(၆၆)နှစ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြုဆောင်းပါး
“ မွှေးဆဲကြိုင်ဆဲ လှိုင်ဆဲ စံပယ်”

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)စသုံးလုံးသည် အထူးဖွဲ့စည်းထားသည့် ဌာနဖြစ်ပြီး စတင်ဖွဲ့စည်းသည့် ၁၉၅၁ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှစ၍ လူရိုသေ ရှင်ရိုသေ အဖွဲ့အစည်း အဖြစ်အစဉ်ရပ်တည်ခဲ့သည့်၊ တပ်ဖွဲ့အသွင်ဖွဲ့စည်းထားသည့်ဌာနနှင့် လက်နက်ကိုင်ဦးစီးဌာနဖြစ်နေခြင်းက အခြားဦးစီးဌာနနှင့်မတူ တမူထူးခြားနေတော့သည်။
ဌာနစတင်ဖွဲ့စည်းစဉ်ကတည်းကပင် ကောင်းမွန်သော ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားရှိခဲ့သည်၊ ပြောင်းလဲလာသည့် ခေတ်နှင့်အညီ လုပ်ငန်းတာဝန်များအပေါ်မူတည်၍ ရည်မှန်းချက်များပြောင်းလဲချမှတ်ခဲ့ရသည်၊ စီးပွားရေးဆိုင်ရာပြစ်မှုများ စုံစမ်းဖော်ထုတ်အရေးယူရေး၊ ဝန်ထမ်းမသမာမှုများကို စုံစမ်းဖော်ထုတ် အရေးယူရေး၊ နိုင်ငံတော်လုံခြုံရေး၊ သတင်းစုဆောင်းတင်ပြရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့သည် လတ်တလောချမှတ်ထားသည့် ဦးစီးဌာန၏ ရည်မှန်းချက်များပင်၊ ရည်မှန်းချက်ပြောင်းလဲလာသလို ဌာန၏ အဓိကလုပ်ငန်းတာဝန်များလည်း ပြောင်းလဲလာခဲ့လေသည်။
ယခင်ကစုံစမ်းစစ်ဆေးခြင်းလုပ်ငန်း၊ ဌာနတွင်း ဥပဒေအကြံပေးခြင်းလုပ်ငန်း၊ တရားစွဲတင်ခြင်းနှင့်တရားရုံးအမှုလိုက်ပါခြင်းလုပ်ငန်း၊ နိုင်ငံတော်လုံခြုံရေး၊ သတင်းများ စုဆောင်းတင်ပြခြင်းလုပ်ငန်းတို့ကို အဓိကလုပ်ငန်းတာဝန်များအဖြစ် ချမှတ်ခဲ့သော်လည်း တိုးတက်လာသည့်ခေတ်စနစ်နှင့်အညီ ကုမ္ပဏီနှင့်လူပုဂ္ဂိုလ်ဆိုင်ရာ စိစစ်ပေးရမှု များလာခြင်း၊ ဌာနတွင်းဥပဒေအကြံပေးမှုများသာမက မိခင်ပြည်ထဲရေးဝန်ကြီးဌာနအပြင် အခြားဝန်ကြီးဌာနများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့တို့၏ အသစ်ပြဌာန်းမည့် ဥပဒေများ၊ ပြင်ဆင်ရေးဆွဲမည့် ဥပဒေများအတွက်ပါ ဥပဒေအကြံပေးနေရခြင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် ပွဲတော်များတွင် လုံခြုံရေးပူးပေါင်းဆောင်ရွက်နေခြင်းတို့ကြောင့် စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ဥပဒေအကြံပေးခြင်း၊ တရားစွဲတင်ခြင်းနှင့် တရားရုံးအမှုလိုက်ပါခြင်း၊ သတင်းထောက်လှမ်းစုဆောင်းတင်ပြခြင်းနှင့် လုံခြုံရေးဆောင်ရွက်ခြင်းတို့ကို အဓိကလုပ်ငန်းအဖြစ်သတ် မှတ်ခဲ့ပါသည်၊ အဓိကလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင်လည်း မူဝါဒများ ချမှတ်ပေးထားပေသည်။
ပြည်သူ့ဝန်ထမ်းမျာ၏ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများ၊ စီးပွားရေးမသမာမှုများ၊ အများပြည်သူထိခိုက်နစ်နာမှုများကို အဓိကထားစုံစမ်းစစ်ဆေးခဲ့ပြီး ပြည်သူ့ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုကို ၁၉၄၈ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေးဆိုင် ရာအက်ဥပဒေနှင့်တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့သည်၊ ၂၀၁၃ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဌာန်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို သီးခြားဖွဲ့စည်းခဲ့လေသည်၊ ယင်းနောက်တွင် ပြည်သူ့ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကသာ အရေးယူဆောင်ရွက်လျက်ရှိပေသည်၊ သို့ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပြင်ဆင်ခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ UNODC၊ UNDP၊ UNAFEI တို့အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံဆွေးနွေးခြင်း၊ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်း(၂၀၁၆−၂၀၂၀)တွင် အစိုးရဌာနဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ (Governmental Expert Team)တွင် ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ဌာနဝင်အရာရှိများက လုပ်ငန်းကော်မတီများတွင် အဖွဲ့ဝင်များအဖြစ်ပါဝင်ကာ အကဲဖြတ် ဆန်းစစ်ချက် (SAC)တွင် စိစစ်သုံးသပ်ချက်နှင့် အကြံပြုချက်များ ပေးပို့ရလျက်ရှိပါသည်၊ မြန်မာနိုင်ငံဆိုင်ရာစီမံကိန်း(Country Programme) ၂၀၁၅−၂၀၁၈အား UNODC နှင့်ပူးပေါင်း၍ စီမံကိန်း(၅)ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် စီမံကိန်း(၂)၏ လုပ်ငန်းကော်မတီတွင် ညွှန်ကြားရေးမှူးချုပ်က ဥက္ကဌနှင့် ညွှန်ကြားရေးမှုး(ဥပဒေနှင့်အကျိုးဆောင်ဌာန)က အတွင်းရေးမှူးအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးခြင်းလုပ်ငန်းများတွင်လည်း ကော်မရှင်က အကူအညီတောင်းခံလာပါက ပူးပေါင်း ဆောင်ရွက်နေရပါသည်၊
ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်သည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟို အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်နေပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ စိစစ်မှုများ၊ စစ်ဆေးမှုများတွင် ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးနေရပေသည်၊ ၂၀၁၆ခုနှစ် ဧပြီလမှ ၂၀၁၇ခုနှစ်မေလအထိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က စုစုပေါင်း(၁၀၉)မှု တာဝန်ပေးခဲ့ရာတွင် (၉၂)မှု ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်၊ နိုင်ငံတကာငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့အစည်းဖြစ်သည့် FATF နှင့်APG တို့၏ အကဲဖြတ်လုပ်ငန်းစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်၊ FATF၏ အကဲဖြတ်လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ တိုးတက်လာသဖြင့် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံကြီးများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ မှုများ ဖြေလျော့ပေးခဲ့ခြင်းမှာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ အရေးပါသည့် ဆောင်ရွက်ချက်တစ်ခုဟု ဆိုနိုင်ပါသည်။
ဦးစီးဌာနသည် ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခောတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခောတ်၊ တပ်မတော်အစိုးရအဆက်ဆက်မှသည် လက်ရှိအရပ်သားအစိုးရအဖွဲ့အထိ ယုံကြည်အားထားရသည့် အဖွဲ့အစည်း အဖြစ်ရပ်တည်လာခဲ့ပြီး စစ်ဆင်ရေးအသွင်ဖြင့်တစ်မျိုး၊ လူစိတ်ဝင်စားသည့် အမှုကြီးများတစ်ဖုံ၊ အစုံစုံကို ဆင်ခြင်တုံတရားဖြင့် သတိကြီးကြီးထား၍ ပိပိရိရိဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်၊ လက်ရှိတွင်လည်း နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့က ပြည်ထဲရေးဝန်ကြီးဌာနသို့ တာဝန်ပေးအပ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကတစ်ဆင့် ပြန်လည်တာဝန်ပေးအပ်မှု၊ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်တာဝန်ပေးအပ်မှု၊ ဦးစီးဌာနက