အမေရိကန်ပြည်ထောင်စုသည် ဟွာဝေးကုမ္ပဏီပြီးနောက် လုံခြုံရေးစနစ်သုံး အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်နေသည့် တရုတ်နိုင်ငံ၏နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Hikvision ကိုပါအမည်ပျက်စာရင်း ထည့်သွင်းဖွယ်ရှိမှု

အမေရိကန်ပြည်ထောင်စုသည် ဟွာဝေးကုမ္ပဏီအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် လုံခြုံရေးစနစ်သုံးအထောက်အကူပြုပစ္စည်းများထုတ်လုပ်နေသော တရုတ်ထိပ်တန်းနည်းပညာကုမ္ပဏီဖြစ်သည့် Hikvision Digital Technology  Co. ကိုပါ အမည်ပျက်စာရင်းကြေညာ၍ အရေးယူပိတ်ဆို့မှုများ ပြုလုပ်လိမ့်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

          Hikvisionသည် တရုတ်နိုင်ငံဟန်ကျိုးအခြေစိုက် ဒီဂျစ်တယ်နည်းပညာကုမ္ပဏီဖြစ်ပြီးHikvision ၏ အစုရှယ်ယာအများစုကိုတရုတ်အစိုးရကပိုင်ဆိုင်ထားကြောင်း၊ Hikvision သည် လုံခြုံရေးစနစ်သုံး  CCTV ကင်မရာများနှင့် အဆင့်မြင့်ကွန်ရက်စနစ်သုံးစောင့်ကြည်ခြင်းဆိုင်ရာ နည်းပညာများကို ကမ္ဘာတစ်ဝန်းသို့ရောင်းချနေသည့် ကုမ္ပဏီကြီးဖြစ်ပြီးလက်ရှိအချိန်၌ တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ (၃၂) ဘီလီယံခန့် ဝင်ငွေရရှိနေကြောင်း၊ Hikvision မှ ထုတ်လုပ်သည့် CCTV များနှင့် မောင်းသူမဲ့လေယာဉ်များမှာ နာမည်ကျော်ကြားပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိလုံခြုံရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းစဉ်များတွင် အများဆုံးအသုံးပြုလျက်ရှိကြောင်း၊ တရုတ်အစိုးရသည် အူဟာမျိုးနွယ်စုမွတ်စလင်များ၏ ပဋိပက္ခများဖြစ်ပွားနေသော ဇင်ကျန်ပြည်နယ်တွင် Hikvision မှဖန်တီးထားသည့်CCTV များနှင့် လုံခြုံရေးစောင့်ကြည့်မှုဆိုင်ရာအဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ဗလီများ၊ အစ္စလာမ်စာသင်ကျောင်းများ၌ မွတ်စလင်အစွန်းရောက်အဖွဲ့များ၏ လှုပ်ရှားမှုများပေါ်ပေါက်လာခြင်းရှိ/ မရှိကို စောင့်ကြည့်ထိန်းချုပ်ထားသောကြောင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုကိုကြုံတွေ့နေရကြောင်း၊ ယခုအခါ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်နည်းပညာများအား တရုတ်ကုမ္ပဏီဖြစ်သော Hikvision ထံသို့ ရောက်ရှိမသွားစေရန်ဟူသော အကြောင်းပြုချက်ဖြင့် တားမြစ်ပိတ်ပင်မှုများ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရှိရပါသည်။

          အမေရိကန်အစိုးရက Hikvision အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်လိမ့်မည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်(ဗုဒ္ဓဟူးနေ့) တွင် အာရှဈေးကွက်၌ Hikvision ၏ အစုရှယ်ယာများတန်ဖိုးမှာ ၁၀% အထိကျဆင်းခဲ့ကြောင်းwww.ft.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။