ထိုင်းနိုင်ငံမှ PTTEP နှင့် GPSC ကုမ္ပဏီကြီး(၂)ခုသည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်စီစဉ်လျက်ရှိ

ထိုင်းနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်သော PTT Exploration and Production Plc (PTTEP) သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Global Power Synergy Plc (GPSC) နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် မဂ္ဂါဝပ် (၆၀၀) ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရန်စီစဉ်လျက်ရှိပြီး အသေးစိတ်လေ့လာမှုများကို ပြုလုပ်ပြီးဖြစ်ကာ မြန်မာအစိုးရထံစက်ရုံတည်ဆောက်ခွင့်ပြုမိန့်ကို တောင်းခံထားသည်ဟု သိရှိရပါသည်။
PTTEP ၏ အမှုဆောင်ဒါရိုက်တာ ဖုန်စသွန်သာဗီဆင်ကပြောကြားရာ၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်အတွက် လိုအပ်သည့်ဓါတ်ငွေ့များကို PTTEP က မြန်မာနိုင်ငံအတွင်း လက်ရှိထုတ်လုပ်နေသည့် ဇောတိကလုပ်ကွက်နှင့် M 3 လုပ်ကွက်များမှရယူသွားမည် ဖြစ်ရာ အဆိုပါလုပ်ကွက်များ၌ ဓာတ်ငွေ့ထုတ်လုပ်မှုကို လက်ရှိပမာဏထက်တိုးမြှင့်ထုတ်လုပ် သွားရန်စီစဉ်ထားကြောင်း၊ ဇောတိကလုပ်ကွက်တွင် လက်ရှိအချိန်၌ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ (၂၉၀) သန်း ထုတ်လုပ်နေရာမှ (၄၀၀) သန်းအထိ ထုတ်လုပ်ရန်ရည်မှန်းထားပြီး M 3 လုပ်ကွက် တွင်လည်း တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ (၆၀) သန်းခန့် စတင်ထုတ်လုပ်နိုင်မည်ဖြစ်ရာ တိုးမြှင့်ထုတ်လုပ်မှုများသည် သဘာဝဓါတ်ငွေ့စက်ရုံသစ်၌ အသုံးပြုရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာအစိုးရထံမှ ခွင့်ပြုမိန့်ကိုစောင့်ဆိုင်းလျက်ရှိပြီး မကြာမီကာလအတွင်း ရရှိရန်မျှော်မှန်းထားကြောင်း၊ မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရရှိသည်နှင့်တစ်ပြိုင်နက် စက်ရုံတည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်းကို GPSC ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး စက်ရုံအတွက်လိုအပ်သည့် သဘာဝဓာတ်ငွေ့များကို PTTEP က ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
PTTEP ရေနံ နှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်ခွင့်ကို ကုန်းတွင်းပိုင်းနှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းလုပ်ကွက် (၆) ကွက် ရရှိထားကြောင်း၊ အဆိုပါ လုပ်ကွက်များမှာ ဇောတိက (အစုရှယ်ယာပါဝင်မှု ၈၀%)၊ ရဲတံခွန်(အစုရှယ်ယာပါဝင်မှု ၁၉.၃%)၊ ရတနာ (အစုရှယ်ယာပါဝင်မှု ၂၅.၅%) ၊ M3 (အစုရှယ်ယာပါဝင်မှု ၈၀%)၊ M11 (အစုရှယ်ယာပါဝင်မှု ၁၀၀%)၊ MD-7 (အစုရှယ်ယာပါဝင်မှု ၅၀%) တို့ဖြစ်ကြောင်း၊ PTTEP သည် အဆိုပါလုပ်ကွက်များမှ ရရှိသော သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ ပေးပို့လျက်ရှိကြောင်း www. bangkokpost.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။