၁၉၄၇ ခုနှစ် မြန်မာနိုင်ငံတော်အက်ဥပဒေအမှတ် ၈၃ (၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်)

(၁၉၅၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့စွဲပါ ၁၉၅၁ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက် ဥပဒေ (၁၉၅၁ ခုနှစ်၊  မြန်မာနိုင်ငံတော်အက်ဥပဒေအမှတ် ၁၇)နှင့် ၁၉၅၁ ခုနှစ်၊ ပြည်သူ ပိုင်ပစ္စည်းကာကွယ်ရေးဒုတိယပြင်ဆင်ချက်) အက်ဥပ​ဒေ(၁၉၅၁ခုနှစ်၊အက်ဥပဒေအမှတ် ၄၃) တို့အရ ပြင်ဆင် ပြီးဖြစ်သည့်အတိုင်း)

အောက်ပါအတိုင်းအက်ဥပဒေအဖြစ်ပြဌာန်းလိုက်သည်။

၁။ ။ ဤအက်ဥပဒေသည် ဆက်လက်အာဏာတည်ခြင်းမှ ရပ်စွဲစေရမည်ဟု နိုင်ငံတော် သမ္မတက ကျေညာချက်ဖြင့် ဆင့်ဆိုသည့်နေ့ရက်အထိ အတည်ဖြစ်စေရမည်။

၂။ ။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားအဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-

(၁) ပြည်သူပိုင်ပစ္စည်း ဆိုသည်မှာ မြန်မာနိုင်ငံတော်တွင် အမှုထမ်းလျက်ရှိ သည့်ကြည်း၊ ရေ၊ လေ တစ်ခုခုက ပိုင်ဆိုင်သော သို့တည်းမဟုတ် ထိုတပ် တစ်ခုခု အတွက်ပေးပို့သော သို့တည်းမဟုတ် ထိုတပ်တစ်ခုခုက သုံးစွဲရန် ကြံရွယ်သော သို့တည်းမဟုတ် မြန်မာနိုင်ငံအစိုးရကသော်လည်းကောင်း၊ ဥပဒေတစ်ခုခုအရ ဖွဲ့စည်းထားသော ဒေသန္တရအာဏာပိုင် အဖွဲ့ကသော် လည်းကောင်းပိုင်ဆိုင်သောသို့တည်းမဟုတ် အဆိုပါတစ်ခုခုအတွက်ပေး ပို့သော သို့တည်းမဟုတ် အဆိုပါတစ်ခုခုကသုံးစွဲရန် ကြံရွယ်သောသို လှောင်ပစ္စည်းကိုဖြစ်စေ၊ အသုံးအဆောင်ကို ဖြစ်စေ၊ အခြားပစ္စည်းကို ဖြစ်စေ ဆိုလိုသည်။

(၂) အကျိုးယုတ်စေသောပြုလုပ်မှုဆိုသည်မှာ အောက်ပါပြုလုပ်မှုများကို ဆိုလိုသည်။

(က) The Union of Burma (Adaptation of Laws) Order, 1948 အရ ပယ်ဖျက်သည့် ၁၉၄၇ ခုနှစ်၊ ဝင်ကုန် ထွက်ကုန်များ ကြီးကြပ်ရေး(ယာယီ) အက်ဥပဒေအရ နိုင်ငံ တော်အစိုးရနည်းလမ်း တကျပြုလုပ်ထားသော ဝင်ကုန်နှင့် ထွက်ကုန်ဆိုင်ရာအမိန့်များနှင့်နည်းဥပဒေမျာကို ဆန့်ကျင် လျက် မြန်မာနိုင်ငံတော် အတွင်း သို့သော်လည်းကောင်း၊ အပသို့သော်လည်းကောင်း၊ ပစ္စည်းတစ်ခုခုကို လျှို့ဝှက် တင်ဆောင်ရန်ရည်ရွယ်ချက်ရှိသည်လည်းဖြစ်၍ ဥပဒေနှင့် ဆန့်ကျင်သည်လည်းဖြစ်သော ပြုလုပ်ခြင်းနှင့် တိုက်ရိုက် သော်လည်းကောင်း၊သွယ်ဝိုက်၍သော်လည်းကောင်း ဆက် စပ်သည့်သို့မဟုတ်စပ်လျဉ်းသည့်ပြုလုပ်မှုသို့တည်း မဟုတ်

