၂၀၂၀ ပြည့်နှစ်၌ ဒီဂျစ်တယ်ငွေကြေးဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၅) ဘီလီယံကျော်ရှိခဲ့

၂၀၂၀ ပြည့်နှစ်၌ ဒီဂျစ်တယ်ငွေကြေးဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၅) ဘီလီယံကျော်ရှိခဲ့

၂၀၂၀ ပြည့်နှစ်အတွင်း ဒီဂျစ်တယ်ငွေကြေးဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၆၀၀%) မြင့်တက်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ(၅.၆)ဘီလီယံခန့်ရှိသည်ဟု ဒီဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှုထိပ်တန်းလုပ်ငန်းဖြစ်သည့် CoinShares က ယခုရက်ပိုင်းအတွင်း ကြေညာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် အမေရိကန် ဒေါ်လာအစား Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများကိုပြောင်းလဲရင်းနှီးမှုများပြားလာခြင်းကြောင့် ဒီဂျစ်တယ်ငွေကြေးဈေးကွက်အတွင်းသို့ အရင်းအနှီးစီးဝင်မှုများပြားလာခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း Bitcoin ဈေးကွက်အတွင်းသို့ဝင်ရောက်သည့်ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ(၇၉၂.၁)သန်းရှိကာ ဒုတိယလူသုံးအများဆုံး Etherum ဈေးကွက်အတွင်းသို့ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၂၀၇.၃)သန်းခန့်ရှိကြောင်း၊ အရင်းအနှီးဝင်ရောက်မှုများပြား လာသည့်အတွက် ဒီဇင်ဘာလ(၂၀)ရက်၌ Bitcoin တစ်ယူနစ်၏တန်ဖိုးမှာအမေရိကန်ဒေါ်လာ (၂၄,၂၉၈)သို့လည်းကောင်း၊ Etherum ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆၁၀) သို့လည်းကောင်း စံချိန်တင်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Bitcoin သည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အရောင်းအဝယ်အများဆုံး ဒီဂျစ်တယ် ငွေကြေးဖြစ်ခဲ့ပြီး ဒီဇင်ဘာလ(၁၇)ရက်နေ့တစ်နေ့တည်း၌အရောင်းအဝယ် အပြန်အလှန်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ(၁၁)ဘီလီယံခန့်အထိရှိသည့်အတွက် Bitcoin သမိုင်းတစ်လျှောက် အရောင်းအဝယ် ပြုလုပ်မှုပမာဏအများဆုံးစံချိန်တင်နေ့ဖြစ်ခဲ့ကြောင်း၊ သို့သော် ဒီဇင်ဘာလ(၁၇)ရက် နောက်ပိုင်းရက်များ၌မူ တစ်နေ့တာအရောင်းအဝယ်ပမာဏမှာ အမေရိကန်ဒေါ်လာ(၄)ဘီလီယံခန့်သာ ရှိခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။