အမေရိကန်ပြည်ထောင်စု၌ လေးပုံတစ်ပုံခန့်ရှိသောအစိုးရလုပ်ငန်းများ ရပ်တန့်နေစဉ်ကာလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ(၆)လတာကာလအတွင်း အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလျက်ရှိမှု

အမေရိကန် – မက္ကဆီကို နယ်စပ်တံတိုင်းဆောက်လုပ်ရေးအတွက် သမ္မတဒေါ်နယ်ထရန့် တောင်းဆိုသော အမေရိကန်ဒေါ်လာ(၅)ဘီလီယံနှင့်ပတ်သက်၍  အမေရိကန်ကွန်ကရက်လွှတ်တော် က ဆုံးဖြတ်ခွင့်ပြုပေးနိုင်ခြင်းမရှိခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်မှစ၍ (Partial US Government Shutdown) အမေရိကန်ပြည်ထောင်စု၏ လေးပုံတစ်ပုံခန့်ရှိသော အစိုးရလုပ်ငန်း များရပ်ဆိုင်းသွားခဲ့ပြီးနောက် ယခု ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်တွင် Government Shutdown ကာလမှာ ရက်ပေါင်း(၁၁)ရက်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဆိုပါကာလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၆)လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Government Shutdown  ဖြစ်ပေါ်နေသည့်အတွက် အစိုးရဝန်ထမ်းများ၏ လုပ်ငန်း တာဝန်များရပ်တန့်နေခြင်း၊ ၎င်းတို့အား လုပ်ခလစာထုတ်ပေးမှုများ ရပ်တန့်လျက်ရှိခြင်း၊ နိုင်ငံပိုင် အမျိုးသားပန်းခြံများပိတ်ထားရခြင်း၊ အစိုးရချေးငွေထုတ်ပေးမှုများ ရပ်ထားရခြင်း၊ အခွန်ပြန်အမ်း ငွေ(Tax Refunds) ထုတ်ပေးမှုများ နှောင့်နှေးသွားခြင်း အစရှိသည်တို့အပါအဝင် အခြားဆိုးကျိုး သက်ရောက်မှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့သော် Government Shutdown ဖြစ်ပေါ်ခဲ့ သည့် မက္ကဆီကိုတံတိုင်းကိစ္စအား ယခုရက်သတ္တပတ်အတွင်း ဖြေရှင်းနိုင်မည်ဆိုပါက အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးအခြေအနေအပေါ် ဆိုးကျိုးသက်ရောက်မှု ကြီးကြီးမားမားဖြစ်ပေါ်လာ ဖွယ်မရှိသော်လည်း ယခု ဇန်နဝါရီလကျော်လွန်သည်အထိ နယ်စပ်တံတိုင်းကိစ္စပြေလည်မှုမရှိပါက သိသာထင်ရှားသော ဆုံးရှုံးမှုများကြုံတွေ့လာရဖွယ်ရှိကြောင်း၊ အစိုးရဝန်ထမ်းများက လုပ်ခလစာ မရရှိသည့်အတွက် ငွေကြေးသုံးစွဲမှုများကိုလျှော့ချခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုနှုန်း ကို ထိခိုက်လာဖွယ်ရှိခြင်း၊ အမျိုးသားပန်းခြံများပိတ်ထားရသည့်အတွက် ယင်းပန်းခြံများအနီး ဖွင့်လှစ်ထားသည့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၏ရောင်းအားကျဆင်းဖွယ်ရှိခြင်း၊  အသေးစား စီးပွားရေးလုပ်ငန်းများနှင့် အိမ်ရာဝယ်ယူလိုသူများ၏ အစိုးရထံချေးငွေလျှောက်ထားမှုများမှာ လည်း ကြန့်ကြာဦးမည့်အနေအထားတွင်ရှိခြင်း အစရှိသည့်အခြေအနေများသည် Government Shutdown ကာလကြာရှည်လာသည်နှင့်အမျှ တိုး၍တိုး၍ဖြစ်ပေါ်လာမည်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို နှောင့်နှေးစေနိုင်ကြောင်း၊ ယခုဇန်နဝါရီလကုန်ပိုင်းအထိ Government Shutdown ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက အမေရိကန်ဒေါ်လာ(၈.၇)ဘီလီယံဖိုးခန့်ရှိသည့် တိုင်းပြည်၏ GDP ပမာဏကို ဆုံးရှုံးသွားရဖွယ်ရှိသည်ဟူသော စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်များနှင့် အတူ ရင်းနှီးမြှုပ်နှံသူများသည် ရွှေကိုပိုမိုဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြသည့်အတွက် ကမ္ဘာ့ ရွှေဈေးနှုန်းမှာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်တွင် နယူးယောက်ဈေးကွက်၌ ဖေဖော်ဝါရီလအတွက် ရွှေကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၂၈၁.၃၀)ဖြင့် ဈေးပိတ် သွားခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် (၆)လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.reuters.com