အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှုဂယက်ကြောင့် တရုတ်နွယ်ဖွားများ၏ Bitcoin ဝယ်ယူစုဆောင်းမှုများပြားလာသဖြင့် Bitcoin တန်ဖိုးမှာ ယခုမေလအတွင်း ၆၆% မြင့်တက်ပြီး တစ်နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အမေရိကန်တရုတ်ကုန်သွယ်ရေးတင်းမာမှုဂယက်ကြောင့် တရုတ်နွယ်ဖွားများ၏ Bitcoin ဝယ်ယူစု ဆောင်းမှုများပြားလာသဖြင့် Bitcoin တန်ဖိုးမှာ ယခုမေလအတွင်း ၆၆%  မြင့်တက်ပြီး တစ်နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှုဂယက်ကြောင့် ယွမ်ငွေတန်ဖိုးမှာဆက်တိုက် ကျဆင်း လျက်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၆.၈၉)ယွမ်လဲလှယ်မှုနှုန်းအထိ ရောက်ရှိခဲ့ရာ တရုတ် ပြည်တွင်းနှင့် ပြည်ပတို့၌ တရုတ်နွယ်ဖွားများသည်ယွမ်ငွေအစား ဒီဂျစ်တယ်ငွေကြေး ဈေးကွက် အတွင်းသို့ ပြောင်းလဲရင်းနှီးမြှုပ်နှံသူများ များပြားလာခဲ့ကြောင်း၊ တရုတ်ပြည်သူ အများစုသည် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလာပါက ကမ္ဘာ့စီးပွားရေးတစ်ခုလုံးထိခိုက်လာနိုင်သည့်အတွက် တရုတ် ယွမ်ငွေတန်ဖိုးသာမက အမေရိကန်ဒေါ်လာနှင့်အခြားနိုင်ငံတကာသုံးငွေကြေးများတန်ဖိုးပါ ကျဆင်း လိမ့်မည်ဟု ယူဆထားကြသောကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ်များမှ စတင်၍ Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများကို အများအပြားဝယ်ယူလျက်ရှိကြကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ(၂၇)ရက်(တနင်္လာနေ့)တွင် ဒီဂျစ်တယ်ငွေကြေးဈေးကွက်အတွင်း၌ Bitcoinတန်ဖိုးမှာ ၈% မြင့်တက်ပြီးတစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၈၆၇၈.၅၈)သို့ ရောက်ရှိ ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ၂၀၁၈ ခုနှစ်၊ မေလနောက်ပိုင်း တစ်နှစ်တာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှုဂယက်ကြောင့် Bitcoin တန်ဖိုးမှာ ယခုမေလ    တစ်လတာကာလအတွင်း၌ပင် ၆၆%မြင့်တက်ခဲ့ကြောင်း www.dapplife.com  အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

 

ထိုင်းလွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်ဟောင်းချွန်လိပိုင်အား အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သောကြောင့် တပ်မတော်အစိုးရလိုလားသောပါတီအနေဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မည့်အနေအထားရှိမှု

ထိုင်းလွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်ဟောင်းချွန်လိပိုင်အား အောက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့သောကြောင့် တပ်မတော်အစိုးရလိုလားသောပါတီအနေဖြင့် ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်မည့်အနေအထားရှိမှု

ထိုင်းနိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ မေလ(၂၅)ရက်တွင် ကျင်းပခဲ့သည့် အောက်လွှတ်တော်အစည်းအဝေးတွင် ဒီမိုကရက်ပါတီမှလွှတ်တော်အမတ်ဝန်ကြီးချုပ်ဟောင်း ချွန်လိပိုင်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း၊  အောက်လွှတ်တော်အစည်းအဝေးကိုနံနက်(၁၀:၃၀)အချိန်မှစတင်ခဲ့သော်လည်း တပ်မတော်အစိုးရလိုလားသော PPRP ပါတီနှင့် သက်ဆင်လိုလားသော ပွေထိုင်းပါတီတို့အကြား အားပြိုင်မှုများကြောင့် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသည့် အစီအစဉ်မှာဝေဖန်မှုများ၊ အပြန်အလှန်ကန့်ကွက်မှုများဖြင့် နှောင့်နှေးခဲ့ကြောင်း၊ PPRP ပါတီသည်မူလက ၎င်းတို့ပါတီမှ အမတ်(၁)ဦးကိုအောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အမည်စာရင်းတင်သွင်းရန် စီစဉ်ခဲ့သော်လည်း လွှတ်တော်အတွင်းဆွေးနွေးတိုင်ပင်မှုများပြုလုပ်  ခဲ့ပြီးနောက် ကြားနေနိုင်ငံရေးပါတီကြီးများ၏ထောက်ခံမှုကိုရရှိစေရန်အတွက် ဒီမိုကရက်ပါတီမှလွှတ်တော်အမတ် ဝန်ကြီးချုပ်ဟောင်း ချွန်လိပိုင်၏ အမည်စာရင်းကိုနေ့လည် ၁၃:၀၀ အချိန်ခန့်တွင်မှ အဆိုပြုတင်သွင်းခဲ့ကြောင်း၊  အောက်လွှတ်တော် ဥက္ကဋ္ဌနေရာအတွက်   ပွေထိုင်းပါတီမှ လွှတ်တော်အမတ်အမွန်ဝီဝပ် နှင့် ဒီမိုကရက်ပါတီမှ လွှတ်တော်အမတ် ချွန်လိပိုင်တို့ကိုယှဉ်ပြိုင်ရွေးချယ်စေခဲ့ရာ ချွန်လိပိုင်က  ထောက်ခံမဲ(၂၅၈)မဲရရှိပြီး အမွန်ဝီဝပ်က(၂၃၅)မဲသာရရှိခဲ့သည့်အတွက် ချွန်လိပိုင်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့      ရကြောင်း၊ အောက်လွှတ်တော်ဥက္ကဋ္ဌသည် ထိုင်းနိုင်ငံ၌ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ကို ပေါင်းစည်းထားသောပါလီမန်၏ဥက္ကဋ္ဌတာဝန်ကိုပါ ထမ်းဆောင်ရမည် ဖြစ်ကြောင်းသိရှိရပါသည်။