(ခ) ပြည်သူပိုင်ပစ္စည်းနှင့် စပ်လျဉ်း၍ ပြစ်မှုကျူးလွန်ခြင်းကို သို့တည်းမဟုတ် ဤအက်ဥပဒေအရလည်းကောင်း၊ The Union of Burma (Adaptation of Laws) Order, 1948 အရပယ်ဖျက်သည်၊ ၁၉၄၇ ခုနှစ်၊ ဝင်ကုန်ထွက်ကုန် များကြီးကြပ်ရေး (ယာယီ)အက်ဥပဒေ အရလည်းကောင်း၊ ၁၉၄၇ခုနှစ်၊ ပြည်သူ့အသုံးဝင်ပစ္စည်း ကာကွယ်စောင့် ရှောက်ရေးအက်ဥပဒေအရ လည်းကောင်း၊ ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားငွေလဲလှယ်ရေးစည်းမျဉ်း သတ်မှတ်မှုဥပဒေအရ လည်းကောင်း၊ ၁၉၄၇ ခုနှစ်၊ မသုံးမဖြစ် ကုန်စည်းများနှင့် အမှုထမ်းခြင်းအက်ဥပဒေအရလည်းကောင်း ပြုလုပ်ထား သော နည်းဥပဒေဖြစ်စေ၊ အမိန့်ဖြစ်စေ၊ ဆန့်ကျင်ခြင်း ကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်းအားပေးကူညီသောသို့တည်းမဟုတ် လှုံ့ဆော်သော သို့တည်းမဟုတ်လွယ်ကူစေသောပြုလုပ်မှုသို့တည်း မဟုတ်

(ဂ) ပြည်သူပိုင်ပစ္စည်းစောင့်ရှောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ကြီး ကြပ်ခြင်း၊ တစ်ခုခုပြုနေသူကဖြစ်စေ၊ ပြုခဲ့သူကဖြစ်စေ အဆိုပါပစ္စည်းများတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် ၍သော်လည်းကောင်း၊ပျောက်ဆုံးခြင်း၊ ညံ့ဖျင်းခြင်း၊ ဆုတ် ယုတ်ခြင်း၊ ပျက်စီးခြင်းတစ်ခုခုကိုဖြစ်စေသော ထိုသူတစ်ဦး ဦး၏ တမင်ပေါ့လျော့မှု သို့တည်းမဟုတ် စီမံခန့်ခွဲခြင်း ညံ့ဖျင်းမှု သို့တည်းမဟုတ် ပျက်ကွက်မှု သို့တည်းမဟုတ်

(ဃ) ခိုးမှု၊ ရာဇဝတ်မကင်းသောအလွဲသုံးစားမှု၊ အကျိုးဖျက်ဆီး မှု၊ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု တစ်ခုခုကျူးလွန်ခြင်း ဖြင့်ဖြစ်စေ၊ မတရားသောနည်းလမ်းဖြင့်ဖြစ်စေ ပြည်သူ ပိုင်ပစ္စည်းကို တစ်ဦးတစ်ယောက်သောသူ ရရှိသည်ဟု သင်္ကာမကင်းဖြစ်စေ သည်လည်းဖြစ်၍ အဆိုပါပြည်သူပိုင် ပစ္စည်းနှင့်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်းစပ်လျဉ်းသည်လည်းဖြစ်သော အဆိုပါသူ၏ ဆက်ဆံပြုမူခြင်း။

