၂၀၁၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ ဘင်္ဂါလီများ၏ ရုပ်အလောင်းအများအပြား မြှုပ်နှံထားသည့် သင်္ချိုင်းတွေ့ရှိခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခဲ့မှု

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း မလေးရှားနှင့် ထိုင်းနိုင်ငံနယ်စပ်အနီးရှိ မလေးရှားနိုင်ငံအတွင်း ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဟုယူဆရသော လူကုန်ကူးခံရသူများ၏ ရုပ်အလောင်း (၁၃၉) လောင်းမြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုအားတွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ မလေးရှားနိုင်ငံသားများအား ဖမ်းဆီးတရားစွဲဆိုခြင်းမပြုလုပ်ခဲ့သည့် မလေးရှားအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များက ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန်တောင်းဆိုထားသည့် အစီရင်ခံစာတစ်စောင်အား ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါအစီရင်ခံစာအား Fortify Rights လူ့အခွင့်အရေးအဖွဲ့နှင့် မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင် (SUHAKAM) တို့မှ ပူးပေါင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာ၌ မိမိတို့လူ့အခွင့်အရေးအဖွဲ့များအနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးသူများမှ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီးများသာမက ကလေးသူငယ်များအပေါ်၌ပါ လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ကို အခိုင်အမာတွေ့ရှိထားကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း မလေးရှားနိုင်ငံမြောက်ပိုင်း ထိုင်းနယ်စပ်ရှိ ဝမ်ကယ်လင်မြို့၌ ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၏ ရုပ်အလောင်း (၁၃၉) လောင်း မြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုအားတွေ့ရှိခဲ့ပြီးနောက် မလေးရှားအာဏာပိုင်များမှ လူမှောင်ခိုစခန်းတစ်ခုအား ဖြိုခွင်းခဲ့သော်လည်း ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုများမှာ ပြီးပြည့်စုံခြင်းမရှိဘဲ ဟာကွက်များဖြစ်ပေါ်လျက်ရှိကြောင်း၊ အလားတူ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့၌လည်း အဆိုပါ ထိုင်းနှင့် မလေးရှားနယ်စပ် ထိုင်းနိုင်ငံအတွင်းတွင် ဘင်္ဂါလီ (၃၀) ဦးကျော်တို့၏ ရုပ်အလောင်းများထပ်မံတွေ့ရှိ ခဲ့ရာ ထိုင်းအာဏာပိုင်များသည် ၂၀၁၇ ခုနှစ်တွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ လူကုန်ကူးမှုအတွင်းပါဝင်ပတ်သက်ခဲ့သည့် ထိုင်းအစိုးရအရာရှိ (၉) ဦး အပါအဝင် ထိုင်းနိုင်ငံသား (၆၂) ဦးတို့အား ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း၊ သို့သော် မလေးရှားအစိုးရသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ မလေးရှားနိုင်ငံသားတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းမရှိဘဲ နိုင်ငံခြားသား (၄) ဦးကိုသာ ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း၊ ထိုသို့မလေးရှားပိုင်နက်အတွင်း လူအများအပြားအား သေဆုံးစေခြင်းသည် ဒေသခံမလေးရှားနိုင်ငံသား (သို့မဟုတ်) အချို့သော မလေးရှားအစိုးရအရာရှိများ၏ ပူးပေါင်းပါဝင်ပတ်သက်မှုမရှိဘဲ ဖြစ်ပေါ်နိုင်သည့်အကြောင်းအရာ မဟုတ်သည့်အတွက် မလေးရှားရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာပြီးပြည့်စုံခြင်းမရှိဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် မလေးရှားအစိုးရသစ်သည် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ထိရောက် စွာစုံစမ်းစစ်ဆေးနိုင်ရေးအတွက် တော်ဝင်စုံစမ်းရေးကော်မရှင် (RCI) အားဖွဲ့စည်း တာဝန်ပေးခဲ့သည့်အပေါ် လူ့အခွင့်အရေးအဖွဲ့များက ကြိုဆိုခဲ့ကြကြောင်း၊  အဆိုပါ RCI အဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဘင်္ဂါလီများအား လူကုန်ကူးမှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် မလေးရှားအာဏာပိုင်များနှင့် ပြစ်မှုကျူးလွန်သူများအပေါ် ဖော်ထုတ်ဖမ်းဆီးတရားစွဲဆိုနိုင်လိမ့်မည် ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များကမျှော်လင့်ထားကြောင်းဖြင့် www.aljazeera.com ဖြင့် ဖော်ပြ ပါရှိပါသည်။