ထိုင်းရွေးကောက်ပွဲအတွင်း တပ်မတော်အားထောက်ခံသည့်ပါတီနှင့် သက်ဆင်အားထောက်ခံသည့် ပါတီတို့မှာ အားပြိုင်လျက်ရှိပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပဏာမ ရလဒ်အခြေအနေများအား ထုတ်ပြန်ကြေညာခြင်းမပြုရန် ဆုံးဖြတ်ခဲ့မှု
လူဦးရေ (၅၂) သန်းမှဆန္ဒမဲပေးကြသည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွင်း ထိုင်းတပ်မတော်အား ကျောထောက်နောက်ခံပြုသည့်ပါတီနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထောက်ခံသည့်ပါတီတို့ အားပြိုင်လျက်ရှိကြပြီး ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာ၏ ပယ်လန်း ပရာချာရက်ပါတီ (PPRP) မှ မဲအရေအတွက် (၇.၆၉) သန်းဖြင့် ဦးဆောင်လျက်ရှိကာ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် အားထောက်ခံသည့် ပွေထိုင်းပါတီမှ မဲအရေအတွက် (၇.၂၃) သန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်ဟု ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ဆန္ဒမဲအရေအတွက် ၉၅% အားရေတွက်ချက်အရသိရှိရကြောင်း၊ သို့သော် ထိုင်းရွေးကောက်ပွဲကော်မရှင်သည် တရားဝင် မဟုတ်သည့် အမတ်နေရာရရှိမှု ပဏာမရလဒ်အခြေအနေနှင့်ပတ်သက်၍ မတ်လ (၂၅) ရက် (တနင်္လာနေ့) နေ့လည်(၂) နာရီတွင်ထုတ်ပြန် ကြေညာရန် စီစဉ်ထားခဲ့ကြောင်း၊ သို့သော်ယင်းနေ့တွင်ပင် ထိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အစ်တီပွန်ဘွန်ပရာခွန်သည် မဲအရေအတွက်၏ ၉၅% အားရေတွက်မှုပြီးစီးခဲ့ပြီဖြစ်သော်လည်း ပဏာမရွေးကောက်ပွဲရလဒ်အခြေအနေနှင့်ပတ်သက်၍ တရားဝင်ရလဒ်အတိအကျသိရှိရသည့် နေ့ရက်မတိုင်မီအထိ ထုတ်ပြန်ကြေညာသွားတော့မည် မဟုတ်ဘဲ အဆိုပါအချိန်အတိုင်းအတာအတွင်း ဖြစ်ပေါ်လျက်ရှိသော အမတ်အရေအတွက်အား အတည်ပြုပေးမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
လက်ရှိထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုရွေးကောက်ပွဲအတွက် ဆန္ဒမဲခံယူနေခြင်းမှာ အောက်လွှတ်တော်အမတ်နေရာ(၅၀၀) အတွက် ရွေးကောက်တင်မြောက်ရန် ကျင်းပပြုလုပ်နေခြင်းဖြစ်ကြောင်း၊ အထက်လွှတ်တော်အမတ် (၂၅၀) နေရာအား ထိုင်းတပ်မတော်မှ ရွေးချယ်တင်မြှောက်သည့်ကိုယ်စားလှယ်များအား ခန့်အပ်ခဲ့ပြီးဖြစ်ရာ အဆိုပါဆန္ဒမဲအရေအတွက်အရ ထိုင်းတပ်မတော်နိုင်ငံရေးသည် အရပ်သားနိုင်ငံရေးအား လွှမ်းမိုးဖွယ်ရှိကြောင်း၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အားထောက်ခံသည့်ပွေထိုင်းပါတီအနေဖြင့် အစိုးရအဖွဲ့ ဖွဲ့လိုပါက အောက်လွှတ်တော်တွင် အမတ်နေရာ (၃၇၆) နေရာအား အနိုင်ရရှိရန်လိုအပ်သော်လည်း လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ အနေဖြင့်မူ အထက်လွှတ်တော်အမတ်နေရာ (၂၅၀) အသင့်ရှိပြီးဖြစ်သည့်အတွက် အောက်လွှတ်တော်အမတ်နေရာ (၁၂၆) နေရာ၌သာ အနိုင်ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် အောက်လွှတ်တော်အမတ်နေရာများ၌သာမက အထက်လွှတ်တော် (၂) ရပ်လုံးတွင် အသာစီးရကာ ၎င်းသည်သာလာမည့် ဝန်ကြီးချုပ်နေရာအား ဆက်လက်ဆက်ခံဖွယ်ရှိသည်ဟု သိရှိရပါသည်။