အသက်(၈၀)အရွယ်ရှိ ချွန်လိပိုင်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၉၂ ခုနှစ် မှ ၁၉၉၅ ခုနှစ် အထိတစ်ကြိမ်၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိတစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း၏နိုင်ငံရေးသမားဘဝတွင် တရားရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ဝန်ကြီးဌာနပေါင်းများစွာတို့၌ ဝန်ကြီးအဖြစ် တာဝန်        ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရက်ပါတီ၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်လျက် ရှိရာတပ်မတော်အစိုးရလိုလားသော PPRP ပါတီသည် ချွန်လိပိုင် အား အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အာဏာခွဲဝေပေးခြင်းဖြင့် အစဉ်အလာကြီးမားသောဒီမိုကရက်ပါတီ အပါအဝင်ကြားနေ နိုင်ငံရေးပါတီများ၏ ထောက်ခံမှုကိုရယူကာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားခဲ့ကြောင်းသိရှိရပါသည်။

အောက်လွှတ်တော်တွင်အမတ်နေရာ (၅၀၀)ရှိသည့်အနက် အမတ်နေရာ(၆)နေရာမှာ ရွေးကောက်ပွဲ ကော်မရှင်ကအတည်မပြု သေးသည့်အတွက် မဲပေးခွင့်မရရှိကြောင်း၊ ထို့ကြောင့် မဲပေးပိုင်ခွင့်ရှိသူ(၄၉၄)ဦး ရှိသည့်အနက် ချွန်လိပိုင်သည် (၂၅၈)မဲကိုရရှိခဲ့သော ကြောင့် ချွန်လိပိုင်အားထောက်ခံမဲပေးသူများတွင် သက်ဆင်လိုလားသော ပွေထိုင်းပါတီဦးဆောင်သည့် မဟာမိတ်ပါတီများအဖွဲ့ကလွဲ၍ တပ်မတော်အစိုးရ လိုလားသော PPRPပါတီနှင့် အခြားနိုင်ငံရေးပါတီကိုယ်စားပြုအမတ်များအားလုံးမှာ ချွန်လိပိုင် ကိုမဲပေးခဲ့ကြကြောင်း www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အမေရိကန်ဗဟိုဘဏ်အစည်းအဝေးမှတ်တမ်းနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏သတိပေးချက်တို့ ထွက်ပေါ်ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာပြန်လည်မြင့်တက်လာခဲ့မှု

အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်းနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ သတိပေးချက်တို့ ထွက်ပေါ်ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာပြန်လည်မြင့်တက်လာခဲ့မှု

အမေရိကန်ဗဟိုဘဏ်၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ နှင့် မေလ(၁)ရက်နေ့တို့တွင်ကျင်းပခဲ့သည့် အစည်းအဝေးမှတ်တမ်းကိုယခုရက်ပိုင်းအတွင်း   အများပြည်သူသိရှိစေရန်   ထုတ်ပြန်ကြေညာပေးခဲ့ရာ   အဆိုပါမှတ်တမ်း၌   ဗဟိုဘဏ်ကော်မတီဝင်များသည်         အမေရိကန် – တရုတ် ကုန်သွယ်ရေးတင်းမာမှုဂယက်နှင့် ဗြိတိန်-ဥရောပသမဂ္ဂခွဲရေး/တွဲရေးပြဿနာသေချာမှုမရှိသေးသည့် အခြေအနေများကိုအကြောင်းပြု၍ ကမ္ဘာ့စီးပွားရေးမငြိမ်မသက်ဖြစ်ပေါ်လာနိုင်သည်ဟုခန့်မှန်းထားကြပြီးဘဏ်တိုးနှုန်းတိုးမြှင့်ရေးကိစ္စကိုဆက်လက်ဆိုင်းငံ့ထားရန် ဆွေးနွေးခဲ့ကြသည့် အချက်များပါရှိကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်၏ အစည်းအဝေးမှတ်တမ်းထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းပြီးကမ္ဘာ့ရွှေဈေးနှုန်းမှာပြန်လည်မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

