(၆၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အမှတ်တရ ဆောင်းပါး

စွမ်းရည် စွမ်းအား စွမ်းပကားများ အစဉ်ပြည့်နေဖို့
ပြည်ထဲရေးဝန်ကြီးဌာနသည် ၁၉၅၁ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် အမိန့်အမှတ် ၁၄၂/အိပ်ချ်-စီ ၅၁ ဖြင့် အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေအရ အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနကို ဖွဲ့စည်းခဲ့ပါသည်။
အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနတို့မှ အရာရှိများသည် ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဂတိများ သို့မလိုက် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ကျေကုန်အောင် ထမ်းရွက်ပါမည်ဟု လေးနက် တည်ကြည် မှန်ကန်စွာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
ထို့အပြင် – သစ္စံ ၊ ဓမ္မော ၊ ဓိတိ ၊ စာဂေါ ၊ ဇေယျော ဟု အဓိဌာန်ခဲ့သည် သာမက ဌာနဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် လက်စွဲဥပဒေကိုလည်း ပြဌာန်းခဲ့သည်၊ အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ် ဆေးရေးဌာနအက်ဥပဒေ၊ လက်စွဲ ဥပဒေတို့၏ ဘောင်အတွင်းမှ စုံစမ်းစစ်ဆေးခြင်း၊ ဌာနတွင်းဥပဒေအကြံပေးခြင်း၊ တရားစွဲတင်ခြင်းနှင့်တရားရုံးအမှုလိုက်ပါဆောင်ရွက်ခြင်း၊ သတင်းထောက်လှမ်း စုဆောင်းတင်ပြခြင်းစသည့် အဓိကလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ပါလီမန်ဒီမိုကရေစီခေတ် ဆောင်ရွက်ချက် (၁၉၅၁- ၁၉၅၈)
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ပါလီမန်ဒီမိုကရေစီခေတ်တွင် ဓာတ်ခဲများအတွင်း ရွှေချောင်းများ ထည့်သွင်းလာမှု၊ ငွေလွှဲလက်မှတ်အတု ဖြင့်ငွေများလိမ်လည်ထုတ်ယူမှု၊ အခွန်တိမ်းရှောင်မှု၊ ပြည်ပပို့ ကြေးနန်းများတွင် တံဆိပ်ခေါင်းမကပ်ဘဲ ငွေအလွဲသုံးမှု၊ တရားမဝင်ငွေများဖြင့် ရွှေချောင်းများ ခိုးသွင်းမှု၊ နိုင်ငံပိုင် ကျွန်းသစ်များ ခိုးခုတ်မှု၊ ပြည်တွင်း ရေကြောင်းပိုင် သင်္ဘောများ၏ မသမာမှု၊ တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မှု၊ နိုင်ငံပိုင် နိုင်ငံခြားငွေများဖြင့် စိန်များတင်သွင်းမှုများကို စုံစမ်းစစ်ဆေးအရေးယူ ခဲ့သည်။

အိမ်စောင့်အစိုးရလက်ထက် ဆောင်ရွက်ချက်( ၁၉၅၈-၁၉၆၂)