၃။ ။ မည်သူမဆို ပျောက်ဆုံးသည်ဟု သို့တည်းမဟုတ် စွန့်ပစ်ထားသည်ဟု မိမိယုံကြည်ရန် အကြောင်းရှိသည်လည်းဖြစ်၍ မပျောက်ဆုံးမီကသော်လည်းကောင်း၊ မစွန့်ပစ်မည်ကသော် လည်းကောင်း၊ လက်နက်ကိုင်တပ်တစ်(၁)တပ်တွင်ဖြစ်စေ၊ အစိုးရလက်အောက်၌ဖြစ်စေ အမှုထမ်းရွက်ခဲ့သူ တစ်ဦးတစ်ယောက် လက်ရှိဖြစ်ခဲ့သည်လည်းဖြစ်သော ပြည်သူပိုင်ပစ္စည်း တစ်ခုကို တွေ့လျှင် ထိုသို့တွေ့သောသူသည်-

(က) အဆိုပါပစ္စည်း၏အမျိုးအမည်နှင့် တွေ့သည့်နေရာတို့ကို အစီရင်ခံရမည်၊ သို့တည်းမဟုတ် အဆိုပါပစ္စည်းသည် စာတမ်းအမှတ်အသားဖြစ်လျှင် မြန်မာ နိုင်ငံတော်တွင် အမှုထမ်းလျက် ရှိသော ကြည်း၊ ရေ၊ လေတပ်တစ်ခုခုတွင် အမှု ထမ်းနေ၍အနီးအနားတွင် တာဝန်ထမ်းဆောင်လျက်ရှိသူ တစ်ဦး တစ်ယောက် ထံသို့ဖြစ်စေ၊ အနီးအနားတွင် ရှိသော ရဲဌာနမှူးထံသို့ဖြစ်စေ ထိုစာတမ်းအမှတ် အသားကို ပေးအပ်စေရမည်၊ သို့တည်း မဟုတ် အဆိုပါပစ္စည်းကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အပတွင်တွေ့ရှိခဲ့လျှင် အဆိုပါ ပစ္စည်း၏အမျိုးအမည်နှင့် တွေ့ သည့်နေရာတို့ကို အစိုးရအမှုထမ်းထံသို့ အစီရင်ခံစေရန် သော်လည်းကောင်း၊ အဆိုပါပစ္စည်းသည် စာတမ်းအမှတ်အသား ဖြစ်နေလျှင် အစိုးရ အမှု ထမ်းအား မြန်နိုင်သမျှလျင်မြန်စွာပေးအပ်ရန်သော်လည်းကောင်း တတ်နိုင်သမျှ အရေးယူ ဆောင်ရွက်ရမည်။

(ခ) ဆိုခဲ့ပြီးသည့်အတိုင်းမှတစ်ပါး နိုင်ငံတော်သမ္မတ၏ခွင့်ပြုချက်မရှိဘဲ အဆိုပါ ပစ္စည်းကို မရွှေ့ရ သို့တည်းမဟုတ် တစ်မျိုးတစ်ဖုံမပြုရ။

၄။ ။ ပုဒ်မ ၃ အရ ပြဌာန်းထားသောတာဝန်နှင့် ချုပ်ချယ်ချက်များသည် ထိုပုဒ်မတွင် အမျိုး အမည် သီးခြားဖော်ပြထားသော သို့တည်းမဟုတ် နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ ခန့်အပ်ထားသော အာဏာပိုင်ကအမျိုးအမည် သီးခြားဖော်ပြထားသော ပြည်သူပိုင်ပစ္စည်းနှင့် မသက်ဆိုင်စေရဟု နိုင်ငံတော်သမ္မတကအမိန့်ဖြင့် ဆင့်ဆိုနိုင်သည်။

