တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးလုပ်ငန်းစဉ်သည်
နှစ်နိုင်ငံအတွက် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေနိုင်မှု

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးလုပ်ငန်းစဉ်ကို စတင်ကျင့်သုံးမည်ဖြစ်ရာ နှစ် နိုင်ငံလုံးအတွက် အကျိုးကျေးဇူးများဖြစ်ထွန်းစေလိမ့်မည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် ဖြစ်သည့် Global Times သတင်းစာက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ကြောင်း၊

Global Times သတင်းစာကရေးသားဖော်ပြထားရာ၌ အဆိုပါလုပ်ငန်းစဉ်၏ ပထမအဆင့် ကို  တရုတ်နိုင်ငံသုံး ယွမ်ငွေ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁၄ သန်း)ဖြင့် စတင်မည်ဖြစ်ရာ နှစ် နိုင်ငံနယ်စပ် ကုန်သွယ်ရေး စုစုပေါင်းပမာဏ၏ ငါးပုံတစ်ပုံခန့်ရှိကြောင်း၊ မြန်မာနိုင်ငံသည် လက်ရှိ အချိန်၌ နိုင်ငံရေး မတည်ငြိမ်မှုနှင့်အတူ စီးပွားရေးကျဆင်းမှုများကိုပါ ကြုံတွေ့လျက်ရှိပြီး ပြည်တွင်း၌ အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးများ လိုအပ်ချက် အကျပ်အတည်းကို ရင်ဆိုင်နေရသည်ဖြစ်ရာ ယွမ်/ကျပ် တိုက်ရိုက် အသုံးပြု ပေးချေရေး လုပ်ငန်းစဉ်သည် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးတက်ရေးကိုသာမက မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ငွေကြေး အခက်အခဲများကိုပါ ပြေလည်စေနိုင်ကြောင်း၊ အလားတူ တရုတ်နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သော ယွမ်ငွေအား နိုင်ငံတကာ၌ အသုံးပြုမှုတွင်ကျယ်ရေး လုပ်ငန်းစဉ်ကိုလည်း အထောက်အကူ ဖြစ်စေကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးချုပ်ကိုင်မှုကို တုံ့ပြန်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ၌ ယွမ်ငွေကို တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး ထိုမှတစ်ဆင့် ကမ္ဘာ့နိုင်ငံ အများအပြား၌ အမေရိကန်ဒေါ်လာအစား ယွမ်ငွေကို တွင်ကျယ်စွာ အသုံးပြုရေးကို ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ တစ်ဖက်သတ် အရေးယူပိတ်ဆို့ မှုများကို ကြုံတွေ့နေရသော ကမ္ဘာ့နိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာ အစား ယွမ်ငွေကို အဓိက နိုင်ငံခြား ငွေကြေးအဖြစ် အသုံးပြုကြရန် တရုတ်နိုင်ငံက တွန်းအားပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စတင်ကျင့်သုံးမည့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုများတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးအစီအစဉ်၏ ကနဦးအဆင့်တွင် အသေးစားကုန်စည်များနှင့် နေ့စဉ်သုံး လူသုံးကုန်ပစ္စည်းများကုန်သွယ်မှု(Small Trade) အတွက်သာ အကျုံးဝင်မည် ဖြစ်သော်လည်း နောက်ပိုင်းတွင် နှစ်နိုင်ငံအကြား ကုန်စည်ကြီးများ၊ ရေထွက်ပစ္စည်းများနှင့် စက်ပစ္စည်းများ ပါဝင်သည့် ပင်လယ်ရေကြောင်း အကြီးစားကုန်သွယ်မှု (Big Trade) အထိ တိုးချဲ့သွားလိမ့်မည်ဟု ဖော်ပြခဲ့ကြောင်း၊

တရုတ်နိုင်ငံ ယန်မင်းတက္ကသိုလ်၏ငွေကြေးလေ့လာမှုဌာနမှ စီးပွားရေးပညာရှင်ကျိုးရောင် က ပြောကြားရာ၌ ယွမ်/ကျပ် တိုက်ရိုက် အသုံးပြု ပေးချေရေးအစီအစဉ်သည် ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင် ဆုံးရှုံးမှုနှင့် စီးပွားရေး ကျဆင်းမှုပြဿနာများကို ရင်ဆိုင်နေရသော မြန်မာပြည်သူ များအား အမြန်ဆုံး အကူအညီပေးနိုင်မည့်အစီအစဉ်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါ အစီအစဉ်ကို ကာလရှည် ဆက်လက် အကောင်အထည်ဖော်ဆောင်ပါက မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ အပေါ် အဓိကထားမှီခိုနေရမှုကို ဖြေရှင်းပေးနိုင်လိမ့်မည် ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့စီးပွားရေး၌ အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးနေမှုကို အလွဲသုံးစားပြုလုပ်ကာ ၎င်းနှင့် နိုင်ငံရေးအရ အဆင်မပြေသည့် အခြားနိုင်ငံများအပေါ်၌ အရေးယူပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ကိစ္စများတွင် ယွမ်ငွေကို တိုးမြှင့်အသုံးပြုမည်ဆိုပါက အမေရိကန်ဒေါ်လာကို အသုံးချ၍ အမေရိကန်ပြည်ထောင်စု၏ လွှမ်းမိုးချုပ်ကိုင်လိုမှု များကို ဖြေရှင်းနိုင်ဖွယ်ရှိသည် ဟု ပြောကြားခဲ့ကြောင်း www.globaltimes. com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။