တူရကီနိုင်ငံသည် တောင်အာရှဒေသအတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်စေရန်ရည်ရွယ်၍   ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိအစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်း(JIB)နှင့်  ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့ (ARSA)တို့အား ငွေကြေးနှင့်လက်နက်များကူညီထောက်ပံ့ပေးနေမှုများကို တိုးချဲ့ပြုလုပ်ရန်စီစဉ် လျက်ရှိမှု

တူရကီသမ္မတရီစပ်တေရစ်အာဒိုဂန်ဦးဆောင်သည့် တရားမျှတရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (AKP) သည် တောင်အာရှဒေသအတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ဘာသာ ရေးစစ်ပွဲ (ဂျီဟက်) တိုးချဲ့လုပ်ဆောင်နိုင်စေရန်စစ်သွေးကြွအဖွဲ့များဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်း (Jamaat e Islami Bangladesh-JIB) နှင့် ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့(Arakan Rohingya Salvation Army-ARSA) တို့အား ငွေကြေးနှင့်လက်နက်များ ကူညီထောက်ပံ့ပေးနေမှုများကို တိုးချဲ့ပြုလုပ်ရန်စီစဉ်လျက်ရှိသည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်သူ အမေရိကန်ပြည်ထောင်စုအခြေစိုက် အကြီးတန်း ထောက်လှမ်းရေးသုတေသီ အက်ဘ်ဟာရှန်ကာ၏ သုံးသပ်ပြောကြားချက်အရသိရှိရပါသည်။

တူရကီသမ္မတအာဒိုဂန်သည် ၎င်း၏ရည်မှန်းချက်ဖြစ်သည့် မွတ်စလင်ကမ္ဘာအတွင်း အင်အားကြီးနိုင်ငံဖြစ်ရမည်ဟူသော မူဝါဒတစ်စိတ်တစ်ပိုင်းအဖြစ်  Jamaat e Islami(JI) သောင်းကျန်းသူ အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေရုံသာမက ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့ (ARSA) အဖွဲ့ဝင်များအတွက်ပါ ငွေကြေးနှင့်အခြားလိုအပ်သည့်ကူညီထောက်ပံ့မှုများကိုလည်း တိုးမြှင့်လုပ်ဆောင် ပေးရန်စီစဉ်လျက်ရှိခြင်းဖြစ်ကြောင်း၊ တူရကီနိုင်ငံသည် မွတ်စလင်ညီနှောင်အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်ရေးနှင့်ပတ်သက်၍ ခိုင်မာစွာရပ်တည်ပေးလျက်ရှိပြီး အဆိုပါသမ္မတအာဒိုဂန် ဦးဆောင်သည့် AKP ပါတီ၏ အစ္စလာမ်အခြေပြုမူဝါဒတိုးတက်ရေးအစီအစဉ်တွင်  JI အဖွဲ့အနေ ဖြင့် သိသာထင်ရှားသည့်အခန်းကဏ္ဍမှပါဝင် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထို့ပြင်ကမ္ဘာလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးတွင် တူရကီနိုင်ငံမှဦးဆောင်ဦးရွက်ပြုနိုင်ရန် JI အဖွဲ့မှထောက်ခံပေး မှုများပြုလုပ်လျက်ရှိကာမွတ်စလင်ကမ္ဘာ၏ ခေါင်းဆောင်တစ်ဦးအဖြစ်သတ်မှတ်ထားကြကြောင်း၊ ထို့ကြောင့်အနာဂါတ်တွင်တူရကီနိုင်ငံမှ AKP အစ္စလာမ်မစ်ပါတီသည် ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရှိ JI အဖွဲ့နှင့်ဆက်နွယ်လျက်ရှိသည့်အဖွဲ့အစည်းများနှင့် အခြားသောအစ္စလာမ်အရေး လှုပ်ရှားမှုများအပါအဝင် မြောက်အမေရိကအတွင်းအစ္စလာမ်မစ်အဖွဲ့အစည်းများအတွက်ပါ အဓိက ဦးဆောင်ဦးရွက်ပြုသည့် အခန်းကဏ္ဍတွင်ပါဝင်လာနိုင်သည်ဟုသိရှိရပါသည်။

