၂၀၁၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ ဘင်္ဂါလီများ၏ ရုပ်အလောင်းအများအပြား မြှုပ်နှံထားသည့် သင်္ချိုင်း တွေ့ရှိ ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခဲ့မှု

၂၀၁၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ ဘင်္ဂါလီများ၏ ရုပ်အလောင်းအများအပြား မြှုပ်နှံထားသည့် သင်္ချိုင်းတွေ့ရှိခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခဲ့မှု

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း မလေးရှားနှင့် ထိုင်းနိုင်ငံနယ်စပ်အနီးရှိ မလေးရှားနိုင်ငံအတွင်း ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဟုယူဆရသော လူကုန်ကူးခံရသူများ၏ ရုပ်အလောင်း (၁၃၉) လောင်းမြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုအားတွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ မလေးရှားနိုင်ငံသားများအား ဖမ်းဆီးတရားစွဲဆိုခြင်းမပြုလုပ်ခဲ့သည့် မလေးရှားအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များက ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန်တောင်းဆိုထားသည့် အစီရင်ခံစာတစ်စောင်အား ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါအစီရင်ခံစာအား Fortify Rights လူ့အခွင့်အရေးအဖွဲ့နှင့် မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင် (SUHAKAM) တို့မှ ပူးပေါင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာ၌ မိမိတို့လူ့အခွင့်အရေးအဖွဲ့များအနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးသူများမှ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီးများသာမက ကလေးသူငယ်များအပေါ်၌ပါ လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ကို အခိုင်အမာတွေ့ရှိထားကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း မလေးရှားနိုင်ငံမြောက်ပိုင်း ထိုင်းနယ်စပ်ရှိ ဝမ်ကယ်လင်မြို့၌ ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၏ ရုပ်အလောင်း (၁၃၉) လောင်း မြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုအားတွေ့ရှိခဲ့ပြီးနောက် မလေးရှားအာဏာပိုင်များမှ လူမှောင်ခိုစခန်းတစ်ခုအား ဖြိုခွင်းခဲ့သော်လည်း ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုများမှာ ပြီးပြည့်စုံခြင်းမရှိဘဲ ဟာကွက်များဖြစ်ပေါ်လျက်ရှိကြောင်း၊ အလားတူ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့၌လည်း အဆိုပါ ထိုင်းနှင့် မလေးရှားနယ်စပ် ထိုင်းနိုင်ငံအတွင်းတွင် ဘင်္ဂါလီ (၃၀) ဦးကျော်တို့၏ ရုပ်အလောင်းများထပ်မံတွေ့ရှိ ခဲ့ရာ ထိုင်းအာဏာပိုင်များသည် ၂၀၁၇ ခုနှစ်တွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ လူကုန်ကူးမှုအတွင်းပါဝင်ပတ်သက်ခဲ့သည့် ထိုင်းအစိုးရအရာရှိ (၉) ဦး အပါအဝင် ထိုင်းနိုင်ငံသား (၆၂) ဦးတို့အား ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း၊ သို့သော် မလေးရှားအစိုးရသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ မလေးရှားနိုင်ငံသားတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းမရှိဘဲ နိုင်ငံခြားသား (၄) ဦးကိုသာ ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း၊ ထိုသို့မလေးရှားပိုင်နက်အတွင်း လူအများအပြားအား သေဆုံးစေခြင်းသည် ဒေသခံမလေးရှားနိုင်ငံသား (သို့မဟုတ်) အချို့သော မလေးရှားအစိုးရအရာရှိများ၏ ပူးပေါင်းပါဝင်ပတ်သက်မှုမရှိဘဲ ဖြစ်ပေါ်နိုင်သည့်အကြောင်းအရာ မဟုတ်သည့်အတွက် မလေးရှားရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာပြီးပြည့်စုံခြင်းမရှိဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် မလေးရှားအစိုးရသစ်သည် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ထိရောက် စွာစုံစမ်းစစ်ဆေးနိုင်ရေးအတွက် တော်ဝင်စုံစမ်းရေးကော်မရှင် (RCI) အားဖွဲ့စည်း တာဝန်ပေးခဲ့သည့်အပေါ် လူ့အခွင့်အရေးအဖွဲ့များက ကြိုဆိုခဲ့ကြကြောင်း၊  အဆိုပါ RCI အဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဘင်္ဂါလီများအား လူကုန်ကူးမှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် မလေးရှားအာဏာပိုင်များနှင့် ပြစ်မှုကျူးလွန်သူများအပေါ် ဖော်ထုတ်ဖမ်းဆီးတရားစွဲဆိုနိုင်လိမ့်မည် ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များကမျှော်လင့်ထားကြောင်းဖြင့် www.aljazeera.com ဖြင့် ဖော်ပြ ပါရှိပါသည်။

