ပြောကြားခဲ့ကြောင်း၊ ထို့အပြင် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဗြိတိန်အစိုးရထံမှ ခွဲထွက်ရေးဆိုင်ရာလုပ်ပိုင်ခွင့် လွှဲပြောင်းရယူရန်နှင့် လုပ်ငန်းစဉ်ပြင်ဆင်မှုများပြုလုပ်နိုင်ရေးအတွက် ပါလီမန်၌ မဲခွဲဆုံးဖြတ်ရန် ဝန်ကြီးချုပ်ထရီဇာမေ၏ ကွန်ဆာဗေးတစ်ပါတီပါလီမန်အမတ်တစ်ဦးဖြစ်သူ အော်လစ်ဗာလတ်ဝင်းက အဆိုတင်သွင်းခဲ့ကြောင်း၊ ထိုကဲ့သို့သောအခြေအနေများကြောင့် ဗြိတိန်ခွဲထွက်ရေးမူကြမ်းအား တတိယအကြိမ်မဲခွဲဆုံးဖြတ်​ရေးအတွက်ကိုပင် ဗြိတိန်ပါလီမန်ကလုံလောက်စွာထောက်ခံခြင်းမရှိဟု ဝန်ကြီးချုပ် ထရီဇာမေက ၂၀၁၉ ခုနှစ်၊ မတ်လ(၂၅)ရက်(တနင်္လာနေ့)တွင် ဝန်ခံပြောကြားခဲ့ကြောင်း၊ ဝန်ကြီးချုပ် ထရီဇာမေ၏ပြောကြားချက်ထွက်ပေါ်ခဲ့ပြီးနောက် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးကိစ္စမှာ မသေချာ မရေရာမှုများပြန်လည်ဖြစ်ပေါ်လာပြီဖြစ်သည်ဟူသော ခန့်မှန်းချက်များနှင့်အတူ no-deal Brexit ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများထွက်ပေါ်လာပြီး ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၂၆) ရက်(အင်္ဂါနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ၀.၂% ကျဆင်းပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၁၇၈) ဒေါ်လာလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့သည်ဟု သိရှိရကြောင်း ဖော်ပြပါရှိပါသည်။

မှတ်ချက်။   ။ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅) ရက် (တနင်္လာနေ့) ညတွင် ဗြိတိန်ပါလီမန်၌ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးလုပ်ပိုင်ခွင့်အား အစိုးရထံမှ လွွှဲပြောင်းရယူရန် သင့်/မသင့် မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ကြရာ လဲွှပြောင်းရယူရန်အတွက် ထောက်ခံမဲ (၃၂၉) မဲရှိခဲ့ပြီး ကန့်ကွက်မဲမှာမူ (၃၀၂) မဲသာရှိခဲ့ခြင်း ကြောင်း၊ ယင်းမဲခွဲဆုံးဖြတ်မှုမတိုင်မီတွင် ဝန်ကြီးချုပ်ထရီဇာမေ၏ ကွန်ဆာဗေးတစ်ပါတီဝင်အစိုးရအဖွဲ့ဝင်မဟုတ်သော ဝန်ကြီး(၃) ဦး(Junior ministers) သည် ပါတီဝင်အဖြစ်မှနုတ်ထွက်သွားခဲ့ကြောင်း၊ ထို့ပြင်ဗြိတိန်ပါလီမန်သည် ခွဲထွက်ရေးလုပ်ငန်းစဉ်ပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း ယခု မတ်လ (၂၇) ရက် (ဗုဒ္ဓဟူးနေ့) တွင် မဲခွဲဆုံးဖြတ်မှုများပြုလုပ်သွားမည်ဖြစ်သည်ဟု www.reuters.com  တွင်ဖော်ပြပါရှိပါသည်။

ထိုင်းရွေးကောက်ပွဲအတွင်း တပ်မတော်အားထောက်ခံသည့်ပါတီနှင့် သက်ဆင်အားထောက်ခံသည့် ပါတီတို့မှာ အားပြိုင်လျက်ရှိပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပဏာမ ရလဒ်အခြေအနေများအား ထုတ်ပြန်ကြေညာခြင်းမပြုရန် ဆုံးဖြတ်ခဲ့မှု