ထို့ပြင်  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  (IMF) က  ၂၀၁၉ ခုနှစ်၊  မေလ(၂၃)ရက်တွင်  ထုတ်ပြန်သည့်သတိပေးချက်၌                     အမေရိကန်-တရုတ်  ကုန်သွယ်ရေးစစ်ပွဲအရှိန်အဟုန်မြင့်လာမည်ဆိုပါက  ကမ္ဘာ့စီးပွားရေးတိုးတက်မှုကိုထိခိုက်စေနိုင်ပြီး အမေရိကန်သမ္မတ၏ သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံသည့်အစီအစဉ်သည် အမေရိကန်ကုမ္ပဏီကြီးများကိုပါ အကြီးအကျယ်ထိခိုက်စေလိမ့်မည်ဟုဖော်ပြထားခြင်းသည်လည်းအမေရိကန်ဒေါ်လာတန်ဖိုးကိုကျဆင်းစေကာ ရွှေဝယ်ယူစုဆောင်းမှုကိုပိုမိုများပြားလာစေခဲ့ကြောင်းသိရှိရပါသည်။

          အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်းနှင့် IMF ၏သတိပေးချက်များထွက်ပေါ်ပြီးနောက်ရက်ပိုင်းအတွင်းအမေရိကန်ဒေါ်လာတန်ဖိုးမှာ  ၀.၂၇%  ကျဆင်းပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၅% မြင့်တက်ကာမေလ(၂၅)ရက်၌ တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ  (၁၂၈၃.၆၀)ဖြင့် ဈေးပိတ်သွားခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်ပမှဆန်တင်သွင်းမှုများကိုထိန်းချုပ်နိုင်ရန်အတွက် ဆန်သွင်းကုန်ခွန်ကို ၅၅% အထိ တိုးမြှင့်ကောက်ခံခဲ့မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်ပမှဆန်တင်သွင်းမှုများကိုထိန်းချုပ်နိုင်ရန်အတွက်ဆန်သွင်းကုန်ခွန်ကို  ၅၅% အထိ တိုးမြှင့်ကောက်ခံခဲ့မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပုဂ္ဂလိကဆန်ကုန်သည်ကြီးများသည် လက်ရှိ(၁၀)လတာကာလအတွင်း၌ ပြည်ပမှ ဆန်တန်ချိန်(၃)သိန်းကျော်ခန့်တင်သွင်းခဲ့ပြီးပြည်တွင်း‌ဈေးကွက်သို့ ဖြန့်ဖြူးခဲ့ကြောင်း၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်အတွင်းဆန်အထွက်နှုန်းကောင်းပြီးပြည်တွင်းဈေးကွက်၌ ဆန်တန်ချိန် (၂.၅)သန်းခန့်ပိုလျှံမှုများဖြစ်ပေါ်နေချိန်တွင် ပြည်ပမှတင်သွင်းလာသည့် ဆန်များကြောင့် ဆန်ဈေးနှုန်းမှာ  (၃)နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်လယ်သမားများမှာဆုံးရှုံးမှုများကိုကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ပြည်ပမှဆန်တင်သွင်းမှုများအပေါ်၌ သွင်းကုန်ခွန်ကို ၂၈% ကောက်ခံလျက်ရှိရာမှ ပြည်တွင်းရှိလယ်သမားများ၏ အကျိုးစီးပွားကိုကာကွယ်နိုင်ရန်အတွက် ဆန်သွင်းခွန်အား ၅၅% အထိကောက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ မေလ(၂၂)ရက်မှ စတင်ကောက်ခံခဲ့သည့် ဆန်တင်သွင်းမှုများအပေါ်၌ ပြဌာန်းထားသည့် အခွန်စည်းကြပ်မှုအသေးစိတ်မှာအကောက်ခွန် ၂၅%၊ ပုံမှန်စည်းကြပ်ခွန် ၂၅% နှင့် ကြိုတင်ဝင်ငွေခွန် ၅% အပါအဝင် စုစုပေါင်း ၅၅% ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ယခင်ကဆန်တင်သွင်းမှုများအပေါ်၌ အကောက်ခွန် ၂၅% နှင့်  ပုံမှန်စည်းကြပ်ခွန် ၃% အပါအဝင် စုစုပေါင်း ၂၈% သာကောက်ခံခဲ့ကြောင်းသိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရကယခုကဲ့သို့ ဆန်သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခင်ကကဲ့သို့ ဆန်တင်ပို့ရန် ဖြစ်နိုင်တော့မည်မဟုတ်ဟုအိန္ဒိယဆန်ကုန်သည်များကသုံးသပ်ထားကြကြောင်းwww.bdnews24.com အင်တာနက် websiteတွင်ဖော်ပြပါရှိပါသည်။

စားအုန်းဆီအား ဇီဝလောင်စာဆီအဖြစ်အသုံးပြုရာတွင်လိုက်နာရမည့် ပြဌာန်းချက်များအား ဥရောပသမဂ္ဂကထုတ်ပြန်ခဲ့ပြီးနောက်တွင် စားအုန်းဆီဈေးနှုန်းမှာကျဆင်းသွားခဲ့မှု

စားအုန်းဆီအားဇီဝလောင်စာဆီအဖြစ်အသုံးပြုရာတွင် လိုက်နာရမည့် ပြဌာန်းချက်များအားဥရောပသမဂ္ဂကထုတ်ပြန်ခဲ့ပြီးနောက်တွင် စားအုန်းဆီစေျးနှုန်းမှာကျဆင်းသွားခဲ့မှု