ထို့ပြင် တူရကီနိုင်ငံမှ အကူအညီပေးရေးအဖွဲ့အစည်းများသည် ၂၀၁၇ ခုနှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများအတွင်း နေထိုင်လျက်ရှိသော ဘင်္ဂါလီကလေးငယ်(၃)သိန်းတို့၏ ပညာသင်ကြားရေးကိုအကြောင်းပြုကာ တူရကီနိုင်ငံ၏အထောက်အပံ့ဖြင့် ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် အစ္စလာမ်ဘာသာရေးဆိုင်ရာမူလတန်းကျောင်း (Maqtab) များကိုဖွင့်လှစ်ပေးခဲ့ကြောင်း၊ အဆိုပါ အစ္စလာမ်ဘာသာရေးကျောင်းများမှတစ်ဆင့် ဘာသာရေးမုန်းတီးမှုဝါဒနှင့် ဘာသာရေးစစ်ပွဲ(ဂျီဟက်ဝါဒ) များအား အနာဂါတ်ကာလတွင် ဂျီဟက်ဝါဒသို့ ဦးတည်နိုင်ရေးအတွက် ဘင်္ဂါလီကလေးငယ်များ၏ စိတ်အတွင်းသို့ အယူဝါဒသွတ်သွင်းခြင်းများ ကိုလုပ်ဆောင်လျက်ရှိကြကြောင်း၊ အဆိုပါဘာသာရေးကျောင်းများတွင် တူရကီနိုင်ငံမှ သင်ကြားရေး ဆရာများသည် ဘင်္ဂါလီကလေးငယ်များအား နာကြည်းမုန်းတီးမှုများအမြစ်တွယ်စေရန် အစ္စလာမ် ဘာသာရေးအားတိုက်ခိုက်ခံရမှုဖြစ်စဉ်များနှင့်ပတ်သက်၍  ဘာသာရေးဆိုင်ရာ ဇာတ်လမ်း/ပုံပြင် များကဲ့သို့ပြောဆိုကာ ဘင်္ဂါလီကလေးငယ်များအား လိမ္မာပါးနပ်စွာဖြင့်  အယူဝါဒများရိုက်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် အဆိုပါကိစ္စရပ်များ နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိပြီး ဘင်္ဂါလီဒုက္ခသည်စခန်းများအတွင်း နိုင်ငံတကာ NGO အဖွဲ့အစည်းများ၏လှုပ်ရှားသွားလာမှုများကို အထူးသတိထားစောင့်ကြည့်နေရခြင်းဖြစ် ကြောင်း၊ အဓိကအားဖြင့် မြန်မာနိုင်ငံအပေါ်မုန်းတီးမှုများဖြစ်ပေါ်စေရန် မြန်မာအာဏာပိုင်များအား အလ္လာ၏ရန်သူများအဖြစ် ဥပမာပေးခိုင်းနှိုင်းကာသင်ကြားပေးလျက်ရှိပြီး အစ္စလာမ်ဘာသာ အားဆန့်ကျင်နေမှုများရှုံးနိမ့်သွားသောအခါမှသာ ဘင်္ဂါလီများအနေဖြင့်ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့သည့် မြန်မာနိုင်ငံသို့ပြန်လည်သွားရောက်နေထိုင်နိုင်လိမ့်မည်ဟူသော အယူဝါဒများစွဲထင်စေရန်သင်ကြားပေးလျက်ရှိကြကြောင်း၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီကလေးငယ်များ၏ပညာသင်ကြားရေးသည် အဓိကပြဿနာတစ်ရပ်ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်စခန်းများမှ ကလေးငယ်များအတွက် တရားဝင်ပညာသင်ကြားရေးကိုပိတ်ပင်ထားခြင်းကြောင့် ယခုကဲ့သို့ ဘင်္ဂါလီကလေးငယ်များအနေဖြင့် အဆိုပါအယူဝါဒများသွတ်သွင်းခံနေရခြင်းဖြစ်သည်ဟုသိရှိရကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.weeklyblitz.net