ထိုင်းရွေးကောက်ပွဲအတွင်း တပ်မတော်အားထောက်ခံသည့်ပါတီနှင့် သက်ဆင်အားထောက်ခံသည့် ပါတီတို့မှာ အားပြိုင်လျက်ရှိပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပဏာမ ရလဒ်အခြေအနေများအား ထုတ်ပြန်ကြေညာခြင်းမပြုရန် ဆုံးဖြတ်ခဲ့မှု

လူဦးရေ (၅၂) သန်းမှဆန္ဒမဲပေးကြသည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွင်း ထိုင်းတပ်မတော်အား ကျောထောက်နောက်ခံပြုသည့်ပါတီနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထောက်ခံသည့်ပါတီတို့ အားပြိုင်လျက်ရှိကြပြီး ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာ၏ ပယ်လန်း ပရာချာရက်ပါတီ (PPRP) မှ မဲအရေအတွက် (၇.၆၉) သန်းဖြင့် ဦးဆောင်လျက်ရှိကာ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် အားထောက်ခံသည့် ပွေထိုင်းပါတီမှ မဲအရေအတွက် (၇.၂၃) သန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်ဟု ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ဆန္ဒမဲအရေအတွက် ၉၅% အားရေတွက်ချက်အရသိရှိရကြောင်း၊ သို့သော် ထိုင်းရွေးကောက်ပွဲကော်မရှင်သည် တရားဝင် မဟုတ်သည့် အမတ်နေရာရရှိမှု ပဏာမရလဒ်အခြေအနေနှင့်ပတ်သက်၍ မတ်လ (၂၅) ရက် (တနင်္လာနေ့) နေ့လည်(၂) နာရီတွင်ထုတ်ပြန် ကြေညာရန် စီစဉ်ထားခဲ့ကြောင်း၊ သို့သော်ယင်းနေ့တွင်ပင် ထိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အစ်တီပွန်ဘွန်ပရာခွန်သည် မဲအရေအတွက်၏ ၉၅% အားရေတွက်မှုပြီးစီးခဲ့ပြီဖြစ်သော်လည်း ပဏာမရွေးကောက်ပွဲရလဒ်အခြေအနေနှင့်ပတ်သက်၍ တရားဝင်ရလဒ်အတိအကျသိရှိရသည့် နေ့ရက်မတိုင်မီအထိ ထုတ်ပြန်ကြေညာသွားတော့မည် မဟုတ်ဘဲ အဆိုပါအချိန်အတိုင်းအတာအတွင်း ဖြစ်ပေါ်လျက်ရှိသော အမတ်အရေအတွက်အား အတည်ပြုပေးမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုရွေးကောက်ပွဲအတွက် ဆန္ဒမဲခံယူနေခြင်းမှာ အောက်လွှတ်တော်အမတ်နေရာ(၅၀၀) အတွက် ရွေးကောက်တင်မြောက်ရန် ကျင်းပပြုလုပ်နေခြင်းဖြစ်ကြောင်း၊ အထက်လွှတ်တော်အမတ် (၂၅၀) နေရာအား ထိုင်းတပ်မတော်မှ ရွေးချယ်တင်မြှောက်သည့်ကိုယ်စားလှယ်များအား ခန့်အပ်ခဲ့ပြီးဖြစ်ရာ အဆိုပါဆန္ဒမဲအရေအတွက်အရ ထိုင်းတပ်မတော်နိုင်ငံရေးသည် အရပ်သားနိုင်ငံရေးအား လွှမ်းမိုးဖွယ်ရှိကြောင်း၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အားထောက်ခံသည့်ပွေထိုင်းပါတီအနေဖြင့် အစိုးရအဖွဲ့ ဖွဲ့လိုပါက အောက်လွှတ်တော်တွင် အမတ်နေရာ (၃၇၆) နေရာအား အနိုင်ရရှိရန်လိုအပ်သော်လည်း လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ အနေဖြင့်မူ အထက်လွှတ်တော်အမတ်နေရာ (၂၅၀) အသင့်ရှိပြီးဖြစ်သည့်အတွက် အောက်လွှတ်တော်အမတ်နေရာ (၁၂၆) နေရာ၌သာ အနိုင်ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် အောက်လွှတ်တော်အမတ်နေရာများ၌သာမက အထက်လွှတ်တော် (၂) ရပ်လုံးတွင် အသာစီးရကာ ၎င်းသည်သာလာမည့် ဝန်ကြီးချုပ်နေရာအား ဆက်လက်ဆက်ခံဖွယ်ရှိသည်ဟု သိရှိရပါသည်။