ဥရောပသမဂ္ဂသည် ယခုရက်ပိုင်းအတွင်း၌ ဇီဝလောင်စာဆီအသုံးပြုမှုများနှင့်ပက်သက်သည့် စည်းမျဉ်းအသစ်များကိုထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါစည်းမျဉ်းများတွင်ဥရောပသမဂ္ဂ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာရည်မှန်းချက်များကိုထိခိုက်စေနိုင်သည့် စားအုန်းဆီအား ဇီဝလောင်စာဆီအဖြစ်အသုံးပြုခြင်းကိုကန့်သတ်ခဲ့ပြီးသစ်တောပြုန်းတီးမှုအပါအဝင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေသည့်နည်းလမ်းများဖြင့် ထုတ်လုပ်ထားကြောင်းအထောက်အထားခိုင်လုံစွာပြသနိုင်သည့် စားအုန်းဆီများကိုသာ ဥရောပနိုင်ငံများ၌ အသုံးပြုခွင့်ပေးရန် ပြဌာန်းချက်များပါဝင်ကြောင်း၊ အဆိုပါစည်းမျည်းအသစ်များသည် ၂၀၁၉ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့မှစတင်၍ ဥရောပနိုင်ငံများ၌ စတင်အသက်ဝင်တော့မည်ဖြစ်သောကြောင့် ဥရောပနိုင်ငံများ၏စားအုန်းဆီဝယ်လိုအားမှာသိသိသာသာလျော့နည်းသွားနိုင်သည့်အတွက် မလေးရှားစေျးကွက်တွင် စားအုန်းဆီစေျးနှုန်းများကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

ထို့ပြင် အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမားမှုပြဿနာကြောင့် အမေရိကန်ပြည်ထောင်စုမှထွက်ရှိသောပဲပိစပ်များအားတရုတ်နိုင်ငံကဝယ်ယူမှုရပ်ဆိုင်းဖွယ်ရှိသည့်အတွက် ကမ္ဘာ့စေျးကွက်အတွင်းပဲပိစပ်ဆီစေျးနှုန်းများကျဆင်းနေခြင်းသည်လည်းစားအုန်းဆီစေျးနှုန်းကိုလိုက်ပါကျဆင်းစေသည့်အချက်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ(၂၄)ရက်(သောကြာ)နေ့တွင်  မလေးရှားစေျးကွက်၌  စားအုန်းဆီစေျးနှုန်းမှ ာ၁.၉ %  ကျဆင်းပြီးတစ်တန်လျှင်     ၂၀၁၇ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၄၈၁ ဝန်းကျင်)သို့ရောက်ရှိခဲ့ကြောင်း၊စားအုန်းဆီစေျးနှုန်းသည် တစ်တန်လျှင် ၁၉၄၀ ရင်းဂစ်ငွေ      (အမေရိကန်ဒေါ်လာ ၄၆၂ ဝန်းကျင်)သို့ ကျဆင်းသွားနိုင်ကြောင်းwww.thestar.com.myအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

၂၀၁၉ ခုနှစ်၊ မေလ(၂၄)ရက်(သောကြာ)နေ့တွင် မလေးရှားစေျးကွက်၌ စားအုန်းဆီစေျးနှုန်းမှာ၁.၉ % ကျဆင်းပြီးတစ်တန်လျှင် ၂၀၁၇ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၄၈၁ ဝန်းကျင်)သို့ရောက်ရှိခဲ့ကြောင်း၊စားအုန်းဆီစေျးနှုန်းသည် တစ်တန်လျှင် ၁၉၄၀ ရင်းဂစ်ငွေ       (အမေရိကန်ဒေါ်လာ ၄၆၂ ဝန်းကျင်)သို့ ကျဆင်းသွားနိုင်ကြောင်းwww.thestar.com.myအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

 

အိန္ဒိယနိုင်ငံရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ်မိုဒီ၏ BJP ပါတီ အနိုင်ရရှိခဲ့သောကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ ရက်သတ္တပတ် (၂) ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