သတင်းမီဒီယာများမှတစ်ဆင့်ရရှိသည့် တရားဝင်မဟုတ်သည့် ရွေးကောက်ပွဲရလဒ်များအရ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိဒေသများသည် သက်ဆင်အားထောက်ခံသည့် ပွေထိုင်းပါတီအား လူကြိုက်များသည့်အတွက် မဲဆန္ဒနယ်အမတ်နေရာအများစုအား ပွေထိုင်းပါတီမှ နေရာအများအပြား၌အနိုင်ရရှိကာ ဦးဆောင်လျက်ရှိပြီး ထိုင်းအောက်လွှတ်တော်၏ အမတ်နေရာ (၅၀၀) အနက်မှ အမတ်နေရာ (၁၃၅) နေရာ၌လည်းကောင်း၊ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၏ ပယ်လန်းပရာချာရက်ပါတီ (PPRP) မှ အမတ်နေရာ (၁၁၇) နေရာ၌လည်းကောင်း၊ ထိုင်းတပ်မတော်အား အွန်လိုင်းတွင်ဝေဖန်ရေးသားခဲ့သည့် ပါတီသစ်တစ်ခုဖြစ်ပြီး လူငယ်နိုင်ငံရေးသမားဦးဆောင်သည့် Future Forward ပါတီမှ အမတ်နေရာ (၈၀) နေရာ၌လည်းကောင်း၊ အဘီဆစ်ဦးဆောင်သည့် ဒီမိုကရက်ပါတီမှ အမတ်နေရာ(၅၃)နေရာ၌လည်းကောင်း၊ ဘန်ဂျိုင်ထိုင်းပါတီမှ အမတ်နေရာ (၅၁) နေရာ၌လည်းကောင်း အသီးသီးရပ်တည်လျက်ရှိသည်ဟု သိရှိရပါသည်။
ထို့ပြင်ထိုင်းနိုင်ငံအတွင်း ဆန္ဒမဲဝယ်ယူသည့် သတင်းများထွက်ပေါ်လျက်ရှိပြီး ထိုင်းနိုင်ငံ၏ အချို့သော ပြည်နယ်များတွင် မဲအရေအတွက်ပိုလျှံမှုများဖြစ်ပေါ်လျက်ရှိကာ အဆိုပါဒေသများတွင် မဲဆန္ဒရှင်အရေအတွက်ထက် ဆန္ဒမဲအရေအတွက်မှာ ပိုမိုများပြားလျက်ရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပွေထိုင်းပါတီသည် ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားရန်သင့်/မသင့်နှင့် ပတ်သက်၍စဉ်းစားလျက်ရှိကာ ထိုသို့ ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ပဏာမရလဒ်ထုတ်ပြန် ကြေညာချက်နှောင့်နှေးနေခြင်းနှင့်ပတ်သက်၍ တပ်မတော်အား ထောက်ခံသည့်ပါတီအနေဖြင့် မဲအရေအတွက်အားဖြည့်တင်းနိုင်ရေးအတွက် အချိန်ဆွဲနေခြင်းသာဖြစ်သည်ဟုဝေဖန်လျက်ရှိကြောင်း၊ နိုင်ငံရေးလေ့လာသူများ၏သုံးသပ်ချက်အရ ယခုထိုင်းအထွေထွေရွေးကောက်ပွဲ၏ ထူးခြားချက်တစ်ရပ်မှာ ထိုင်းပြည်သူအများစုသည် ဝါရင့်နိုင်ငံရေးသမားကြီးများအပေါ် စိတ်ကုန်လျက်ရှိကြပြီး ပါတီအသစ်များအပေါ် ဆန္ဒမဲပေးမှုများပိုမိုပြုလုပ်လာကြသည့်အတွက် မြို့ကြီးများအားအခြေပြုကာ ဆန္ဒမဲခံယူသည့် နိုင်ငံရေးသမားများအနေဖြင့် အရေးနိမ့်မှုများနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း၊ သက်ဆင်အားထောက်ခံသည့် ပွေထိုင်းပါတီအနေဖြင့် ကျေးလက်တောရွာဒေသများအားအခြေပြု၍ ဆန္ဒမဲခံယူခြင်းဖြစ်သည့်အတွက် မဲအရေအတွက်ရရှိမှုနည်းပါးသော်လည်း မဲဆန္ဒနယ်အရေအတွက် သာလွန်ကာ အမတ်နေရာအများအပြားအား ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း www. reuters.com တွင်ဖော်ပြပါရှိပါသည်။