အမေရိကန်ကုန်ပစ္စည်းများကို ကမ္ဘာ့နိုင်ငံများမှ ဝယ်ယူမှုလျော့နည်းလာခြင်းနှင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးဂယက်များကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ရက်သတ္တပတ် (၂) ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့
အမေရိကန်ကုန်ပစ္စည်းများကို ကမ္ဘာ့နိုင်ငံများမှ ဝယ်ယူမှုလျော့နည်းလာခြင်းနှင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးဂယက်များကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ရက်သတ္တပတ် (၂) ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်ပြည်ထောင်စု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်၊(ကြာသပတေးနေ့)တွင် ထုတ်ပြန်သည့်အစီရင်ခံစာ၌ ကုန်သွယ်ရေးစစ်ပွဲအရှိန်ကြောင့် အမေရိကန်ကုန်ပစ္စည်းများကို ကမ္ဘာ့တစ်ဝန်းမှ မှာယူမှုများလျော့နည်းသွားခဲ့ရာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ၁.၁% အထိကျဆင်းခဲ့ပြီး ကုန်ပစ္စည်းမှာယူမှုစုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၄၈.၂) ဘီလီယံခန့်သာရှိခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ဇန်နဝါရီလ မှ စက်တင်ဘာလကုန်အထိ (၉) လတာကာလအတွင်း အမေရိကန်ကုန်စည်များအားအခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူသုံးစွဲမှုပမာဏသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀.၈%ကျဆင်းသွားခဲ့သည်ဟု ဖော်ပြထားရာ ယင်းအစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင် အမေရိကန်အစိုးရအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဈေးကွက်အတွင်း၌ ရွှေဝယ်ယူမှု ပြန်လည်များပြားလာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်သွားခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပမည့်အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကျဆင်းနေမှုကို ဖြေရှင်းနိုင်ရန်အတွက် ဘဏ်တိုးနှုန်းကို ထပ်မံလျှော့ချလိမ့်မည်ဟူသောသတင်းများ ထွက်ပေါ်နေခြင်းသည်လည်း ရွှေဝယ်လိုအားကို များပြားစေကာ ကမ္ဘာ့ရွှေဈေးနှုန်းကို အားကောင်းစေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်(သောကြာနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၈% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၅၀၄.၃၅)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် အောက်တိုဘာလ(၁၀)ရက် နောက်ပိုင်းရက်သတ္တပတ်(၂)ပတ်အတွင်းအမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်းwww.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိကြောင်းသိရှိရပါသည်။