သတင်းမီဒီယာများမှတစ်ဆင့်ရရှိသည့် တရားဝင်မဟုတ်သည့် ရွေးကောက်ပွဲရလဒ်များအရ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိဒေသများသည် သက်ဆင်အားထောက်ခံသည့် ပွေထိုင်းပါတီအား လူကြိုက်များသည့်အတွက် မဲဆန္ဒနယ်အမတ်နေရာအများစုအား ပွေထိုင်းပါတီမှ နေရာအများအပြား၌အနိုင်ရရှိကာ ဦးဆောင်လျက်ရှိပြီး ထိုင်းအောက်လွှတ်တော်၏ အမတ်နေရာ (၅၀၀) အနက်မှ အမတ်နေရာ (၁၃၅) နေရာ၌လည်းကောင်း၊ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၏ ပယ်လန်းပရာချာရက်ပါတီ (PPRP) မှ အမတ်နေရာ (၁၁၇) နေရာ၌လည်းကောင်း၊ ထိုင်းတပ်မတော်အား အွန်လိုင်းတွင်ဝေဖန်ရေးသားခဲ့သည့် ပါတီသစ်တစ်ခုဖြစ်ပြီး လူငယ်နိုင်ငံရေးသမားဦးဆောင်သည့်  Future Forward ပါတီမှ အမတ်နေရာ (၈၀) နေရာ၌လည်းကောင်း၊ အဘီဆစ်ဦးဆောင်သည့် ဒီမိုကရက်ပါတီမှ အမတ်နေရာ(၅၃)နေရာ၌လည်းကောင်း၊ ဘန်ဂျိုင်ထိုင်းပါတီမှ အမတ်နေရာ (၅၁) နေရာ၌လည်းကောင်း အသီးသီးရပ်တည်လျက်ရှိသည်ဟု သိရှိရပါသည်။

ထို့ပြင်ထိုင်းနိုင်ငံအတွင်း ဆန္ဒမဲဝယ်ယူသည့် သတင်းများထွက်ပေါ်လျက်ရှိပြီး ထိုင်းနိုင်ငံ၏ အချို့သော ပြည်နယ်များတွင် မဲအရေအတွက်ပိုလျှံမှုများဖြစ်ပေါ်လျက်ရှိကာ အဆိုပါဒေသများတွင် မဲဆန္ဒရှင်အရေအတွက်ထက် ဆန္ဒမဲအရေအတွက်မှာ ပိုမိုများပြားလျက်ရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပွေထိုင်းပါတီသည် ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားရန်သင့်/မသင့်နှင့် ပတ်သက်၍စဉ်းစားလျက်ရှိကာ ထိုသို့ ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ပဏာမရလဒ်ထုတ်ပြန် ကြေညာချက်နှောင့်နှေးနေခြင်းနှင့်ပတ်သက်၍ တပ်မတော်အား ထောက်ခံသည့်ပါတီအနေဖြင့် မဲအရေအတွက်အားဖြည့်တင်းနိုင်ရေးအတွက် အချိန်ဆွဲနေခြင်းသာဖြစ်သည်ဟုဝေဖန်လျက်ရှိကြောင်း၊ နိုင်ငံရေးလေ့လာသူများ၏သုံးသပ်ချက်အရ ယခုထိုင်းအထွေထွေရွေးကောက်ပွဲ၏ ထူးခြားချက်တစ်ရပ်မှာ ထိုင်းပြည်သူအများစုသည် ဝါရင့်နိုင်ငံရေးသမားကြီးများအပေါ် စိတ်ကုန်လျက်ရှိကြပြီး ပါတီအသစ်များအပေါ် ဆန္ဒမဲပေးမှုများပိုမိုပြုလုပ်လာကြသည့်အတွက် မြို့ကြီးများအားအခြေပြုကာ ဆန္ဒမဲခံယူသည့် နိုင်ငံရေးသမားများအနေဖြင့် အရေးနိမ့်မှုများနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း၊ သက်ဆင်အားထောက်ခံသည့် ပွေထိုင်းပါတီအနေဖြင့် ကျေးလက်တောရွာဒေသများအားအခြေပြု၍ ဆန္ဒမဲခံယူခြင်းဖြစ်သည့်အတွက် မဲအရေအတွက်ရရှိမှုနည်းပါးသော်လည်း မဲဆန္ဒနယ်အရေအတွက် သာလွန်ကာ အမတ်နေရာအများအပြားအား ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း www. reuters.com တွင်ဖော်ပြပါရှိပါသည်။