အိမ်စောင့်အစိုးရလက်ထက်တွင် စွန့်စားမှု (Bravery) ၊ စေတနာရှိမှု (Sincerety)၊ စာရိတ္တကြံ့ခိုင်မှု (Integrity) တို့ကြောင့် လုပ်ငန်းများ ပိုမိုအောင်မြင်ခဲ့ပြီး ကုန်ဈေးနှုန်း ကျဆင်းရေးလုပ်ငန်းတွင် ပါဝင်ခဲ့ခြင်း၊ စီးပွားရေးသမားများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကျူးလွန်သည့် မသမာမှုများစစ်ဆေးခြင်း၊ သွင်းကုန်/ထုတ်ကုန် လိုင်စင်ထုတ်ပေးရေးအဖွဲ့၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့၊ မြူနီစီပါယ်အဖွဲ့၊ နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့များတွင် တွဲဖက်တာဝန် ထမ်းဆောင်ခဲ့ပါသည်။

တော်လှန်ရေးကောင်စီလက်ထက်ဆောင်ရွက်ချက် (၁၉၆၂- ၁၉၇၄)
တော်လှန်ရေးကောင်စီ လက်ထက်တွင် ချစ်တီးကုလားများက တောင်သူ လယ်သမား များအပေါ် မတရားငွေတိုးချပြီး ဂုတ်သွေးစုပ်မှု၊ မြန်မာပြည် ပုလဲငုပ်ခြင်းနှင့် မွေးမြူရေး ဆင်ဒီကိတ် တာဝန်ရှိသူများ၏ နိုင်ငံခြားငွေများ လိမ်လည်မှု၊ အမြတ်ခွန်နှင့် အကောက်ခွန် ငွေများ လိမ်လည်မှု၊ ဆန်စက်ပိုင်ရှင်အချို့နှင့် ဝန်ထမ်းများပူးပေါင်း ကျူးလွန်သည့်မသမာမှု၊ အစိုးရဝန်ထမ်းများထံ ချဉ်းကပ်သတင်းရယူကာ စီးပွားရေး ကမောက်ကမ ဖြစ်အောင် ဆောင်ရွက်မှု၊ ကုန်သွယ်ရေး ကော်ပိုရေးရှင်းပိုင် ငွေများကို ချက်လက်မှတ်အတုဖြင့် လိမ်လည် ထုတ်ယူမှု၊ ပုံနှိပ်တိုက် ပိုင်ရှင်များ၏ အမြတ်ခွန် တိမ်းရှောင်မှု၊ ကျောက်မျက်ရတနာများ ပြည်ပသို့ခိုးထုတ်ပြီး ရွှေချောင်းနှင့် ပစ္စည်းများခိုးသွင်းမှု၊ သတင်းစာ လောကတွင် ဖြစ်ပွားသည့် အထွေထွေ မသမာမှု၊ အခြေခံစားကုန်ဈေးနှုန်းများ အဆမတန် မြင့်မားအောင် လုပ်ဆောင်မှု၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြဌာန်းရေး လုပ်ငန်းကို အနှောင့် အယှက်ပြုလုပ်မှုများကို စုံစမ်းစစ်ဆေး အရေးယူနိုင်ခဲ့ပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဆောင်ရွက်ချက်(၁၉၇၄-၁၉၈၈)
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာများကို ဒေသ အာဏာပိုင်များနှင့် ကုန်သည်များပူးပေါင်း၍ ပြည်ပသို့ခိုးထုတ်မှု၊ ပါတီအရှိန် အဝါကိုသုံးပြီး ကိုယ်ကျိုးရှာမှု၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးအတွက် ကူညီထောက်ပံ့ထားသည့် ငွေနှင့်ပစ္စည်းများ အလွဲသုံးစား ပြုလုပ်မှု၊ ရွှေချက်လုပ်ငန်းရှင်များနှင့် ရွှေမှောင်ခိုများက ကိုယ်ပိုင်တံဆိပ်များပြုလုပ်၍ ပြည်ပခိုးထုတ်မှု၊ ရွှေဈေးကို အကြောင်းပြု၍ စားသောက်ကုန်ဈေးနှုန်းများလိုက်ပါ မြင့်တက်အောင် ပြုလုပ်မှု၊ ရွှေချောင်းများ တရားမဝင်တင်ပို့ပြီး မှောင်ခိုကုန်များ တင်သွင်းသိုလှောင်မှု၊ လေကြောင်းဝန်ထမ်းများ၏ မသမာမှု၊ နိုင်ငံပိုင် ရေနံစိမ်းများ ခိုးယူရောင်းချမှု၊ တရုတ်နိုင်ငံသို့တင်ပို့သည့် ဆန်များ လျော့နည်းပျောက်ဆုံးမှု၊ မြန်မာ့ရေပိုင်နက်မှ ငါးများ ခိုးဖမ်းရောင်းချမှုတို့ကို စုံစမ်းစစ်ဆေး အရေးယူခဲ့ပါသည်။
