၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း အိန္ဒိယရူပီးငွေနှင့် တရုတ်ယွမ်ငွေတို့မှာ တန်ဖိုးအကျဆုံးအာရှငွေကြေးများ အဖြစ်ရောက်ရှိခဲ့

၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း အိန္ဒိယရူပီးငွေနှင့်တရုတ်ယွမ်ငွေတို့မှာ တန်ဖိုးအကျဆုံးအာရှငွေကြေးများ အဖြစ်ရောက်ရှိခဲ့

          အိန္ဒိယနိုင်ငံသုံး ရူပီးငွေနှင့် တရုတ်နိုင်ငံသုံးယွမ်ငွေတို့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း တန်ဖိုးအကျဆင်းဆုံး အာရှငွေကြေးများအဖြစ် ရပ်တည်ခဲ့ကြောင်း၊ ယွမ်ငွေတန်ဖိုးသည် အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲ ဂယက်ကို အကြောင်းပြု၍ ဩဂုတ်လအတွင်း၌ ၃.၇% အထိကျဆင်းခဲ့ပြီး လက်ရှိအချိန်၌ အမေရိကန် တစ်ဒေါ်လာလျှင်တရုတ်နိုင်ငံသုံးယွမ်ငွေ (၇) ယွမ်အထက်လဲလှယ်မှုနှုန်းသို့ ရောက်ရှိနေရာ (၁၀) နှစ်ကျော် ကာလအတွင်း ယွမ်ငွေတန်ဖိုးအကျဆင်းဆုံး အနေအထားပင်ဖြစ်ကြောင်း သိရှိရပါသည်။ 

          တရုတ်ယွမ်ငွေတန်ဖိုးကျဆင်းနေချိန်တွင် အိန္ဒိယနိုင်ငံ၌လည်း နိုင်ငံအတွင်းရှိ စတော့ရှယ်ယာ ဈေးကွက်အတွင်းမှ အမေရိကန်ဒေါ်လာနှင့်ဆက်စပ်နေသည့် အရင်းအနှီးများ ပြည်ပသို့ပြန်လည် စီးထွက်သွားခြင်းနှင့် အိန္ဒိယနိုင်ငံ၌ ကုန်သွယ်ရေးလိုငွေပြမှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံသုံး ရူပီးငွေတန်ဖိုးမှာ ဩဂုတ်လအတွင်း၌ ၃.၆၅% ကျဆင်းခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသုံး ရူပီးငွေတန်ဖိုးသည် လက်ရှိအချိန်၌ အမေရိကန်တစ်ဒေါ်လာလျှင် (၇၁.၄၁) ရူပီးလဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်လျက်ရှိကြောင်း  သိရှိရပါသည်။

          အာရှစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ယွမ်ငွေတန်ဖိုးကျဆင်းမှုဂယက်သည် အိန္ဒိယနိုင်ငံသုံး ရူပီးငွေအပါအဝင် အာရှငွေကြေးများအပေါ်၌ ဖိအားသက်ရောက်မှုများစွာဖြစ်ပေါ်ခဲ့သဖြင့် ရူပီးငွေအပါအဝင် အာရှငွေကြေးအများစုမှာ တန်ဖိုးလိုက်ပါကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသုံးယွမ်ငွေနှင့် အိန္ဒိယနိုင်ငံသုံးရူပီးငွေအပြင် ဩဂုတ်လအတွင်း တန်ဖိုးကျဆင်းမှု အများဆုံးအာရှငွေကြေး (၆) ခုမှာ ဖိလစ်ပိုင်နိုင်ငံသုံးပီဆို (၂.၂၁%) ၊မလေးရှားနိုင်ငံသုံးရင်းဂစ်ငွေ (၁.၈၈%) ၊အင်ဒိုနီးရှားနိုင်ငံသုံးရူပီးယားငွေ (၁.၁၉%) ၊ထိုင်ဝမ်ဒေါ်လာ(၀.၉၇%) ၊စင်ကာပူဒေါ်လာ (၀.၉၃%) နှင့် ဟောင်ကောင်ဒေါ်လာ(၀.၁၇%) တို့ဖြစ်ကြောင်းဖော်ပြပါရှိပါသည်။