ဗြိတိန်ခွဲထွက်ရေးဆိုင်ရာပြင်ဆင်မှုများနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန်၌ မဲခွဲဆုံးဖြတ်ခဲ့ရာရှုံးနိမ့်ခဲ့ပြီး ခွဲထွက်ရေးမူကြမ်းအား ပါလီမန်ကထောက်ခံပေးမည်ဆိုပါက ရာထူးမှနုတ်ထွက်ပေးမည်ဟု ဝန်ကြီးချုပ်ထရီဇာမေ၏ပြောကြားချက်ထွက်ပေါ်ခဲ့ပြီးနောက် စတာလင်ပေါင်တန်ဖိုးမှာကျဆင်းခဲ့မှု

ဗြိတိန်ခွဲထွက်ရေးဆိုင်ရာပြင်ဆင်မှုများနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန်၌ မဲခွဲဆုံးဖြတ်ခဲ့ရာရှုံးနိမ့်ခဲ့ပြီး ခွဲထွက်ရေးမူကြမ်းအား ပါလီမန်ကထောက်ခံပေးမည်ဆိုပါက ရာထူးမှနုတ်ထွက်ပေးမည်ဟု ဝန်ကြီးချုပ်ထရီဇာမေ၏ပြောကြားချက်ထွက်ပေါ်ခဲ့ပြီးနောက် စတာလင်ပေါင်တန်ဖိုးမှာကျဆင်းခဲ့မှု

ဗြိတိန်ပါလီမန်၌ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ခွဲထွက်ရေးဆိုင်ရာ ပြင်ဆင်လိုမှုများနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ခဲ့ရာရှုံးနိမ့်ခဲ့ပြီး ခွဲထွက်ရေးမူကြမ်းအား ပါလီမန်ကထောက်ခံပေးမည်ဆိုပါက ရာထူးမှနုတ်ထွက်ပေးမည်ဟု ဝန်ကြီးချုပ်ထရီဇာမေ၏ ပြောကြားချက်ထွက်ပေါ်ခဲ့ပြီးနောက် စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းအား ဗြိတိန်ပါလီမန်၌ ပထမအကြိမ်မဲခွဲဆုံးဖြတ်၍ ရှုံးနိမ့်ခဲ့စဉ်ကပင် ခွဲထွက်ရေးနှင့်ပတ်သက်၍ ပြင်ဆင်လိုသည့် အဆိုပြုမှုများပေါ်ပေါက်လာခဲ့ပြီး ဒုတိယကြိမ်မဲခွဲဆုံးဖြတ်၍ ထပ်မံရှုံးနိမ့်ခဲ့ရာတွင်လည်း ပြင်ဆင်လိုသည့်အဆိုပြုချက်များ ထပ်မံပေါ်ပေါက်လာခဲ့ကြောင်း၊ အဆိုပါပြင်ဆင်ရေး အဆိုပြုချက်များအား ဝန်ကြီးချုပ်ထရီဇာမေ၏ ကွန်ဆာဗေးတစ်ပါတီအမတ်များ၊ အတိုက်အခံလေဘာပါတီအမတ်များ၊ လစ်ဘရယ်ဒီမိုကရက်ပါတီအမတ်များနှင့် တစ်သီးပုဂ္ဂလအမတ်များအဖွဲ့တို့က အဆိုပြုတင်သွင်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက် (ဗုဒ္ဓဟူးနေ့) တွင် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးဆိုင်ရာ ပြင်ဆင်လိုမှုများနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန်၌ Yes or No မဲခွဲဆုံးဖြတ်မှုများ (ပုံနှိပ်စာရွက်များတွင် မှန်/မှား ခြစ်သည့်ပုံစံဖြင့်) ပြုလုပ်ခဲ့ကြရာ အဆိုပါ ပြင်ဆင်လိုမှုများနှင့်ပတ်သက်၍ ထောက်ခံမဲ (Yes) လုံလုံလောက်လောက် ရရှိခဲ့ခြင်းမရှိဘဲ ကန့်ကွက်မဲ (No) အများစုဖြင့်သာ ပယ်ချခံခဲ့ရကြောင်း၊ ထို့ကြောင့် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေးကိစ္စမှာ ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းအတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ကြောင်း၊ သို့သော် ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းမှာ ဗြိတိန်ပါလီမန်၌ တတိယအကြိမ် မဲခွဲဆုံးဖြတ်ရန် ကန့်ကွက်မှုများနှင့်ကြုံတွေ့ရလျက်ရှိခြင်းကြောင့် ဝန်ကြီးချုပ် ထရီဇာမေသည် ၎င်း၏ခွဲထွက်ရေးမူကြမ်းအား ပါလီမန်ကထောက်ခံပေးမည်ဆိုပါက ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါဝန်ကြီးချုပ် ထရီဇာမေ၏ပြောကြားချက်ထွက်ပေါ်ပြီးနောက် ဗြိတိန်ခွဲထွက်ရေး မသေချာမရေရာမှုများ မြင့်တက်လာခြင်းနှင့်အတူ အခန့်မသင့်ပါက no-deal Brexit ဖြင့်ခွဲထွက်ရသည့် အခြေအနေမျိုးပင်ဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာပြီး စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၂၈) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ၀.၂% ကျဆင်းပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန် ဒေါ်လာ (၁.၃၁၅၆) ဒေါ်လာ လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း www.reuters.com တွင် ဖော်ပြပါရှိပါသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထုတ် Imphal Free Press သတင်းစာ၌ “အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် (၁၇)ကြိမ်မြောက် အောက်လွှတ်တော် ပါလီမန်ရွေးကောက်ပွဲတွင် ပြည်သူလူထုက BJPပါတီအား ဆက်လက် ထောက်ခံခြင်းမပြုသဖြင့် အိန္ဒိယဗဟိုအစိုးရတွင် အာဏာပြန်လည်ရရှိလာနိုင်မည် မဟုတ်ကြောင်း မဏိပူရ်ပြည်နယ်ဆိုင်ရာ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ က ပြောကြားခဲ့ကြောင်း” ဖော်ပြ ခဲ့မှု