ဦးစီးဌာန၏ စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများမှာ တရားမျှတမှုနှင့် ဖြစ်ရပ်မှန်ကို ဖော်ထုတ်ခြင်း ဖြစ်ပါကြောင်း သိရှိနိုင်စေရန် “စုံစမ်းခြင်းသည် အမှန်တရားကို ရှာဖွေခြင်း ဖြစ်သည်” ဟူသည့် ဆောင်ပုဒ်ကို ချိတ်ဆွဲခဲ့ပါသည်။

တပ်မတော်အစိုးရလက်ထက်ဆောင်ရွက်ချက် (၁၉၈၈- ၂၀၁၀)
တပ်မတော် အစိုးရလက်ထက်တွင် မလေးရှားသံအမတ်ကြီး အမည်သုံး၍ စာရွက်စာတမ်း အတုများဖြင့် လိမ်လည်မှု၊ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသံရုံး အမည်သုံး၍ ကုန်သေတ္တာများကို တရားမဝင်ထုတ်ယူရန် ကြိုးပမ်းမှု၊ မိုးကုတ်ဒေသထွက် ကျောက်မျက် ရတနာနှင့် ပတ္တမြားများကို ပြည်ပသို့ တရားမဝင် ခိုးထုတ်မှု (နဝတပတ္တမြားအမှု)၊ ရွှေချောင်းများ တရားမဝင် တင်သွင်းမှု၊ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ ပူးပေါင်း မသမာပြုလုပ်မှု၊ ပိုလျှံဘတ်ဂျက် ခွင့်ပြုငွေများ ပြန်မအပ်မှု၊ ဘဏ်ဝန်ထမ်းများ အလွဲသုံးစားမှု၊ CDMA(Fixed) ဖုန်းများကို CDMA(Mobile) ဖုန်းများအဖြစ် အခကြေးငွေရယူကာ တရားမဝင် ပြောင်းပေးမှု၊ စားအုန်းဆီများ တရားမဝင်တင်သွင်းမှု၊ ရေနံစိမ်းများ ခိုးထုတ်သယ်ဆောင်မှု၊ မြန်မာအမျိုးသမီးများကို ပြည်ပသို့ တရားမဝင် ထွက်ခွာစေမှု၊ နယ်စပ်ဒေသ ကွပ်ကဲမှုအဖွဲ့ရုံးနှင့် အကောက်ခွန်ဝန်ထမ်းများ၏ မသမာမှုတို့ကို စုံစမ်းစစ်ဆေး အရေးယူနိုင်ခဲ့ပါသည်။

အရပ်သားအစိုးရလက်ထက်ဆောင်ရွက်ချက် (၂၀၁၁-၂၀၁၅)
အရပ်သားအစိုးရ တက်လာသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ပြည်ပမှ တယ်လီဖုန်း အဝင်ခေါ်ဆိုမှု (Incoming Call) များကို Voice Over Internet Production (VOIP) စနစ်အသုံးပြု၍ ပြည်တွင်းခေါ်ခိုမှု (Local Call)အဖြစ် တရားမဝင် နည်းလမ်းဖြင့် ပြောင်းလဲ ဆက်သွယ်ခြင်းကြောင့် နိုင်ငံတော်၏ အခွန်ငွေများ ဆုံးရှုံးနစ်နာမှု၊ ဒေသဖွံ့ဖြိုးရေးရန်ပုံ ငွေအကြောင်းပြကာ မြေကွက်များ မတရားရယူ ပိုင်ဆိုင်ထားမှု၊ အိမ်၊ ခြံမြေများ ဝယ်ယူ၍ ဈေးကစားမှုများကို စုံစမ်းစစ်ဆေးအရေးယူနိုင်ခဲ့ပါသည်။
လက်ရှိအစိုးရလက်ထက်ဆောင်ရွက်ချက်
ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှု၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအငြင်းပွားမှု၊ ဆေးဝါးများ သိုလှောင် အတုပြုလုပ်မှု၊ ပြည်ပထုတ် လူသုံးကုန် ပစ္စည်းအချို့ကို အတုထုတ်လုပ် ရောင်းချမှု၊ ကျွဲ နွား မှောင်ခို ရောင်းဝယ်သူများက ပြင်ပမှောင်ခို လမ်းကြောင်းမှ သယ်ယူရောင်းချမှု၊ အစိုးရဌာနများ၏ စာတမ်းအမှတ် အသားများအား လိမ်လည်အတုပြုလုပ်မှု၊ နိုင်ငံခြား သင်္ဘောလိုက်ခွင့်လက်မှတ် (CDC စာအုပ်) အတုပြုလုပ် လိမ်လည်မှု၊ အထူးကုန်စည် ခွန်မဆောင်ဘဲ အရက်များ ဈေးကွက် ဖြန့်ဖြူးမှု၊ ပြည်ပနိုင်ငံများတွင် အလုပ်အကိုင် ရရှိမည်ဆိုကာ ငွေကြေးလိမ်လည်မှု၊ လိုင်စင်မဲ့အရက်ပြန်များ ထုတ်လုပ် ရောင်းချမှု၊ မြေဂရန် အတုများသုံး၍ မြေကွက်လိမ်လည်ပေါင်နှံမှု၊ စာရွက်စာတမ်းအတုများဖြင့် မြေကွက်များ လိမ်လည် ရောင်းချမှု၊ Mobile Application သုံး၍ ပြည်သူများအား အစုရှယ်ယာများ လိမ်လည်ရောင်းချမှု၊ နိုင်ငံခြားသားများ ပြည်တွင်း၌ နေထိုင်ခွင့်ရရှိရေး ဗီဇာ သက်တမ်းတိုးနိုင်ရန် ရုံးစာအတုများ ပြုလုပ်မှု၊ ဆင့်ပွားကွန်ရက် ချိတ်ဆက် ရောင်းဝယ်သည့်စနစ် (MLM)အရ လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအချို့၏ ကျင့်ဝတ်ဖောက်ဖျက်မှု၊ Bit coin အပါအဝင် လျှို့ဝှက်ငွေကြေး (Crypto currency) များကို onlineမှ ကိန်းဂဏန်းတစ်ခု သတ်မှတ်၍ တရားမဝင် ရောင်းဝယ်မှုတို့ကို စုံစမ်းစစ်ဆေးခဲ့ပါသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က တာဝန်ပေးအပ်သည့် ငွေကြေးခဝါချမှုများ၊ သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုများကိုလည်း စုံစမ်းစစ်ဆေး အရေးယူလျက်ရှိသည်၊ အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (APG)၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်ခြင်း၊ လုပ်ငန်းစဉ်အောင်မြင်မှု များရရှိရေး ဌာနအရာရှိများက ပါဝင်ဆောင်ရွက်လျက်ရှိပါသည်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက်လျက်ရှိသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ တွင်လည်း ဦးစီးဌာန ကျွမ်းကျင် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။
လတ်တလောချမှတ်ထားသည့်ရည်မှန်းချက်များနှင့်ဆောင်ရွက်လျက်ရှိသော အဓိကလုပ်ငန်းများ
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် လတ်တလောတွင် ပြောင်းလဲလာသောခေတ် စနစ်နှင့်အညီ စီးပွားရေးဆိုင်ရာပြစ်မှုများ စုံစမ်းဖော်ထုတ်အရေးယူရေး၊ ဝန်ထမ်းမသမာမှု များကို စုံစမ်းဖော်ထုတ် အရေးယူရေး၊ နိုင်ငံတော်လုံခြုံရေး သတင်းများ စုဆောင်းတင်ပြရေး၊ ပြည်သူ့ အကျိုးပြု ဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်များအဖြစ် ချမှတ်ထားပြီး စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ဥပဒေအကြံပေးခြင်း၊ တရားစွဲ တင်ပို့ခြင်းနှင့် တရားရုံးအမှုလိုက်ပါခြင်း၊ သတင်းများစုဆောင်း တင်ပြခြင်း၊ လုံခြုံရေးပူးပေါင်း ဆောင်ရွက်ခြင်း စသည့် အဓိကလုပ်ငန်း တာဝန်များကို တည်ဆဲဥပဒေများ နှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။
