အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံ၏ပြည်ပသို့ရေနံတင်ပို့မှုပမာဏမှာ ၄၀%ခန့်ကျဆင်းခဲ့မှု

အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံ၏ပြည်ပသို့ရေနံတင်ပို့မှုပမာဏမှာ ၄၀%ခန့်ကျဆင်းခဲ့မှု

ဗင်နီဇွဲလားနိုင်ငံ၌ အစိုးရအပြောင်းအလဲဖြစ်ပေါ်ရန်လိုလားလျက်ရှိသော အမေရိကန်အစိုးရသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်း Petroleos de Venezuela SA (PDVSA) အားအရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဗင်နီဇွဲလားနိုင်ငံ၏ ပြည်ပသို့ရေနံတင်ပို့မှုပမာဏမှာ ၄၀% ခန့်ကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

PDVSA မှ ယခုရက်ပိုင်းအတွင်းထုတ်ပြန်သည့် အစီရင်ခံစာအရ ဗင်နီဇွဲလားနိုင်ငံသည် လွန်ခဲ့သည့် (၃) လတာကာလအတွင်း တစ်နေ့လျှင် ရေနံစည်ပေါင်း အနည်းဆုံး(၁.၄၇) သန်းမှ အများဆုံး(၁.၆၆) သန်းအထိ နေ့စဉ် ပြည်ပသို့တင်ပို့လျက်ရှိရာ အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၈) ရက်မှစ၍ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင်မူ တစ်နေ့လျှင်ရေနံစည်ပေါင်း(၉.၂) သိန်းခန့်သာ ပြည်ပသို့တင်ပို့နိုင်တော့ရာနိုင်ငံ၏ပြည်ပသို့ ရေနံတင်ပို့မှုပမာဏမှာ ၄၀% ခန့်ကျဆင်းသွားခဲ့ခြင်းဖြစ်ပြီး အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့်စင်ကာပူနိုင်ငံများသို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံသည်ပြည်တွင်း၌ ရေနံစိမ်း တူးဖော်ထုတ်လုပ်ကာ ပြည်ပသို့တင်ပို့နေသည့်နိုင်ငံဖြစ်သော်လည်း ပြည်တွင်း၌အသုံးပြုရန်အတွက် ပြည်ပမှသန့်စင်ပြီးလောင်စာများကို ပြန်လည်တင်သွင်းနေရသည်ဖြစ်ရာ အမေရိကန်အစိုးရက ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်း PDVSA နှင့် ဘဏ္ဍာရေးကဏ္ဍအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကြောင့် အခက်အခဲများကြုံတွေ့လာခဲ့ရာ PDVSA သည် ရေနံစိမ်းနှင့် သန့်စင်ပြီး လောင်စာဆီများအား ဖလှယ်မှုပြုကာ ရေနံကုန်သွယ်လျက်ရှိပြီး ပြည်ပသို့ရေနံများ ဆက်လက်တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရှိရပါသည်။

PDVSA သည် လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း တစ်နေ့လျှင် လောင်စာဆီစည်ပေါင်း (၁.၆၅) သိန်းခန့်တင်သွင်းခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများထံမှ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုများသည်နိုင်ငံပိုင်ရေနံလုပ်ငန်း၏ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်မှုများကိုထိခိုက်စေခဲ့သည်ဟု ဗင်နီဇွဲလားနိုင်ငံရေနံဝန်ကြီး မန်နျူရယ်ကီဗီဒိုက ယခုရက်ပိုင်းအတွင်းပြောကြားခဲ့ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံသည် ယခုမတ်လအတွင်း ပြည်ပသို့ တစ်နေ့လျှင်ရေနံစည်ပေါင်း(၁) သန်းခန့် နေ့စဉ်တင်ပို့နိုင်ရန်ရည်မှန်းထားသည်ဟု www.reuters.com တွင်ဖော်ပြပါရှိပါသည်။