၅။ ။ မည်သူမဆိုပုဒ်မ ၃ ပါပြဌာန်းချက်ကို ဆန့်ကျင်လျှင် ထိုသူကို (၆) လအထိ ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၆။ ။ (၁) တည်ဆဲအခြားဥပဒေတစ်ခုခုတွင် မည်သို့ပင်ပါရှိစေကာမူ တစ်ဦးတစ်ယောက် သောသူသည် ပြည်သူပိုင်ပစ္စည်းကို အခွင့်အာဏာမရဘဲ လက်ရှိထားလျှင် သို့တည်းမဟုတ် ပြည်သူပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ခိုးမှု၊အလွဲသုံးစားပြုမှု၊အကျိုးဖျက်ဆီးမှုတစ်ခုခုကို ကျူးလွန် လျှင် ထိုသူကို (၇)နှစ် အထိထောင်ဒဏ်ဖြစ်စေ၊ ကြိမ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ကြိမ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်ရမည်။

(၂) ပုဒ်မခွဲ(၁)အရ ရာဇဝတ်မှုစွဲဆိုရာတွင် လက်ရှိထားနိုင်သည့် အခွင့်အာဏာရှိ ကြောင်းကို ထင်ရှားအောင်ပြသရန်တာဝန်သည် အဆိုပါပြည်သူပိုင်ပစ္စည်းကို လက်ရှိထား ကြောင်းတွေ့ခြင်းခံရသူ ၏ တာဝန်ဖြစ်စေရမည်။

၇။ ။ (၁) ရဲအုပ်ရာထူးထက် အဆင့်အတန်းမနိမ့်သော အရာရှိတစ်ဦးကဖြစ်စေ၊ နိုင်ငံ တော်သမ္မတက ဤကိစ္စအလို့ငှာ ယေဘူယျအမိန့်ဖြင့် သို့တည်းမဟုတ် အထူးအမိန့်ဖြင့် အခွင့် အာဏာအပ်နှင်းထားသော အခြားအစိုရအရာရှိတစ်ဦးဦးကဖြစ်စေ နိုင်ငံတော်သမ္မတက သတ်မှတ်ထားသောအာဏာပိုင်၏ ကြိုတင်သဘောတူညီချက်ဖြင့် ပြည်သူပိုင်ပစ္စည်းနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ(၁)တွင်ဖော်ပြပါရှိသော ပြစ်မှု များကို ကျူးလွန်ပြီး ဖြစ်သည်ဟုသော် လည်းကောင်း၊ ကျူးလွန်ဆဲဖြစ်သည်ဟုသော်လည်းကောင်း၊ အဆိုပါအရာရှိ သင်္ကာမကင်း ဖြစ်သောသူကို ဝရမ်းမပါဘဲဖမ်းဆီးနိုင်သည်။

(၂) နိုင်ငံတော်သမ္မတက ယေဘူယျအမိန့်ဖြင့် သို့တည်းမဟုတ် အထူးအမိန့်ဖြင့် ဤကိစ္စ အလို့ငှာအခွင့်အာဏာအပ်နှင်းထားသောအရာရှိသည်အကျိုးယုတ်စေသော ပြုလုပ်မှု ကိုကျူးလွန်ပြီးဖြစ်သည်ဟုသော်လည်းကောင်း၊ ကျူးလွန်ဆဲဖြစ်သည်ဟုသော်လည်းကောင်း၊ မိမိကသင်္ကာမကင်းဖြစ် သောလူကို ဝရမ်းမပါဘဲဖမ်းဆီးနိုင်သည်။(၂-က)         နိုင်ငံတော်သမ္မတက ယေဘူယျအမိန့်ဖြင့် သို့တည်းမဟုတ် အထူးအမိန့် ဖြင့် ဤကိစ္စ အလို့ငှာ အခွင့်အာဏာအပ်နှင်းထားသောအရာရှိသည်တစ်ဦးတစ်ယောက်သော သူနှင့်စပ်လျဉ်း၍ ပုဒ်မ ၆ (၁)တွင် ဖော်ပြပါရှိသော ပြစ်မှုကိုဖြစ်စေ၊ ပြည်သူပိုင်ပစ္စည်းနှင့် စပ်လျဉ်းသည့်ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကိုဖြစ်စေ၊ အကျိုးယုတ် စေသောပြုလုပ်မှုကိုဖြစ်စေ၊ ကျူးလွန်ခြင်းမှ တားမြစ်ရန်အလို့ငှာ ထိုသူအားဖမ်းဆီးခြင်း အတွက်လိုအပ်သည့်အခြေအနေရှိသည်ဟု မိမိကယူဆကျေနပ်လျှင်ထိုသူကိုဝရမ်းမပါဘဲ ဖမ်း ဆီးနိုင်သည်။