အိန္ဒိယနိုင်ငံရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ်မိုဒီ၏ BJP ပါတီ အနိုင်ရရှိခဲ့သောကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ ရက်သတ္တပတ် (ပတ်အတွင်း  အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့မှ စတင်၍ မေလ (၁၉) ရက်နေ့အထိ ကျင်းပခဲ့သော ကမ္ဘာပေါ်၌ ရွေးကောက်ပွဲကာလ အရှည်ကြာဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံ ပါတီစုံအထွေထွေရွေးကောက်ပွဲ၏ အနိုင်အရှုံးရလဒ်များကို မေလ (၂၃) ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း၊ မေလ (၂၃) ရက် (ကြာသပတေးနေ့) နေ့လည်ပိုင်းအထိ ကြေညာချက်များအရ လွှတ်တော်၏ စုစုပေါင်းအမတ်နေရာ (၅၄၂) နေရာတွင် ဝန်ကြီးချုပ် မိုဒီ၏ BJP ပါတီက (၂၇၉) နေရာအထိ အနိုင်ရရှိထားပြီးဖြစ်ရာ အဆိုပါအရေအတွက်သည် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်သော အမတ်နေရာအနိမ့်ဆုံးဖြစ်သည့် (၂၇၂) နေရာထက်ကျော်လွန်နေသောကြောင့် မိုဒီသည် ဝန်ကြီးချုပ်အဖြစ် ဒုတိယမြောက်သက်တမ်းကို တာဝန်ထမ်းဆောင်နိုင်တော့မည်ဖြစ်ကြောင်း၊ လက်ရှိ မဲရေတွက်မှုများအရ မိုဒီ၏ BJPပါတီသည် နေရူးမျိုးဆက်များဦးဆောင်နေသော အစဉ်အလာကြီးမားသည့် ကွန်ဂရက်ပါတီထက် အမတ်နေရာ (၅၂) နေရာ ပိုမိုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ်မိုဒီ ဆက်လက်အနိုင်ရရှိခဲ့ခြင်းကြောင့် အစိုးရမှ လုပ်ဆောင်နေသော လက်ရှိစီးပွားရေးမူဝါဒများ အပြောင်းအလဲမရှိဘဲ စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏စီးပွားရေးတည်ငြိမ်မှုနှင့်အတူ ပြည်ပမှ ငွေကြေးအရင်းအနှီးအများအပြား ထပ်မံဝင်ရောက်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်နေသည့်အတွက် အိန္ဒိယရူပီးငွေတန်ဖိုးမှာ ရက်သတ္တပတ် (၂) ပတ်တာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ထွက်ပေါ်ပြီးနောက် ၂၀၁၉ ခုနှစ်၊ မေလ (၂၃) ရက် (ကြာသပတေးနေ့) နေ့လည်ပိုင်းတွင် ရူပီးငွေတန်ဖိုးမှာ ၀.၂၉% မြင့်တက်ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာ လျှင် (၆၉.၃၀) ရူပီးလဲလှယ်မှုနှုန်းသို့ရောက်ရှိခဲ့ကြောင်း၊ ရူပီးငွေတန်ဖိုးမြင့်တက်ခဲ့သည့်နည်းတူ အိန္ဒိယစတော့ရှယ်ယာ တန်ဖိုးများမှာလည်း ၁.၂၅% ခန့်မြင့်တက်ခဲ့သည်ဟု www.fxstreet.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အင်ဒိုနီးရှားနိုင်ငံ၌ သမ္မတရွေးကောက်ပွဲရလဒ်အားထုတ်ပြန်ပြီးနောက် ဆူပူအုံကြွမှုများဖြစ်ပေါ်လာပြီးအင်ဒိုနီးရှားရူပီးယားငွေတန်ဖိုးကျဆင်းခဲ့မှု

အင်ဒိုနီးရှားနိုင်ငံ၌ သမ္မတရွေးကောက်ပွဲရလဒ်အား ထုတ်ပြန်ပြီးနောက် ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာပြီး အင်ဒိုနီးရှား ရူပီးယားငွေတန်ဖိုးကျဆင်းခဲ့မှု

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်ခဲ့ရာ ဂျာကာတာမြို့ရှိ ရွေးကောက်ပွဲကြီးကြပ်ရေးအေဂျင်စီအဆောက်အဦရှေ့တွင် ဆူပူအုံကြွမှုများဖြစ်ပေါ်လာပြီး အင်ဒိုနီးရှားရူပီးယားငွေ တန်ဖိုးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

          အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၁၉ခုနှစ်၊ဧပြီလ (၁၇) ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်ကယခုမေလ (၂၁) ရက် (အင်္ဂါနေ့) တွင် ထုတ်ပြန်ခဲ့ရာ သမ္မတဂျိုကိုဝီဒိုဒိုသည် ထောက်ခံမဲ ၅၅.၅%  ဖြင့် ၎င်း၏ပြိုင်ဘက်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းပရာဘိုဝိုဆူဗျန်တိုအား အနိုင်ရရှိခဲ့ကြောင်း၊ ဂျိုကိုဝီဒိုဒိုသည် ၂၀၁၄ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပြီး ယခုအခါ သမ္မတဒုတိယသက်တမ်းအတွက် ဆက်လက်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲရလဒ်ကို မေလ (၂၁) ရက် (အင်္ဂါနေ့) နံနက်အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပြီး နောက်ယင်းနေ့မွန်းလွဲပိုင်းတွင်ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်းပရာဘိုဝိုဆူဗျန်တိုအား ထောက်ခံသူ ထောင်ပေါင်းများစွာသည် ဂျာကာတာမြို့ရှိရွေးကောက်ပွဲကြီးကြပ်ရေးအေဂျင်စီ အဆောက်အဦရှေ့သို့ စုရုံးရောက်ရှိလာကာရွေးကောက်ပွဲ၌ မသမာမှုများရှိနေသောကြောင့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြကြောင်း၊ အဆိုပါ လူစုလူဝေးကြီးသည် မေလ (၂၁) ရက် (အင်္ဂါနေ့) ညပိုင်းတွင် ရွေးကောက်ပွဲကြီးကြပ်ရေးအေဂျင်စီအဆောက်အဦ၏ ရှေ့ဘက်ဝင်ပေါက်တံခါးမကြီးကို ချိုးဖျက်ကာအတွင်းသို့ ဝင်ရောက်ရန်အတင်းအဓမ္မကြိုးပမ်းခဲ့ရာမှ အင်ဒိုနီးရှားရဲတပ်ဖွဲ့နှင့် လူစုလူဝေးတို့အကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး အင်ဒိုနီးရှားရဲတပ်ဖွဲ့ကမျက်ရည်ယိုဗုံးများပစ်ခတ်၍ လူစုခွဲခဲ့ရကြောင်း၊ ပဋိပက္ခများအတွင်းလူ (၆) ဦးသေဆုံးခဲ့ပြီး လူပေါင်း (၂၀၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားအာဏာပိုင်များသည် လက်ရှိအချိန်၌ ဂျာကာတာမြို့ပေါ်တွင် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်သား (၄၀၀၀၀) ခန့်ကိုလုံခြုံရေးအတွက် နေရာချထားကြောင်း၊၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက် (ဗုဒ္ဓဟူးနေ့) ညနေပိုင်းအထိ ဂျာကာတာမြို့ပေါ်ရှိ အချို့နေရာများ၌ ဆန္ဒပြပွဲများ ကြိုကြားကြိုကြားဖြစ်ပေါ်နေပြီး ဆန္ဒပြသူများ၏ မီးရှို့ဖျက်ဆီးမှုများ၊ လုံခြုံရေးတပ်ဖွဲ့များ၏ သေနတ်ပစ်ခတ်မှုများကို မြင်တွေ့နေရကြောင်း၊ ဂျာကာတာမြို့လယ်ရှိရုံးများ၊ စီးပွားရေးလုပ်ငန်းများနှင့်သံရုံးများ အားလုံးပိတ်ထားရပြီး လမ်းဆုံလမ်းခွများတွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများက ပိတ်ဆို့ထားကြောင်း၊ ပြည်တွင်းလုံခြုံရေးဝန်ကြီးဝီရန်တိုက အစိုးရသည် သတင်းမှားများပျံ့နှံ့မည်ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် လူမှုရေးကွန်ရက်မီဒီယာများအားလုံးကိုခေတ္တပိတ်ဆို့ထားသည်ဟုပြောကြားခဲ့ကြောင်း၊ဩစတြေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့်ဗြိတိန်နိုင်ငံတို့သည် အင်ဒိုနီးရှားနိုင်ငံတွင် ရောက်ရှိနေသော ၎င်းတို့၏နိုင်ငံသားများအား ဆန္ဒပြပွဲများကိုရှောင်ရှားကြရန်နှင့် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံရေးပဋိပက္ခကြောင့် ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် အင်ဒိုနီးရှားရူပီးယားငွေတန်ဖိုးသည်အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၀.၂၂% ကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၁၄,၅၁၂) ရူပီးယားလဲလှယ်မှုနှုန်းသို့ရောက်ရှိခဲ့ကြောင်း www.thestar.com.my အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စုသည် ဟွာဝေးကုမ္ပဏီပြီးနောက် လုံခြုံရေးစနစ်သုံးအထောက်အကူပြုပစ္စည်းများထုတ်လုပ်နေသည့် တရုတ်နိုင်ငံ၏နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Hikvisionကိုပါအမည်ပျက်စာရင်းထည့်သွင်းဖွယ်ရှိမှု

အမေရိကန်ပြည်ထောင်စုသည် ဟွာဝေးကုမ္ပဏီပြီးနောက် လုံခြုံရေးစနစ်သုံး အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်နေသည့် တရုတ်နိုင်ငံ၏နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Hikvision ကိုပါအမည်ပျက်စာရင်း ထည့်သွင်းဖွယ်ရှိမှု

အမေရိကန်ပြည်ထောင်စုသည် ဟွာဝေးကုမ္ပဏီအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် လုံခြုံရေးစနစ်သုံးအထောက်အကူပြုပစ္စည်းများထုတ်လုပ်နေသော တရုတ်ထိပ်တန်းနည်းပညာကုမ္ပဏီဖြစ်သည့် Hikvision Digital Technology  Co. ကိုပါ အမည်ပျက်စာရင်းကြေညာ၍ အရေးယူပိတ်ဆို့မှုများ ပြုလုပ်လိမ့်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

          Hikvisionသည် တရုတ်နိုင်ငံဟန်ကျိုးအခြေစိုက် ဒီဂျစ်တယ်နည်းပညာကုမ္ပဏီဖြစ်ပြီးHikvision ၏ အစုရှယ်ယာအများစုကိုတရုတ်အစိုးရကပိုင်ဆိုင်ထားကြောင်း၊ Hikvision သည် လုံခြုံရေးစနစ်သုံး  CCTV ကင်မရာများနှင့် အဆင့်မြင့်ကွန်ရက်စနစ်သုံးစောင့်ကြည်ခြင်းဆိုင်ရာ နည်းပညာများကို ကမ္ဘာတစ်ဝန်းသို့ရောင်းချနေသည့် ကုမ္ပဏီကြီးဖြစ်ပြီးလက်ရှိအချိန်၌ တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ (၃၂) ဘီလီယံခန့် ဝင်ငွေရရှိနေကြောင်း၊ Hikvision မှ ထုတ်လုပ်သည့် CCTV များနှင့် မောင်းသူမဲ့လေယာဉ်များမှာ နာမည်ကျော်ကြားပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိလုံခြုံရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းစဉ်များတွင် အများဆုံးအသုံးပြုလျက်ရှိကြောင်း၊ တရုတ်အစိုးရသည် အူဟာမျိုးနွယ်စုမွတ်စလင်များ၏ ပဋိပက္ခများဖြစ်ပွားနေသော ဇင်ကျန်ပြည်နယ်တွင် Hikvision မှဖန်တီးထားသည့်CCTV များနှင့် လုံခြုံရေးစောင့်ကြည့်မှုဆိုင်ရာအဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ဗလီများ၊ အစ္စလာမ်စာသင်ကျောင်းများ၌ မွတ်စလင်အစွန်းရောက်အဖွဲ့များ၏ လှုပ်ရှားမှုများပေါ်ပေါက်လာခြင်းရှိ/ မရှိကို စောင့်ကြည့်ထိန်းချုပ်ထားသောကြောင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုကိုကြုံတွေ့နေရကြောင်း၊ ယခုအခါ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်နည်းပညာများအား တရုတ်ကုမ္ပဏီဖြစ်သော Hikvision ထံသို့ ရောက်ရှိမသွားစေရန်ဟူသော အကြောင်းပြုချက်ဖြင့် တားမြစ်ပိတ်ပင်မှုများ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရှိရပါသည်။

