၂၀၁၉ ခုနှစ်အတွင်း ဂျပန်ယန်းငွေတန်ဖိုးမှာ ဆက်လက်အားကောင်းဖွယ်ရှိသည်ဟု ငွေကြေးဈေးကွက် လေ့လာသူများကခန့်မှန်းထားမှု

၂၀၁၈ ခုနှစ် အတွင်း ဂျပန်ယန်းငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၂% ကျော် မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ဆက်လက်အားကောင်းဖွယ်ရှိသည်ဟု ငွေကြေး ဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်တွင် လန်ဒန်ဈေးကွက်၌ ဂျပန်ယန်းငွေတန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျှင်(၁၁၀.၀၄)ယန်း၌ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၂% ကျော်မြင့်တက်ခဲ့ကြောင်း၊  ၂၀၁၈ ခုနှစ်အတွင်း ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးနှင့် ၂၀၁၉ အီတလီဘတ်ဂျက်သတ်မှတ်ချက်အပေါ် ဥရောပသမဂ္ဂနှင့် အီတလီ နိုင်ငံတို့အကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ခြင်းတို့၏ဂယက်ကြောင့် စတာလင်ပေါင်တန်ဖိုး နှင့် ယူရိုငွေကြေးတန်ဖိုးများမှာ ယိမ်းယိုင်အားပျော့မှုများဖြစ်ပေါ်ခဲ့ခြင်း၊ အမေရိကန်- တရုတ် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ကမောက်ကမဖြစ်ပေါ်ခဲ့ခြင်း တို့ကိုအကြောင်းပြု၍ ဂျပန်ယန်းငွေတန်ဖိုး မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ လေးပုံတစ်ပုံခန့်ရှိသော အစိုးရလုပ်ငန်းများ ရပ်တန့်နေခြင်းအပါအဝင် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများဖြစ်ပေါ်နေခြင်း၊ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးနှင့် ပတ်သက်၍ ရေရာသေချာမှုများ မရှိသေးခြင်းနှင့် လက်ရှိကမ္ဘာ့ရေနံဈေးနှုန်းများ အားပျော့နေခြင်း အစရှိသည့် အခြေအနေများနှင့်ဆက်နွယ်ကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု မသေချာမရေရာမှုများ ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာကို အများအပြားစုဆောင်းခြင်းမပြုဘဲ ဂျပန် ယန်းငွေအား ဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာဖွယ်ရှိသည့်အတွက် ဂျပန်ယန်းငွေတန်ဖိုးမှာ ၂၀၁၉ ခုနှစ်တွင် ဆက်လက်အားကောင်းနေဖွယ်ရှိသည်ဟု ငွေကြေးဈေးကွက်လေ့လာသူများက ခန့်မှန်း ထားကြကြောင်း သိရှိရပါသည်။

ငွေကြေးဈေးကွက်လေ့လာသူများ၏ ခန့်မှန်းချက်များအရ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဂျပန်ယန်းငွေတန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျှင် (၁၀၉)ယန်းနှင့် (၁၀၇)ယန်း လဲလှယ်မှုနှုန်း ဝန်းကျင်တို့၌ ဖြစ်ပေါ်လာဖွယ်ရှိသည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.bloomberg.com