(၃) ပုဒ်မခွဲ(၁)၊ ပုဒ်မခွဲ (၂)၊ ပုဒ်မခွဲ (၂-က)တစ်ခုခုနှင့်အညီ ဖမ်းဆီးသော အရာရှိ သည်  သို့တည်းမဟုတ် ပြည်သူပိုင်ပစ္စည်းနှင့်စပ်လျဉ်းသည့် ရာဇဝတ်မကင်းသော ယုံကြည် အပ်နှံရေးဖောက်ဖျက်မှုအတွက်ဖမ်းဆီးသောအရာရှိသည်ထိုသို့ဖမ်းဆီးကြောင်းကို နိုင်ငံတော် သမ္မတထံသို့ ချက်ခြင်းအစီရင်ခံတင်ပြရမည့်အပြင် ထိုသူအား နိုင်ငံတော်သမ္မတ၏ အမိန့် မရရှိမီအတွင်း၌ နိုင်ငံတော် သမ္မတက  ယေဘူယျအမိန့်ဖြင့် သို့တည်းမဟုတ် အထူးအမိန့်ဖြင့် သီးခြားဖော်ပြသည့်အတိုင်း အမိန့်စာ ထုတ်ဆင့်၍ ချုပ်ထားရမည်။ခြွင်းချက်။  သို့ရာတွင်-

(က) ဤပုဒ်မခွဲအရ မည်သူ့ကိုမျှ နိုင်ငံတော်သမ္မတ၏အမိန့်မရဘဲ  တစ်ဆယ့် ငါးရက် ထက်ပို၍ ချုပ်မထားရ၊

(ခ) ဤပုဒ်မခွဲအရ မည်သူ့ကိုမျှ (၆)လထက်ပို၍ ချုပ်မထားရ။

(၄) ပုဒ်မခွဲ(၁)အရ သို့တည်းမဟုတ် ပုဒ်မခွဲ(၂)အရ ဖမ်းဆီးခြင်းခံရသူသည် အာမခံ ပေးရန်အသင့်ရှိ၍နိုင်ငံတော်သမ္မတကအခါကာလအားလျော်စွာပြုလုပ်သည့် စည်းကမ်းချက် တို့ကိုသို့တည်းမဟုတ် ညွှန်ကြားချက်တို့ကိုလိုက်နာပါမည်ဟုတာဝန်ယူကာအာမခံနှင့်ဖြစ်စေ၊ အာမခံမပါဘဲဖြစ်စေ ခံဝန်ချုပ် ကိုချုပ်ဆိုလျှင် ထိုသူအားဖမ်းဆီးသူအရာရှိသည် နိုင်ငံတော် သမ္မတကဖြစ်စေ၊ နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အာဏာအပ်နှင်းထားသော သူကဖြစ် စေ၊ အခါကာလအားလျော်စွာထုတ်ပြန် သော ယေဘူယျညွှန်ကြားချက်ကို သို့တည်းမဟုတ် အထူးညွှန်ကြားချက်ကို လိုက်နာလျက် ထိုသူအား အချုပ်မှလွှတ်နိုင်သည်။