          အမေရိကန်အစိုးရက Hikvision အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်လိမ့်မည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်(ဗုဒ္ဓဟူးနေ့) တွင် အာရှဈေးကွက်၌ Hikvision ၏ အစုရှယ်ယာများတန်ဖိုးမှာ ၁၀% အထိကျဆင်းခဲ့ကြောင်းwww.ft.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပိုစ့်သတင်းစာ၌ “ကမ္ဘာ့စီးပွားရေးကျဆင်းလာမှုကြောင့်ထိုင်းနိုင်ငံ၏ပို့ကုန်လုပ်ငန်းများ ကျဆင်းလာသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက် ကျဆင်းလာနိုင်ကြောင်း” ဖော်ပြခဲ့မှု

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပိုစ့်သတင်းစာ၌ “ကမ္ဘာ့စီးပွားရေးကျဆင်းလာမှုကြောင့် ထိုင်းနိုင်ငံ၏ပို့ကုန်လုပ်ငန်းများကျဆင်းလာသဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု မျှော်မှန်းချက် ကျဆင်းလာနိုင်ကြောင်း” ဖော်ပြခဲ့မှု

ထိုင်းနိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ မေလ (၂၀) ရက်ထုတ် ဘန်ကောက်ပိုစ့်သတင်းစာတွင် “ကမ္ဘာ့စီးပွားရေးကျဆင်းလာမှုကြောင့် ပို့ကုန်လုပ်ငန်းကျဆင်းလာပြီး ထိုင်းစီးပွားရေးတိုးတက်မှု ရာခိုင်နှုန်းမှာ (၃.၅) ရာခိုင်နှုန်းအောက်သို့ရောက်ရှိနိုင်ကြောင်း၊ ရွေးကောက်ပွဲကာလပြီးနောက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ နှောင့်နှေးခဲ့သဖြင့် ယခုသုံးလပတ်ကာလအတွင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး(GDP) ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း၊ ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးကောင်စီ (NESDC) မှစီးပွားရေးဆိုင်ရာ အချက်အလက်များအား မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပထမသုံးလပတ်အတွက် ထိုင်းနိုင်ငံ၏စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်းမှာ (၃.၇) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးခဲ့ကာ၂၀၁၈ ခုနှစ်တစ်နှစ်တာအတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ(၄.၁)ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ထိုင်းနိုင်ငံ၏ဒုတိယသုံးလပတ်ကာလအထိစီးပွားရေးတိုးတက်မှုရာခိုင်နှုန်း ဆက်လက်ကျဆင်းနိုင်ကြောင်းနှင့် အမေရိကန်နှင့်တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးစစ်ပွဲ အရှိန်ပိုမိုမြင့်တက်လာပြီးအဆိုပါ ဆိုးကျိုးကြောင့်စီးပွားရေး တိုးတက်မှုကျဆင်းခြင်းဖြစ်ကြောင်းဖြင့် ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲပြီးနောက် အစိုးရသစ်ဖွဲ့စည်းမှုအား စောင့်ကြည့်လေ့လာလျက်ရှိကာ ပုဂ္ဂလိကကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုသူများအနေဖြင့် နှောင့်နှေးလျက်ရှိကြောင်း” ဖြင့် ဖော်ပြပါရှိပါသည်။

တရုတ်နိုင်ငံမှ CNPC ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ စက်သုံးဆီလက်လီအရောင်းဆိုင်များ ဖွင့်လှစ်သွားရန် စီစဉ်

တရုတ်နိုင်ငံမှ CNPC ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ စက်သုံးဆီလက်လီအရောင်းဆိုင်များ ဖွင့်လှစ်သွားရန်စီစဉ်