အစိုးရဌာနများတွင် အကြီးအကဲနှင့် ဝန်ထမ်းအဖြစ် ခန့်ထားမည့်သူများ၊ ပြည်ပသို့ ပညာတော်သင် သွားရောက်မည့်သူများ၊ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ၊ ပြည်ပြန် ဝင်ခွင့်ဗီဇာ လျှောက်ထားသူများ၊ သက်တမ်းတိုး လျှောက်ထားသည့် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်ခဲ့ဘူးခြင်း ရှိ/မရှိ၊ အခွန်အကြေ ထမ်းဆောင်မှု ရှိ/မရှိ စိစစ် လျက်ရှိပါသည်။
ဦးစီးဌာနချုပ်ရုံးရှိ ဥပဒေဌာနစုသည် ဌာနတွင်း ဥပဒေအကြံပေး သုံးသပ်ခြင်းအပြင် လွှတ်တော်များက ပြင်ဆင်ပြဌာန်းမည့် ဥပဒေများ၊ နည်းဥပဒေများ၊ ဝန်ကြီးဌာနများက တင်သွင်းသည့်ဥပဒေ (မူကြမ်း)၊ နည်းဥပဒေ (မူကြမ်း)များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိ သုံးသပ်ခြင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန အောက်ရှိ တပ်ဖွဲ့နှင့် ဦးစီးဌာနများ၊ အခြားဝန်ကြီး ဌာနနှင့်အဖွဲ့များက ကျင့်သုံးနေသည့် ဥပဒေများ၊ အသစ်ပြဌာန်းမည့် ဥပဒေ၊ နည်းဥပဒေများမှာ လက်တွေ့ အခြေအနေနှင့် ဆီလျော်စည်းနှောင်မှု ရှိ/မရှိ၊ အများပြည်သူ လက်ခံလိုက်နာ နိုင်မှုရှိ/မရှိတို့ကို သုံးသပ်ခြင်းတို့ကို စိစစ်ဆောင်ရွက်ပြီး သဘောထား မှတ်ချက်များ၊ အကြံပြုချက်များ ပေးပို့လျက်ရှိပါသည်၊ လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းလျက်ရှိသော အဆိုနှင့် မေးခွန်းအချို့ကိုလည်း ဖြေကြား၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြုစုတင်ပြပေးပို့ လျက်ရှိသည်၊ လက်ရှိတွင် ဥပဒေနှင့် အကျိုးဆောင်ဌာန ညွှန်ကြားရေးမှူး သည် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့တွင် အဖွဲ့ဝင် အဖြစ်ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။
ဦးစီးဌာန အကြီးအကဲများသည် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှုကို ခံယူကာ လုပ်ငန်းတာဝန်များအပြင် ဌာနဝင်ဝန်ထမ်းများ သတ်မှတ်ရာထူး ကာလပြည့်ပါက တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ရရှိရေး၊ ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ အမှုဆောင် ဝန်ထမ်းများသည် (၂၄)နာရီ တာဝန် ထမ်းဆောင်ရသည့် ဝန်ထမ်းများဖြစ်၍ အခြားတပ်ဖွဲ့နှင့်ဌာနများနည်းတူ ရိက္ခာငွေခံစားနိုင်ရေး၊ တိုးချဲ့လာသည့် ဝန်ထမ်းအင်အားနှင့်အညီ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် မိသားစုဝင်များ အတူတကွ နေထိုင်နိုင်စေရန် ရုံးအဆောက်အအုံနှင့် ဝန်ထမ်း အိမ်ရာများ တိုးချဲ့ ဆောက်လုပ်နိုင်ရေး၊ မိသားစုလူမှုရေး အခက်အခဲများ ပြေလည်စေရန် တစ်နှစ်လျှင် (၂)ကြိမ် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် ရယူကာပြောင်းရွေ့နိုင်ရေးတို့ကို စေတနာ အပြည့်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်၊ အမှုဆောင်ဝန်ထမ်းများ၏ တူညီဝတ်စုံတွင် တပ်ဖွဲ့ အသွင်ဆောင်သည့် ဦးစီးဌာန အဆင့်အတန်းနှင့် လျော်ညီသော ရာထူးအဆင့် တံဆိပ်များ၊ ဦးစီးဌာန အမှတ်အသား တံဆိပ်များကိုလည်း တပ်ဆင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပါသည်။

စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီ
ဦးစီးဌာနမှ ဝန်ထမ်းများအား ဗဟိုဝန်ထမ်းတက္ကသိုလ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့မှဖွင့်လှစ် သည့် သင်တန်းများ၊ ပြည်ပသင်တန်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ လာရောက်ပို့ချသည့် သင်တန်းများသို့ စေလွှတ်လျက် ရှိသည့်အပြင် လုပ်ငန်းစွမ်းရည် မြင့်မားတိုးတက်စေရေး၊ ခေတ်စနစ်နှင့်အညီ တိုးတက် ကျယ်ပြန့်လာသည့် စုံစမ်းစစ်ဆေးမှု နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပေးနိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး တို့ရည်ရွယ်၍ တောင်ငူမြို့ရှိ ဦးစီးဌာနရုံးဟောင်း နေရာတွင် ‘စုံစမ်းစစ်ဆေးမှု အတတ်ပညာ သင်ကျောင်း’ ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မတ်လ မှစ၍ သင်တန်းများ ပို့ချပေး နိုင်နေပြီဖြစ်ပါသည်။
ဦးစီးဌာနဝင် ဝန်ထမ်းများအနေဖြင့် ဌာနကြီးစတင် ဖွဲ့စည်းစဉ်ကတည်းက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရသကဲ့သို့ မျက်မှောက်တွင်လည်း ကတိသစ္စာမပျက် စိတ်ဓာတ် ခိုင်မာစွာရပ်တည် ဆောင်ရွက်နိုင်ကြစေရန် သစ္စာလေးချက် ရွတ်ဆို၍ နိုင်ငံတော်အလံအောက်တွင် နေ့စဉ်သစ္စာပြု လျက်ရှိသည်။
ဦးစီးဌာနကြီး၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှန်ကန်မှုကြောင့် အစိုးရအဆက်ဆက်၏ ယုံကြည် အားကိုးမှု ရခဲ့သည့်အပြင် ပြည်သူအများအကြား လူရိုသေ ရှင်ရိုသေ အဖွဲ့ကြီးအဖြစ် ယနေ့တိုင် ရပ်တည် နိုင်လျက် ရှိပါသည်၊ မျိုးဆက်သစ် ဌာနဝင်များ အနေဖြင့်လည်း ဌာနကြီး အစဉ်အလာမပျက် ရေရှည်ရပ်တည် နိုင်စေရန် တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားလာစေရေး၊ အဖွဲ့အစည်း၏ စွမ်းအားများ ကြီးမားတိုးတက် လာစေရေး၊ ဌာနဝင်အချင်းချင်း စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရာမှ အောင်မြင်မှုများ ဆတိုးရစေမည့် စွမ်းပကားများ ဖွံ့ဖြိုးလာစေရေး အစဉ်သတိချပ်ကြိုးပမ်း နေကြရန် လိုအပ်မည်ဖြစ်သည်။
#သန်းထွဋ်ဝင်း