(၅) ပုဒ်မခွဲ(၃)အရ တင်သွင်းသော အစီရင်ခံစာကို ရရှိသောအခါ နိုင်ငံတော်သမ္မတ သည်ပုဒ်မခွဲ(၃)၏ ဒုတိယခြွင်းချက်နှင့် မဆန့်ကျင်စေဘဲ စုံစမ်းစစ်ဆေးရန်အလို့ငှာ လိုအပ် သည်ဟုမိမိထင်မြင်သောကာလအပိုင်းအခြားအထိဤပုဒ်မအရဖမ်းဆီးထားသူကို အချုပ်ဖြင့် ထားရန်အမိန့်ဖြင့် ဆင့်ဆိုနိုင်သည်။

(၆) ပုဒ်မခွဲ(၄)ပါပြဌာန်းချက်များနှင့်အညီအာမခံရယူသည့်အခါ၌ ထိုခံဝန်ချုပ်သည် အဆိုပါ အာမခံရယူခြင်းနှင့်စပ်လျဉ်းသောနေရာတွင် စီရင်ပိုင်ခွင့်အာဏာရှိသူ ခရိုင်ရာဇဝတ် တရားသူကြီးက ရာဇဝတ်ကျင့်ထုံးအရယူသော ခံဝန်ချုပ်ဖြစ်သည်ဟုမှတ်ယူရမည်။ ထိုခံဝန် ချုပ်သည် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၁၄ ပါပြဌာန်းချက်များနှင့်သက်ဆိုင်စေရမည်။

(၇) ပုဒ်မခွဲ(၅)အရ ချမှတ်သော ချုပ်ထားစေအမိန့်သည် အဆိုပါ အမိန့်ချမှတ်ခြင်း နှင့် စပ်လျဉ်းသူကို အခွင့်အာဏာရှိသော တရားရုံးသို့ စစ်ဆေးစီရင်စေရန် တင်ပို့ပြီးသည့် နောက်ဆက်လက် ချုပ်ထားရန် ခွင့်ပြုသည်ဟုမမှတ်ယူရ၊ သို့ရာတွင် စစ်ဆေးစီရင်ခြင်း သို့တည်းမဟုတ်စုံစမ်းခြင်းကိုဆောင်ရွက်လျက်ရှိသော တရားရုံးက ထိုတရားခံကို အာမခံနှင့် လွှတ်ထားလျှင် ထိုတရားခံသည် သက်သေကို မုသားသက်သေခံစေရန် မပြုတန်ရာဟုသော် လည်းကောင်း၊ သက်သေခံ ကိုပျောက်ပျက်စေရန် မပြုတန်ရာဟုသော်လည်းကောင်း၊ ထိုသူ့ အပေါ်၌သက်သေခံအဖြစ်ဖြင့် အသုံးပြု နိုင်သည့်စာတမ်းအမှတ်အသား လျှို့ဝှက်ခြင်း၊ ဖျက်ဆီးခြင်းတစ်ခုခုမပြုတန်ရာဟုသော်လည်းကောင်းထင်ရှားအောင်မပြနိုင်ခဲ့သော အဆိုပါ တရားခံကို အာမခံနှင့်လွှတ်မထားရ။

၈။ ။ (၁) တည်ဆဲအခြားဥပဒေတစ်ခုခုတွင်မည်သို့ပင်ပါရှိစေကာမူ တစ်ဦးတစ်ယောက် သောသူအား ပုဒ်မ ၇ အရဖမ်းဆီးသော သို့တည်းမဟုတ် ချုပ်နှောင်သောကိစ္စ၌ နိုင်ငံတော်ရဲ ဗိုလ်ချုပ်သည်လည်းကောင်း၊ရန်ကုန်မြို့တော် ရဲမင်းကြီးသည်သော်လည်းကောင်း၊ နိုင်ငံတော် သမ္မတကဤကိစ္စအလို့ငှာခန့်အပ်ထားသော အခြားအစိုးရအရာရှိတစ်ဦးဦး သည်သော်လည်း ကောင်း မိမိက သင့်တော် သည်ဟုထင်မြင်လျှင် –