ကမ္ဘာ့စီးပွားရေးနှေးကွေးမှုများ ဖြစ်ပေါ်ကာ ကမ္ဘာတစ်ဝန်း လောင်စာဆီဝယ်လိုအား ကျဆင်းမှုများ ဖြစ်ပေါ်လာမည့်အပေါ်စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းခဲ့မှု

ကမ္ဘာ့စီးပွားရေးနှေးကွေးမှုများ ဖြစ်ပေါ်ကာ ကမ္ဘာတစ်ဝန်း လောင်စာဆီဝယ်လိုအား ကျဆင်းမှုများ ဖြစ်ပေါ်လာမည့်အပေါ်စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းခဲ့မှု

ကမ္ဘာ့စီးပွားရေး အခြေအနေနှေးကွေးမှုများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း IHS Markit ကုမ္ပဏီက ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ဂျာမနီနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတိုးတက်မှုအနေအထားမှာ (၃) လဆက်တိုက်ကျဆင်းကာ တိုးတက်မှုအညွှန်းကိန်းအမှတ် (၄၄.၇) မှတ်သာရှိခဲ့ရာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ဂျာမနီနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်မှုနှုန်း အနည်းဆုံးအနေအထားပင်ဖြစ်ကြောင်း၊ အလားတူ ဂျာမနီနိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍတိုးတက်မှုနှုန်းမှာလည်း လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်ခဲ့သည့် တိုးတက်မှုအညွှန်းကိန်းအမှတ် (၅၅.၃) မှတ်ကို ပြည့်မီခြင်းမရှိဘဲ ယခုမတ်လတွင် ဝန်ဆောင်မှုကဏ္ဍတိုးတက်မှုအညွှန်းကိန်းအမှတ် (၅၄.၉) မှတ်သာရှိခဲ့သည်ဟုဖော်ပြထားသည့်အပြင် ယခုမတ်လအတွင်း အမေရိကန်ပြည်ထောင်စုရှိ ပုဂ္ဂလိကကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ၏ တိုးတက်မှုအနေအထားမှာလည်း လွန်ခဲ့သည့်ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့်တိုးတက်မှုအညွှန်းကိန်းအမှတ် (၅၅.၅) မှတ်ကို ပြည့်မီခြင်းမရှိဘဲ (၅၄.၃) မှတ်သာရှိခဲ့သည်ဟုဖော်ပြထားရာ ကမ္ဘာပေါ်၌ စီးပွားရေးအင်အားကြီးစာရင်းဝင်နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံတို့၏ စီးပွားရေးနှေးကွေးမှုများသည် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် သက်ရောက်မှုများဖြစ်ပေါ်ကာ ကမ္ဘာတစ်ဝန်းလောင်စာဆီ ဝယ်လိုအားကျဆင်းသွားမည့်အပေါ် စိုးရိမ်ပူပန်မှုများထွက်ပေါ်လာခြင်းနှင့်အတူ ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၂၅) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ မေလအတွက် WTI  ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၉% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၈.၅၂) ဒေါ်လာ၌လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ  ၀.၇% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၆.၅၆) ဒေါ်လာ၌ လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း www.reuters.com တွင်ဖော်ပြပါရှိပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံတကာမှ NGO အဖွဲ့အစည်းများသည် ရန်ပုံငွေအများစုအား ၎င်းတို့၏ အသုံးစရိတ်အဖြစ် ကျခံသုံးစွဲလျက်ရှိသည်ဟူသော ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ပြန်လည်တုံ့ပြန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများအပေါ် ကြိုဆိုသည့်ကြေညာချက်တစ်စောင်အား ထုတ်ပြန်ကြေညာခဲ့မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံတကာမှ NGO အဖွဲ့အစည်းများသည် ရန်ပုံငွေအများစုအား ၎င်းတို့၏ အသုံးစရိတ်အဖြစ် ကျခံသုံးစွဲလျက်ရှိသည်ဟူသော ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ပြန်လည်တုံ့ပြန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများအပေါ် ကြိုဆိုသည့်ကြေညာချက်တစ်စောင်အား ထုတ်ပြန်ကြေညာခဲ့မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ မွတ်စလင်ဒုက္ခသည်များအတွက် အကူအညီပေးရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှNGO အဖွဲ့အစည်းများသည် မွတ်စလင် ဒုက္ခသည်များအတွက် ခွဲဝေပေးအပ်ထားသောရန်ပုံငွေများအနက်မှ (၄) ပုံ(၃)ပုံဖြစ်သည့် ၇၅% အား၎င်းတို့၏တည်းခိုနေထိုင်ရေးနှင့်အခြားသောအသုံးစရိတ်များတွင် သုံးစွဲလျက်ရှိပြီး (၄) ပုံ (၁) ပုံခန့်သာ ဒုက္ခသည်အများအတွက် အသုံးပြုရန်လက်ခံရရှိနေသည်ဟူသော ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံတကာ NGO အဖွဲ့အစည်းများက ငြင်းပယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ၏ မည်သည့်စုံစမ်းစစ်ဆေးမှုမျိုးကိုမဆို ကြိုဆိုလက်ခံကြောင်း ကြေညာချက်တစ်စောင်အား ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံတကာ NGO အဖွဲ့အစည်း (၇၀) ကျော်မှကိုယ်စားလှယ်များ စုပေါင်းကာထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက်၌ မိမိတို့နိုင်ငံတကာ NGO အဖွဲ့အစည်းများ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းအကူအညီပေးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် အများပြည်သူအမြင်ရှင်းစေရန် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တာဝန်ယူလုပ်ဆောင်လျက်ရှိရာ အဆိုပါကိစ္စနှင့် ပတ်သက်၍လိုအပ်သည့် မည့်သည့်သတင်းအချက်အလက်ကိုမဆိုမိမိတို့အနေဖြင့် ပေးအပ်ရန်အသင့် ရှိကြောင်း၊ မိမိတို့ NGO အဖွဲ့အစည်းများအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စိုးရိမ်ပူပန်မှုများအပေါ် အပြည့်အဝနားလည်ကာ စီမံကိန်းအသုံးစရိတ်သုံးစွဲရာတွင်ချင့်ချိန်တွက်ဆပြီး စံသတ်မှတ်ချက်ဖြင့် သုံးစွဲလျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရမှချမှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်းများနှင့် နည်း စနစ်များအတိုင်း အစိုးရမှအတည်ပြုပေးသည့် စီမံကိန်းကုန်ကျစရိတ်သတ်မှတ်ချက်အတိုင်းသာ အပိုအလိုမရှိ လိုက်နာသုံးစွဲလျက်ရှိကြောင်း၊ မွတ်စလင်ဒုက္ခသည်များအတွက် စီမံကိန်းများအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လုပ်ဆောင်လျက်ရှိသည့်စီမံကိန်းအားလုံးတွင် ကုန်ကျစရိတ်အလေအလွင့် မရှိစေရေးအတွက် အသေးစိတ်တိကျသည့်ဘဏ္ဍာရေးစနစ်နှင့် အစီအစဉ်များအတိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဖွဲ့စည်းထားသည့် NGO ရေးရာအဖွဲ့အစည်း(NGO Affairs Bureau-NGOAB) ၏ အတည်ပြုချက်အတိုင်းသာ လုပ်ဆောင်လျက်ရှိရာ အစိုးရ၏မည်သည့်စုံစမ်းစစ်ဆေးမှုကိုမဆို လက်ခံကြိုဆိုပါသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်မြောက်ရေးစစ်ပွဲရေးရာဝန်ကြီး အေကေအန်မ် မိုဇာမဲလ်ဟိဇ်၏ အဆိုပါကိစ္စရပ်များအပေါ် မှတ်ချက်ပြုပြောကြားချက်ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ တုံ့ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ NGO အဖွဲ့အစည်းများ၏အသုံးစရိတ်သည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ၎င်းတို့တည်းခိုနေထိုင်ရေးအတွက် ဟိုတယ်အသုံးစရိတ်ငွေ တာကာ (၁.၅) ဘီလီယံအထိသုံးစွဲခဲ့ကြကာ အသေးစားငှားရမ်းမှုအသုံးစရိတ်များအတွက် တာကာ သန်း(၈၀) အထိသုံးစွဲခဲ့ကြကြောင်း၊ အဆိုပါငွေကြေးပမာဏသည် မွတ်စလင်ဒုက္ခသည်များအတွက် ခွဲဝေပေးအပ်ထားသည့် ငွေကြေးရန်ပုံငွေများအနက်မှ ၇၅% အား သုံးစွဲခဲ့ကြခြင်းဖြစ်သည်ဟု အေကေအန်မ်မိုဇာမဲလ်ဟိဇ်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ ဥပဒေနှင့်ညွှန်ကြားချက်ဆိုင်ရာကော်မတီဥက္ကဌဖြစ်သည့် အေကေအန်မ်မိုဇာမဲလ်ဟိဇ်သည် မွတ်စလင် ဒုက္ခသည်များအတွက် အလုပ်လုပ်ကိုင်လျက်ရှိသည့် အချို့သော NGO အဖွဲ့အစည်းများသည် မကောင်းသောရည်ရွယ်ချက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအနေဖြင့် အဆိုပါ NGO  အဖွဲ့အစည်းများ၏စာရင်းအား ပြုစုတင်သွင်းရန်အတွက်ကိုလည်း ညွှန်ကြားခဲ့သည်ဟု သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar CSO-NGO Forum (CCNF) အပါအဝင် ဒေသတွင်း NGO အဖွဲ့အစည်းများနှင့် လူထုအခြေပြုလူမှုအဖွဲ့အစည်းများ၏ စာရင်းအချက်အလက်များအရ မွတ်စလင်ဒုက္ခသည်များအတွက်ခွဲဝေပေးအပ်ထားသည့်ရန်ပုံငွေများနှင့်ပတ်သက်၍ မွတ်စလင် ဒုက္ခသည်များအတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ၆၉%၊ နိုင်ငံတကာNGO အဖွဲ့အစည်းများမှ ၂၀%၊ ကြက်ခြေနီအဖွဲ့မှ ၇% နှင့် ဒေသတွင်း NGO အဖွဲ့အစည်းများမှ ၄% စသည်ဖြင့် အဆိုပါအဖွဲ့အစည်းတို့မှတစ်ဆင့် အသီးသီးသုံးစွဲလျက်ရှိခြင်းဖြစ်သည်ဟု သိရှိရကြောင်း www. thedailystar.net တွင် ဖော်ပြပါရှိ ပါသည်။