တရုတ်နိုင်ငံပိုင် ရေနံလုပ်ငန်းကြီးဖြစ်‌သော China National Petroleum Corp (CNPC) သည် မြန်မာနိုင်ငံ၌ စက်သုံးဆီလက်လီအရောင်းဆိုင် များစွာဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်ဟု ကုမ္ပဏီတာဝန်ရှိသူများက ၂၀၁၉ခုနှစ်၊ မေလ (၂၀) ရက် (တနင်္လာနေ့) ၌ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံသည် စက်သုံးဆီအရောင်းဈေးကွက်အတွက် ဝယ်လိုအားကောင်းသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပြီး စက်သုံးဆီဝယ်လိုအားမှာ တစ်နှစ်လှှျင် ၁၀% ခန့် ပုံမှန်မြင့်တက်လျက်ရှိကြောင်း ၊မြန်မာနိုင်ငံ၌ မော်တော်ယာဉ်အသုံးပြုမှု တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာချိန်တွင် ပြည်တွင်း၌ ရေနံချက်စက်ရုံလိုအပ်ချက်များ ဖြစ်ပေါ်နေခြင်းနှင့် ပြည်ပမှစက်သုံးဆီအရောင်းလုပ်ငန်းများ ဝင်ရောက်မှုနည်းပါးနေခြင်းတို့ကြောင့် CNPC အတွက် စက်သုံးဆီလက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရန် အကောင်းဆုံးအခြေအနေဖြစ်သည်ဟု CNPC ကခန့်မှန်းထားကြောင်း၊ CNPC သည်နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များ၌ စက်သုံးဆီအရောင်းဆိုင် အများအပြားကိုပြိုင်တူစတင်ဖွင့်လှစ်သွားရန် စီစဉ်ထားပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံရှိ မြို့အများအပြား၌ စက်သုံးဆီအရောင်းဆိုင်ရာပေါင်းများစွာ ဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်း၊ သို့သော် CNPC ၏စီမံချက်တွင် ပါဝင်သော အချိန်ကာလသတ်မှတ်ချက်အတိအကျကိုမူ ကုမ္ပဏီတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း၊ CNPC သည်လက်ရှိအချိန်၌ စင်ကာပူကုမ္ပဏီဖြစ်သော SPC ၊ မြန်မာလုပ်ငန်းရှင်ပိုင်ရွှေတောင်ကုမ္ပဏီတို့နှင့် ပူးပေါင်း၍ SPC ဟူသောအမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို ၂၀၁၉ခုနှစ်၊ မတ်လ၌ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ စင်ကာပူကုမ္ပဏီ SPC သည် CNPC ၏လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး SPC သည် မြန်မာနိုင်ငံသို့တစ်နှစ်လျှင်ဓာတ်ဆီနှင့် ဒီဇယ်စုစုပေါင်းတန်ချိန် (၁) သန်းခန့်ပုံမှန် တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင်၂၀၀၇ခုနှစ်၌ အစိုးရကစက်သုံးဆီရောင်းချသည့် လုပ်ငန်းများအပေါ်၌ ထောက်ပံ့နေသည့်အစီအစဉ်များကို ရပ်ဆိုင်းပြီးပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးခဲ့ရာ စက်သုံးဆီ အရောင်းဆိုင်အရေအတွက်သည် (၁၂) နှစ်တာကာလအတွင်း (၁၀) ဆခန့်မြင့်တက်လာခဲ့ပြီး လက်ရှိအချိန်၌ မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီအရောင်းဆိုင်အရေအတွက် (၂၀၀၀) ကျော်ခန့်ရှိနေသည်ဟု  CNPC တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အရှေ့တောင်အာရှဒေသအတွင်း၌ စီးပွားရေးအကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Virens and Partners ကုမ္ပဏီ၏ မြန်မာနိုင်ငံဌာနခွဲ ဒါရိုက်တာဂျဲရယ်မီမူလင်ကပြောကြားရာ၌ မြန်မာနိုင်ငံတွင် စက်သုံးဆီလက်လီအရောင်းဆိုင်များ ဖွင့်လှစ်လိုသောနိုင်ငံခြားသားလုပ်ငန်းရှင်များအတွက် အဓိကရင်ဆိုင်ရမည့်ပြဿနာများမှာ ဆိုင်ဖွင့်လှစ်မည့်မြေနေရာပိုင်ဆိုင်မှု အခက်အခဲနှင့်စက်သုံးဆီများကိုဖြန့်ဖြူးရာ၌ လုံခြုံမှုရှိသည့် ဖြန့်ဖြူးမှုစနစ်တည်ထောင်နိုင်ရေးဆိုင်ရာ အခက်အခဲများပင်ဖြစ်ကြောင်း၊ သို့သော်အဆိုပါအခက်အခဲများကိုကျော်လွှားနိုင်ပါက မြန်မာနိုင်ငံသည် စက်သုံးဆီလက်လီအရောင်းဆိုင်များ ဖွင့်လှစ်လိုသူများအတွက် အလားအလာကောင်းသောဈေးကွက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံမှ Hin Leong Trading သည် မြန်မာနိုင်ငံအတွင်းသို့ ကာလရှည်ကြာစွာကတည်းက စက်သုံးဆီများ တင်သွင်းခဲ့သည့် အဓိက ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီသည် ယခုအခါမြန်မာနိုင်ငံအတွင်း၌ စက်သုံးဆီ လက်လီအရောင်းဆိုင်ဖွင့်လှစ်နိုင်ရန်အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် မြန်မာကုမ္ပဏီတစ်ခုအား ရှာဖွေလျက်ရှိသည်ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း၊ အလားတူ နယ်သာလန်ကုမ္ပဏီကြီးဖြစ်သော Royal Dutch Shell နှင့်စင်ကာပူကုမ္ပဏီကြီးဖြစ်သော Puma Energy တို့သည်လည်း မြန်မာနိုင်ငံအတွင်း၌ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရန်စီစဉ်နေကြောင်း၊ Royal Dutch Shell သည် မြန်မာကုမ္ပဏီ Max Energy နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သုံးသပ်လျက်ရှိကြောင်း၊ Puma Energy သည် ၂၀၁၇ခုနှစ်၊ မေလကတည်းက စက်သုံးဆီ သိုလှောင်သည့်နေရာများကို တည်ဆောက်ပြီးဖြစ်ကြောင်း www.businesstimes.com  အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။