(က) ဘဏ်တစ်ခုခုကပိုင်ဆိုင်သော သို့တည်းမဟုတ်ထိုဘဏ်ကအုပ်ချုပ်လျက် ရှိသော စာအုပ်များကို ကြည့်ရှု့စစ်ဆေးနိုင်သည် သို့တည်းမဟုတ် ခရိုင်ရဲ ဗိုလ်မှူးရာထူးထက်အဆင့်အတန်းမနိမ့်သောအရာရှိတစ်ဦးအား  ထိုသူ၏ အမည်ကို သီးခြားဖော်ပြပါရှိသော အမိန့်စာဖြင့် ထိုသို့သော စာအုပ်များ ကို ကြည့်ရှု့စစ်ဆေး နိုင်သည် ၊ သို့တည်းမဟုတ်

(ခ) ဆိုခဲ့သောသူ၏ သို့တည်းမဟုတ် ဆိုခဲ့သောသူအားမှီခိုနေသောအခြားသူ ၏ငွေစာရင်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ဆိုခဲ့သောသူ၏အမည်ဖြင့်  သို့တည်း မဟုတ် ဆိုခဲ့သောသူအားမှီခိုနေသော အခြားသူ၏အမည်ဖြင့် ဘဏ်တွင် လုံခြုံရေးအတွက်သိမ်းထားသောပစ္စည်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ဘဏ်စာအုပ် ထဲတွင်ရေးသွင်း ထားသောရေးသွင်းချက်တာဝန်ခံမိတ္တူကို သော်လည်း ကောင်း၊ဘဏ်ကသိသောအကြောင်းအရာကိုသော်လည်းကောင်းပေးရန် ဘဏ်မန်နေဂျာကို သို့တည်းမဟုတ် ဘဏ်ကိုယ်စားလှယ်ကို ဆင့်ဆိုနိုင် သည် သို့တည်းမဟုတ်

(ဂ) တားမြစ်သောအရာရှိ၏အမိန့်စာမပါရှိဘဲ ဆိုခဲ့သောသူ၏ သို့တည်း မဟုတ်ဆိုခဲ့သောသူအားမှီခိုနေသော အခြားသူ၏ အမည်ဖြင့် ထည့်သွင်း ထားသောငွေကိုထုတ်ပေးခြင်းမပြုရဟုသော်လည်းကောင်း၊ ဆိုခဲ့သော သူ၏ သို့တည်းမဟုတ် ဆိုခဲ့သောသူအားမှီခိုနေသော အခြားသူ၏ အမည် ဖြင့် ဘဏ်တွင်လုံခြုံရေး အတွက်သိမ်းထားသောပစ္စည်းများကို ထုတ်ပေး ခြင်းမပြုရဟုသော်လည်းကောင်း၊ဘဏ်မန်နေဂျာကိုဖြစ်စေ၊ ဘဏ်ကိုယ်စား လှယ်ကိုဖြစ်စေ တားမြစ်နိုင်သည်။

(၂) ဘဏ်နှင့်တာဝန်ခံမိတ္တူဟူသော စကားရပ်များ၏အဓိပ္ပါယ်သည် ဘဏ်တိုက်စိုး စာအုပ် များ သက်သေခံအက်ဥပဒေအရ ဖော်ပြထားသော အဓိပ္ပါယ်နှင့်ထပ်တူဖြစ်စေရမည်။