သတင်းစုဆောင်းရရှိချက်ကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခဲ့သည့်အပေါ် ပြည်ထဲရေးဝန်ကြီးဌာနကပြန်လည်တာဝန်ပေးအပ်မှု၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များက တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့က ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် တာဝန်ပေးအပ်မှုတို့ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စေ့စပ်သေချာစွာစုံစမ်းစစ်ဆေးပြီး ပြန်လည်တင်ပြလျက်ရှိသည်၊ အရေးယူရမည့် အခြေအနေတွင်လည်း ဥပဒေအရ တိကျသေချာစွာအရေးယူလျက်ရှိပေသည်။
ဦးစီးဌာနသို့ တာဝန်ပေးလျက်ရှိရာ ၂၀၁၆ ခုနှစ် ဧပြီလ မှ ၂၀၁၇ ခုနှစ် မေလအထိ အမှုပေါင်း (၉၅) မှု တာဝန်ပေးအပ်ခဲ့ပြီး (၈၇) မှု ပြီးပြတ်အောင်ဆောင်ရွက်ထားနိုင်ပြီးဖြစ်သည်၊ စစ်ဆေးခဲ့သည့် အမှုများအနက်မှ စုစုပေါင်းတန်ဖိုးငွေကျပ်သန်း (၈၀၀၀) ကျော်ဖိုးရှိ မြေ၊ တိုက်ခန်း၊ ယာဉ်ယန္တရား ပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ အမေရိကန်ဒေါ်လာ (၇၉၀၉၆၃.၄၈)၊ စင်္ကာပူဒေါ်လာ (၃၇၀)၊ မလေးရှားရင်းဂစ် (၂၈၅၃၄)၊ ယူရိုငွေ (၃၃၀၀၀)၊ ဂျပန်ယန်း (၅၂၆၁၀၀၀)၊ တရုတ်ယွမ်ငွေ (၃၃၁၉၃)၊ ပေါင်စတာလင် (၆၁၀)၊ ကိုရီးယားဝမ် (၁၀၀၁၀၀၀)၊ ဟောင်ကောင်ဒေါ်လာ (၁၇၁၀၀) တို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပေသည်။
တိုးပွားလာသည့် လူဦးရေ၊ တိုးချဲ့လာခဲ့ရသည့်မြို့နှင့်မြို့နယ်၊ ကျေးရွာများကြောင့် လုပ်ငန်းတာဝန်များကို ပိုမိုဆောင်ရွက်နိုင်ရန်ဦးစီးဌာန၏ ဖွဲ့စည်းပုံအင်အားကိုလည်း ချဲ့ထွင်ခဲ့ရပေသည်၊ ဦးစီးဌာနစတင်ဖွဲ့စည်းစဉ်က ဖွဲ့စည်းပုံအင်အားမှာ ရာဂဏန်းသာရှိရာမှ ၂၀၁၆ ခုနှစ်ဒီဇင်ဘာလမှစ၍ ၂၇၀၀ ကျော်အထိ တိုးချဲ့ဖွဲ့စည်းထားပြီးဖြစ်သည်၊ အဆင့်အတန်းအလိုက် ရာထူးအဆင့်တံဆိပ်များလည်း အမြင်တင့်ဖွယ်တူတူတန်တန်ပြောင်းလဲတပ်ဆင်နိုင်ခဲ့ပါသည်၊ တိုးချဲ့လာသည့် ဖွဲ့စည်းပုံအင်အားနှင့်အညီ ဦးစီးဌာနချုပ်ရုံးအပြင် ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ရုံးများနှင့်ဝန်ထမ်းများ နေထိုင်နိုင်ရေးအိမ်ရာများလည်း တိုးချဲ့ဆောက်လုပ်နိုင်ခဲ့ပြီး ဆောက်လုပ်ဆဲလည်း ဖြစ်ပါသည်။
ဦးစီးဌာနအကြီးအကဲအဆက်ဆက်၏ အမြော်အမြင်ကြီးမားမှု၊ စေတနာကောင်းမွန်မှု၊ ဌာနနှင့် ဝန်ထမ်းများအပေါ် သံယောဇဉ်ကြီးမှု၊ လက်အောက်ဝန်ထမ်းများ၏ ဌာနကြီးလူရိုသေရှင်ရိုသေအဖြစ် နိုင်ငံတော်နှင့် ပြည်သူများက ယုံကြည်ကိုးစားအားထားလာစေရေး ဦ:စီးဌာနအကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ မနေမနားအားထုတ်ကြိုးစားမှု၊ မီးကုန်ယမ်းကုန်ကြိုးစားအားထုတ်လုပ်ကိုင်ခဲ့ကြပြီး မလွန်ဆန်နိုင်သည့် သဘာဝတရားအရ အငြိမ်းစားယူသွားကြရသော်လည်း ထုထည်ကြီးမားသည့်သံယောဇဉ်ကြောင့် ပြင်ပမှဝိုင်းဝန်းပံ့ပိုးအားကောင်းလွန်းသည့်အငြိမ်းစားဝန်ထမ်းကြီးငယ်များ၏ အထောက်အပံ့များကလည်း သန့်ရှင်းသည့်လေပြေအကြား အမွှေးရနံ့များသင်းပျံ့သည့် ဦးစီးဌာနအဖြစ် (၆၆) နှစ်ပြည့်သည့်တိုင်ရပ်တည်စေခဲ့ပေသည်၊ ကျွဲရိုင်းတို့မည်သည် အန္တရာယ်ပြုမည့်အရောင်သွေးကိုမြင်က ချိုအစုံကိုအစွမ်းကုန်ဖွင့်၍ တိုးဝှေ့သကဲ့သို့နိုင်ငံနှင့်ပြည်သူအကျိုးနစ်နာသည့်၊ နစ်နာရမည့်အရေအတွက် စသုံးလုံး တို့သည် အစွမ်းရှိသမျှ တက်စုံရွက်ကုန်ဖွင့်၍ ဆင်ခြင်၍၊ မြော်မြင်၍၊ စာနာ၍၊ ဆထက်ထမ်းပိုးကြိုးစားနေကြလိမ်းဦးမည်၊ စံပယ်တို့၏ရနံ့သည် လေထက်လေညာဆက်လက်မွှေးပျံ့နေလေဦးမည်ဖြစ်သည်။