၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၁) ထရီလီယံနီးပါးခန့်ရှိသည့်အတွက် (၇)နှစ်တာကာလအတွင်း အဆိုးဝါးဆုံးဖြစ်နေ

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် (၂၀၁၈ခုနှစ် အောက်တိုဘာ မှ ၂၀၁၉ခုနှစ်စက်တင်ဘာလကုန်အထိ) ကာလအတွင်း အမေရိကန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၁) ထရီလီယံနီးပါး ခန့်ရှိသည့်အတွက် (၇)နှစ်တာကာလအတွင်း အဆိုးဝါးဆုံးဖြစ်ကြောင်းသိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက် (သောကြာနေ့) တွင် ထုတ်ပြန်ချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း  အမေရိကန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၉၈၄) ဘီလီယံခန့်ရှိသောကြောင့် အဆိုပါပမာဏသည် အမေရိကန်ပြည်ထောင်စုတစ်နှစ်တာ GDP စုစုပေါင်းပမာဏ၏ ၄.၆%နှင့်ညီမျှကြောင်း၊ အမေရိကန် ပြည်ထောင်စုသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၇၇၉ ဘီလီယံ (GDP  ၃.၈ % ခန့်) ဘတ်ဂျက်လိုငွေပြခဲ့ရာ  သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင် (၂)နှစ်ဆက်တိုက် ဘတ်ဂျက်လိုငွေပြခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၌ ဘတ်ဂျက်လိုငွေပြမှု အများဆုံးဖြစ်ပေါ်ခဲ့သည်မှာ သမ္မတအိုဘာမားစတင်တာဝန်ယူသည့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံအထိ ဘတ်ဂျက်လိုငွေပြခဲ့ကြောင်း၊ ထိုသို့ လိုငွေပြခဲ့ခြင်းမှာ ၂၀၀၈ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့ငွေကြေး အကြပ်အတည်းပြဿနာကို အကြောင်းပြု၍ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကျဆင်းခဲ့သည့်အတွက် အမေရိကန်ဒေါ်လာငွေကြေးအများအပြားသုံးစွဲရသော  စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများ လုပ်ဆောင်ရခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိသမ္မတဒေါ်နယ်ထရန့်လက်ထက်တွင် ဘတ်ဂျက်လိုငွေပြမှုများ ဖြစ်ပေါ်လာရခြင်းမှာ သမ္မတအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား အမြတ်ခွန်လျှော့ချကောက်ခံမှုနှင့်စစ်အသုံးစရိတ်များ တိုးမြှင့်သုံးစွဲမှုတို့ကြောင့် ဖြစ်ကြောင်း၊ သို့သော်အမေရိကန်သမ္မတသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ အမြတ်ခွန်ကို ၅% ပြန်လည်ကောက်ခံပြီး တရုတ်ကုန်စည်များအပေါ်၌လည်း သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည်ဖြစ်သည့်အတွက် လာမည့်နှစ်တွင်ဘတ်ဂျက် လိုငွေပြမှုမှာလျော့နည်းသွားဖွယ်ရှိကြောင်းwww.channelnewsasia.com အင်တာနက် website ဖော်ပြပါရှိကြောင်း သိရှိရပါသည်။