(၃) ဘဏ်ကပိုင်ဆိုင်သောသို့တည်းမဟုတ်ဘဏ်ကအုပ်ချုပ်လျက်ရှိသော စာအုပ် များကို ကြည့်ရှု့စစ်ဆေးခြင်းအတွက် ခွင့်ပြုရန်သော်လည်းကောင်း၊ ပုဒ်မခွဲ(၁)အရ ဆင့်ဆို သောညွှန်ကြားချက်ကိုဖြစ်စေ၊တားမြစ်ချက်ကိုဖြစ်စေ လိုက်နာရန်သော်လည်းကောင်း၊ ဘဏ် မန်နေဂျာသည် သို့တည်း မဟုတ် ဘဏ်ကိုယ်စားလှယ်သည် ပျက်ကွက်လျှင် သို့တည်းမဟုတ် ငြင်းပယ်လျှင် ထိုသူကို သုံးနှစ် ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၉။ ။ မည်သူမဆို ဤအက်ဥပဒေပါ ပြဌာန်းချက်ကို ဆန့်ကျင်ရန် အားထုတ်လျှင် သို့တည်း မဟုတ် ထိုသို့ဆန့်ကျင်ခြင်းကို အားပေးကူညီလျှင် သို့တည်းမဟုတ် ထိုသို့ဆန့်ကျင်ခြင်းကို အားပေးကူညီရန် အားထုတ်လျှင် သို့တည်းမဟုတ် ထိုသို့ဆန့်ကျင်ခြင်းအတွက် ပြင်ဆင်မှု ကိုပြုလျှင် ထိုသူသည် ထိုပြဌာန်းချက်ကို ဆန့်ကျင်သည်ဟု မှတ်ယူရမည်။

၁၀။ ။ (၁) ဤအက်ဥပဒေနှင့်အညီ သဘောရိုးဖြင့်ပြုလုပ်သော သို့တည်းမဟုတ် ထိုသို့ပြု လုပ်ရန် ကြံရွယ်သောပြုမှုအတွက်မည်သူ့ကိုမျှတရားမမှုသို့တည်းမဟုတ်ရာဇဝတ်မှု သို့တည်း မဟုတ် အခြား တရားမှုခင်းမစွဲဆိုရ။

(၂) ဤအက်ဥပဒေအရအခြားနည်းအတိအလင်းပြဌာန်းထားခြင်းမရှိလျှင် ဤအက် ဥပဒေ နှင့်အညီပြုလုပ်သော သို့တည်းမဟုတ် ထိုသို့ပြုလုပ်ရန်ကြံရွယ်သော ပြုလုပ်မှုကြောင့် ဖြစ်စေ သို့တည်းမဟုတ် ဖြစ်စေတန်ရာသည့်ပျက်စီးနစ်နာမှုအတွက် နိုင်ငံတော်အစိုးရ အပေါ် တွင်  တရားမမှု သို့တည်း မဟုတ် အခြားတရားမှုခင်းမစွဲဆိုရ။

၁၁။ ။ ၁၉၄၇ ခုနှစ်၊ နိုင်ငံပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ (၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ တော်အက်ဥပဒေအမှတ် ၄၃ )ကို ဤအက်ဥပဒေက ပယ်ဖျက်သည်၊ သို့ရာတွင် ဆိုခဲ့သည့်အတိုင်း ပယ်ဖျက်ပြီးဖြစ်စေကာမူ အဆိုပါအက်ဥပဒေကသော်လည်းကောင်း၊ အရ သော်လည်းကောင်း၊ ပေးအပ်ထားသော အာဏာကိုသုံးစွဲလျက် ပြုလုပ်သည်ဟု သဘော သက်ရောက်သောပြုမှုကိုသို့တည်းမဟုတ်ပြုလုပ်သည်ဟုသဘောသက်ရောက်သော အရေးယူ ဆောင်ရွက်ချက်ကို ဤအက်ဥပဒေအရ အာဏာ များသုံးစွဲလျက် ပြုလုပ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(၁)     ပ၊ မ၊ ဗ၊ စ အမှတ် ၄၄၉ (ငွေပေး)၊ စ၊ စ၊ စ၊ ၉-၆-၅၃-၂၀၀-၂

(၂)     ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ ၂။