မှတ်ချက်။   ။အမေရိကန်တစ်ဒေါ်လာလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေ(၈၃.၉)တာကာ လဲလှယ်မှုနှုန်းရှိပါသည်။

လူတော်လူကောင်းများအုပ်ချုပ်ခြင်းကို ပြည်သူလူထုကထောက်ခံမှုပြုရန် တိုက်တွန်းထားသည့် လွန်ခဲ့သော နှစ်(၃၀)ခန့်က ထိုင်းဘုရင်ဘူမိဘော၏မိန့်ခွန်းအား ပြန်လည်ထုတ်ပြန်ရန် လက်ရှိ ထိုင်းဘုရင်က ညွှန်ကြားခဲ့မှု

လူတော်လူကောင်းများအုပ်ချုပ်ခြင်းကို ပြည်သူလူထုကထောက်ခံမှုပြုရန် တိုက်တွန်းထားသည့်  လွန်ခဲ့သော နှစ်(၃၀)ခန့်က ထိုင်းဘုရင်ဘူမိဘော၏မိန့်ခွန်းအား ပြန်လည်ထုတ်ပြန်ရန် လက်ရှိ ထိုင်းဘုရင်က ညွှန်ကြားခဲ့မှု

လွန်ခဲ့သော နှစ်ပေါင်း(၃၀) ခန့်က ထိုင်းဘုရင်ဘူမိဘောအဒူယာဒက်ဂျ် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပြန်လည်ထုတ်ပြန်ရန်အတွက် လက်ရှိထိုင်းဘုရင် ဗာဂျီယာလောင်ကွန်က ညွှန်ကြားခဲ့သည်ဟု သိရှိရပါသည်။

၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၌ ထိုင်းနိုင်ငံ၊ ချောင်ဘူရီပြည်နယ်၊ စီရာချာခရိုင်ရှိ နိုင်ငံတကာကင်းထောက်စခန်းတွင် ပြုလုပ်ခဲ့သည့် ထိုင်းအမျိုးသားကင်းထောက်တွေ့ဆုံပွဲ၌ ၂၀၁၆ ခုနှစ်တွင် နတ်ရွာစံသွားခဲ့ပြီးဖြစ်သော ထိုင်းဘုရင်ဘူမိဘောအဒူယာဒက်ဂျ် ပြောကြားခဲ့သည့်မိန့်ခွန်းကို ထိုင်းနန်းတွင်းအုပ်ချုပ်ရေးအဖွဲ့ကပြန်လည်ထုတ်ပြန်ပေးရန် လက်ရှိထိုင်းဘုရင်ဗာဂျီယာလောင်ကွန်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊ ယခုမတ်လ(၂၄) ရက်(တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ရာ လက်ရှိထိုင်းဘုရင်ဗာဂျီယာလောင်ကွန်သည် ယခုမတ်လ (၂၃) ရက် (စနေနေ့) ညတွင် နတ်ရွာစံခမည်းတော်ထိုင်းဘုရင်ဘူမိဘော၏မိန့်ခွန်းကို ပြန်လည်ထုတ်ပြန်ပေးရန် ထိုင်းနန်းတွင်းအုပ်ချုပ်ရေးအဖွဲ့အားညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

နတ်ရွာစံထိုင်းဘုရင်ဘူမိဘော၏လွန်ခဲ့သောနှစ်ပေါင်း(၃၀) ခန့်က ပြောကြားခဲ့သော မိန့်ခွန်းမှာ နိုင်ငံအတွင်း လူတော်လူကောင်းများနှင့် လူရှော်လူညံ့များရှိနေကြောင်း၊ လူတိုင်းအားလူတော်လူကောင်းဖြစ်အောင် မည်သူကမျှဖန်တီးနိုင်မည်မဟုတ်ကြောင်း၊ လူတိုင်းအား လူတော်လူကောင်းဖြစ်အောင်ဖန်တီးခြင်းသည် နိုင်ငံအတွင်းငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားရေးရှိအောင် လုပ်ဆောင်ခြင်းမမည်ကြောင်း၊ နိုင်ငံအတွင်းငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားမှုရှိရန်အတွက်မှာ  နိုင်ငံတော်အား လူတော်လူကောင်းများက စီမံအုပ်ချုပ်နိုင်အောင် ပြည်သူလူထုကထောက်ခံပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံအား လူတော်လူကောင်းများ၏စီမံအုပ်ချုပ်မှုဖြင့်သာလျှင်လူရှော်လူညံ့များက အာဏာရယူကာ တိုင်းပြည်အား မတည်ငြိမ်ဆူပူအုံကြွမှုများဖြစ်အောင်လုပ်ဆောင်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်ဟု တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံသူနိုင်ငံသားများ၏ ပျော်ရွင်ရေး၊နိုင်ငံတော်လုံခြုံရေးနှင့်စည်းလုံးညီညွတ်ရေးတို့ အတွက်ရည်သန်၍ ထိုင်းပြည်သူပြည်သားများက လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ကြရန် အလို့ဌာ စိတ်ဓာတ်မြှင့်တင်ပေးရန်ရည်ရွယ်၍ နတ်ရွာစံထိုင်းဘုရင်ဘူမိဘော၏ မိန့်ခွန်းအား ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ လက်ရှိထိုင်းဘုရင်ဗာဂျီယာလောင်ကွန်သည် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံသူနိုင်ငံသားများ၏ကျေနပ်ပျော်ရွှင်ရေးတို့အပေါ် စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် ပြည်သူများပျော်ရွှင်ရေးတို့အတွက် တာဝန်ရှိသောအစိုးရဝန်ထမ်းများနှင့်ထိုင်းရဲတပ်ဖွဲ့ အပါအဝင် ထိုင်းအစိုးရတာဝန်ရှိသူများနှင့် ပြည်သူလူထုအားလုံးသည် ထိုင်းဘုရင်ဘူမိဘော၏ မိန့်ခွန်းကိုအမှတ်ရကြရန် လက်ရှိထိုင်းဘုရင်ဗာဂျီယာလောင်ကွန်က မျှော်လင့်ထားသည်ဟူ၍ ထိုင်း နန်းတွင်းအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း www.bangkokpost.com တွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။   ။ထိုင်းနိုင်ငံရွေးကောက်ပွဲရလဒ်(တရားမဝင်)အား ၂၀၁၉ ခုနှစ်၊ မတ်လ(၂၄)ရက် (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ည ၇:၃၀ အချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတရားဝင်ရလဒ်ကိုမူ ၂၀၁၉ ခုနှစ်၊ မေလ(၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဟု သိရှိရပါသည်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် IHS Markit ကုမ္ပဏီမှ ထုတ်ပြန်သည့် အစီရင်ခံစာထွက်ပေါ် ပြီးနောက်အမေရိကန်စတော့ရှယ်ယာတန်ဖိုးများကျဆင်းကာကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်ခဲ့မှု

ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် IHS Markit ကုမ္ပဏီမှ ထုတ်ပြန်သည့် အစီရင်ခံစာထွက်ပေါ် ပြီးနောက်အမေရိကန်စတော့ရှယ်ယာတန်ဖိုးများကျဆင်းကာကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်ခဲ့မှု

၂၀၁၉ ခုနှစ်၊မတ်လ(၂၂) ရက်(သောကြာနေ့) တွင်ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် စီးပွားရေးဆိုင်ရာသတင်းအချက်အလက်များ ကောက်ယူထုတ်ပြန်ပေးလျက်ရှိသော IHS Markit ကုမ္ပဏီ၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

IHS Markit ကုမ္ပဏီက ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း အမေရိကန်ပြည်ထောင်စု၏ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်မှုအညွှန်းကိန်းအမှတ်မှာ (၅၂.၅) မှတ်သာရှိခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဇွန်လနောက်ပိုင်း (၂၁) လတာကာလအတွင်း အမေရိကန်ပြည်ထောင်စု၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတိုးတက်မှုနှုန်း အနှေးကွေးဆုံးအနေအထားဖြစ်ကြောင်း၊ ထို့ပြင် မတ်လ အတွင်း၌ပင် အမေရိကန်ပြည်ထောင်စု၏ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတိုးတက်မှုအနေအထားသည် ဖေဖော်ဝါရီလတွင်ဖြစ်ပေါ်ခဲ့သည့် တိုးတက်မှုအညွှန်းကိန်းအမှတ် (၅၆) မှတ်ကို ပြည့်မီခြင်းမရှိဘဲ (၅၄.၈) မှတ်သို့ ကျဆင်းသွားခဲ့သည်ဟု ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန် Dow Jones စတော့ရှယ်ယာတန်ဖိုးများမှာ ၁.၇၇%၊ S&P 500 စတော့ရှယ်ယာ တန်ဖိုးများမှာ ၁.၉၀%၊ Nasdaq Composite စတော့ရှယ်ယာတန်ဖိုးများမှာ ၂.၅၀% စီ အသီးသီး ကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများသည် စတော့ရှယ်ယာများအစား ရွှေကိုပိုမိုဝယ်ယူစုဆောင်းလာကြသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၂၃) ရက်(စနေနေ့) တွင် နယူးယောက်ဈေးကွက်၌ ဧပြီလအတွက် ရွှေကြိုတင်ရောင်းမှုဈေးနှုန်းမှာ ၀.၄%မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၁၂.၃၀) ဒေါ်လာဖြင့် ဈေးပိတ်သွားခဲ့ကြောင်း၊ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ကမ္ဘာ့ရွှေ ဈေးနှုန်းမှာ ၁% မြင့်တက်ခဲ့ကြောင်း www.xinhuanet.com တွင်ဖော်ပြပါရှိပါသည်။