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထုတ် Imphal Free Press သတင်းစာ၌ “အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် (၁၇) ကြိမ်မြောက် အောက်လွှတ်တော် ပါလီမန်ရွေးကောက်ပွဲတွင် ပြည်သူလူထုက BJP ပါတီအား ဆက်လက်ထောက်ခံခြင်းမပြုသဖြင့် အိန္ဒိယဗဟိုအစိုးရတွင် အာဏာပြန်လည်ရရှိလာနိုင်မည်မဟုတ်ကြောင်း မဏိပူရ်ပြည်နယ်ဆိုင်ရာ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း” ဖော်ပြခဲ့မှု

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၌ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်ထုတ် Imphal Free Press  သတင်းစာတွင် “အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် (၁၇) ကြိမ်မြောက်အောက်လွှတ်တော် ပါလီမန်ရွေးကောက်ပွဲ၌ ပြည်သူလူထုက BJP ပါတီအား ဆက်လက်ထောက်ခံခြင်း မပြုသဖြင့် အိန္ဒိယဗဟိုအစိုးရတွင် အာဏာပြန်လည်ရရှိလာနိုင်မည်မဟုတ်ကြောင်းကို မဏိပူရ်ပြည်နယ်ဆိုင်ရာကွန်ဂရက်ပါတီ ဥက္ကဋ္ဌက မတ်လ(၂၅) ရက်တွင် သတင်းမီဒီယာသမားများအားပြောကြားခဲ့ကြောင်း၊ အိန္ဒိယအစိုးရနှင့် မဏိပူရ်ပြည်နယ်တို့တွင် အာဏာရရှိနေသည့် BJP ပါတီအား ပြည်သူလူထုက စိတ်ပျက်နေကြပြီး ပြည်သူလူထုအများစုမှာ ကွန်ဂရက်ပါတီအား ပိုမိုယုံကြည်လာသောကြောင့် မဏိပူရ်ပြည်နယ်တွင် ကွန်ဂရက်ပါတီက အနိုင်ရရှိရန် သေချာနေကြောင်း၊ လက်ရှိတွင်၎င်းတို့၏လုပ်ဆောင်မှုများကို ပြည်သူများကသိရှိလာ၍ လိမ်လည်မှုများ ထပ်မံမပြုလုပ်နိုင်တော့ကြောင်း၊ ကွန်ဂရက်ပါတီအစိုးရ အာဏာရှိစဉ်တွင် အကျင့်ပျက်ခြစားမှုအများအပြားရှိကြောင်းကို BJP ပါတီက စွပ်စွဲခဲ့သော်လည်း လက်ရှိ BJP အစိုးရလက်ထက်တွင် အကျင့်ပျက်ခြစားမှုများပိုမိုများပြားနေကြောင်းကို ဥက္ကဌက  ပြောကြားခဲ့ကြောင်း၊ ကွန်ဂရက်ပါတီကိုယ်စားလှယ်က တောင်ပေါ်နှင့်မြေပြန့်ဒေသများ တန်းတူဖွံ့ဖြိုးတိုးတက်မှသာလျှင် အတူယှဉ်တွဲနေထိုင်မှုမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဆင်းရဲသားများနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ အပြည့်အဝရရှိရန် အလေးထားလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းကို ပါတီကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း” ဖြင့် ဖော်ပြပါရှိကြောင်း သိရှိရပါသည်။