ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ရက်သတ္တပတ် (၂) ပတ်အတွင်းအနိမ့်ဆုံးသို့ ကျဆင်းခဲ့
တရုတ်အစိုးရသည်နိုင်ငံအတွင်းသို့ တင်သွင်းနေသည့် အမေရိကန်ကုန်ပစ္စည်းများအပေါ်၌ ကုန်စည်အမျိုးအစားပေါ်မူတည်၍ ထပ်ဆောင်းအခွန် ၅% သို့မဟုတ် ၁၀% ခန့်ကောက်ခံရန် စီစဉ်နေကြောင်း၊ ထပ်ဆောင်းအခွန်ကောက်ခံမည့် ကုန်စည်အမျိုးအစားမှာ (၅၀၇၈) မျိုးခန့်ရှိပြီး ကုန်စည်များ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၇၅) ဘီလီယံခန့်ရှိကြောင်း၊ ကုန်စည်အမျိုးအစားပေါ်မူတည်၍ အချို့သော ကုန်စည်များကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင်လည်းကောင်း၊ ကျန်ကုန်စည်များကို ဒီဇင်ဘာလ (၁၅) ရက်တွင်လည်းကောင်း စတင်ကောက်ခံသွားမည်ဖြစ်ပြီး အထူးကိစ္စရပ်တစ်ခုအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သည့် မော်တော်ယာဉ်များနှင့် ယာဉ်အပိုပစ္စည်းများကို ဒီဇင်ဘာလ (၁၅) ရက်မှစတင်၍ သွင်းကုန်ခွန် ၅% မှ ၂၅% အတွင်းနှုန်းထားတစ်မျိုးမျိုး သတ်မှတ်ကာ ပြန်လည်ကောက်ခံရန် စီစဉ်လျက်ရှိသည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံ၏ သွင်းကုန်ခွန်ရုတ်တရက်ကောက်ခံမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုကလည်း အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းနေသည့် တရုတ်ကုန်စည် များအနက် ကုန်စည်အမျိုးအစားပေါ်မူတည်၍ အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံခန့် တန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ်၌ စက်တင်ဘာလ (၁) ရက်မှစတင်၍ သွင်းကုန်ခွန်နှုန်းထားကို လက်ရှိသတ်မှတ်ထားသည့် ၁၀% မှ ၁၅% သို့ လည်းကောင်း၊ အမေရိကန်ဒေါ်လာ (၂၅၀) ဘီလီယံခန့်တန်ဖိုးရှိ အခြားတရုတ်ကုန်စည်များအပေါ်၌ အောက်တိုဘာလ (၁) ရက်မှစတင်၍ သွင်းကုန်ခွန်နှုန်းကို လက်ရှိကောက်ခံနေသည့် ၂၅% မှ ၃၀% သို့ တိုးမြှင့်ကောက်ခံရန် ကြေညာခဲ့ကြောင်း၊ အမေရိကန်သမ္မတသည် တရုတ်ကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ နောင်တရလိမ့်မည် မဟုတ်ကြောင်းနှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကိုအမေရိကန်ပြည်ထောင်စုအတွက် လိုအပ်ပါက နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်ကြေညာသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံအတွင်း လုပ်ဆောင်နေသည့် ကုန်ထုတ်လုပ်ငန်းများကို ပိတ်သိမ်း၍ အခြားနိုင်ငံများသို့ အမြန်ဆုံးပြောင်းရွှေ့လုပ်ကိုင်ရန် အမေရိကန်သမ္မတက တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ဆက်တိုက်ကျဆင်းကာ ရေနံဝယ်လိုအား လျော့နည်းလာသည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများရက်သတ္တပတ် (၂) ပတ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၃% ကျဆင်းပြီး တစ်စည်လျှင်အမေရိကန် ဒေါ်လာ (၅၃.၄၉) သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၁.၁% ကျဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၈.၇၁) သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများသည် ဩဂုတ်လ (၉) ရက်နေ့နောက်ပိုင်း ရက်သတ္တပတ် (၂) ပတ်အတွင်း အနိမ့်ဆုံး ဈေးနှုန်းများဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။